အမ်မရီချန်ကို ခေါ်ယူလိုသည့်အသင်း (၅)သင်းရှိနေပြီး ဒေါ့မွန်သို့ ရောက်ရှိရန် အလားအလာအများဆုံးဖြစ်နေ

အမ်မရီချန်ကို ခေါ်ယူလိုသည့်အသင်း (၅)သင်းရှိနေပြီး ဒေါ့မွန်သို့ ရောက်ရှိရန် အလားအလာအများဆုံးဖြစ်နေ
Photos : Getty Images
Photos : Getty Images
Published 28 January 2020

 

ဂျူဗင်တပ်စ်အသင်းမှ ဂျာမနီကွင်းလယ်ကစားသမား အမ်မရီချန်ကို ခေါ်ယူလိုသည့်အသင်း (၅)သင်းအထိရှိနေပြီး ဒေါ့မွန်အသင်းသို့ ရောက်ရှိရန် အလားအလာအများဆုံးဖြစ်နေကြောင်း သိရသည်။

အမ်မရီချန်(၂၆ နှစ်)သည် ၂၀၁၈ နွေရာသီတွင် လီဗာပူးလ်အသင်းမှ ဂျူဗင်တပ်စ်သို့ ရောက်ရှိခဲ့သူဖြစ်ပြီး (၄)နှစ်စာချုပ် ချုပ်ဆိုထားသည်။

အမ်မရီချန်သည် ယခုရာသီတွင် ဂျူဗင်တပ်စ်အသင်း၌ ပွဲကစားခွင့်လျော့ကျလာသည့်အတွက် အသင်းပြောင်းရွှေ့ရန် ဆန္ဒရှိနေပြီး ၎င်းအားခေါ်ယူရန် မန်ယူ၊ စပါး၊ အာဆင်နယ်၊ ဘိုင်ယန်မြူးနစ်နှင့် ဒေါ့မွန်အသင်းတို့က စိတ်ဝင်စားခဲ့ကြသည်။

ဂျူဗင်တပ်စ်အသင်းသည် အမ်မရီချန်ကို ပေါင်(၂၅)သန်းဝန်းကျင်ဖြင့် ရောင်းထုတ်မည်ဖြစ်၍ စိတ်ဝင်စားသည့်အသင်းများပြားနေသော်လည်း ၎င်း၏ လစာ တစ်ပတ်ပေါင်(၂၆၀၀၀၀)ကို ပေးချေရန်မူ လက်တွန့်နေကြောင်း သိရသည်။

ယင်းအခြေအနေတွင် ဒေါ့မွန်အသင်းက တစ်ပတ်ပေါင်(၁၆၀၀၀၀) ဖြင့် (၅)နှစ်စာချုပ် ချုပ်ဆိုရန် ကမ်းလှမ်းမှုကို အမ်မရီချန်က လက်ခံလိုက်ကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။

သို့သော် ဒေါ့မွန်အသင်းသည် ပြောင်းရွှေ့ကြေးကိုမူ ပေါင်(၁၈)သန်းဝန်းကျင်သာ ပေးချေလိုသည့်အတွက် အသင်းနှစ်သင်းကြား ဆက်လက်ညှိနှိုင်းရန် ကျန်ရှိနေသေးကြောင်း သိရသည်။

အီတလီမီဒီယာများက အမ်မရီချန်သည် ဂျူဗင်တပ်စ်အသင်းမှ ထွက်ခွာရန် (၉၉%)သေချာနေပြီဟုလည်း  ဖော်ပြနေကြသည်။