မြန်မာနိုင်ငံ၏ ပျမ်းမျှ ငွေကြေးဖောင်း ပွမှုနှုန်းသည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဖိလစ်ပိုင်ထက် လျော့နည်းပြီး အခြားနိုင်ငံများထက် မြင့်မားနေကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ပြော ကြားသည်။
နေပြည်တော်၌ ဇန်နဝါရီ ၂၇ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အ စည်းအဝေးတွင် ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင် ဘာလအထိ ငွေကြေးမူဝါဒ အကောင်အ ထည်ဖော် ဆောင်ရွက်ချက် အစီရင်ခံစာနှင့် ငွေရေးကြေးရေး တည်ငြိမ်မှုအခြေအနေ အစီရင်ခံစာတို့နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ရာတွင် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
“မြန်မာနိုင်ငံရဲ့ငွေကြေးဖောင်းပွမှုအခြေအနေကို ၂၀၁၂ ခုနှစ်ရဲ့ စျေးနှုန်းကို အခြေခံပြီး ထားရှိတွက်ချက်လို့ ရှိရင် ၂၀၁၈ ခုနှစ် မတ်လကုန်မှာ နှစ်အလိုက်ငွေကြေး ဖောင်းပွမှုနှုန်း ၅ ဒသမ ၄၂ ရာခိုင်နှုန်း ပျှမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း ၄ ဒသမ ၀၃ ရာခိုင် နှုန်း၊ ၂၀၁၈ စက်တင်ဘာလမှာ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၅၉ ရာခိုင် နှုန်း ပျှမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၅ ဒသမ ၉၄ ရာခိုင်နှုန်းတို့ ဖြစ်ကြောင်း တွေ့ရှိရပါ တယ်။ ၂၀၁၇ ခုနှစ် စက်တင်ဘာလကုန်ရှိ ငွေကြေးဖောင်းပွမှုနှုန်းများမှာ နှစ်အလိုက် ၃ ဒသမ ၄ ရာခိုင်နှုန်း ပျှမ်းမျ ၄ ဒသမ ၆၆ ရာခိုင်နှုန်းရှိတဲ့အတွက် ၂၀၁၈ ခုနှစ်စက် တင်ဘာလကုန်တွင် ငွေကြေးဖောင်းပွမှုနှုန်းများ သိသာစွာ မြင့်တက်ခဲ့ပါတယ်။ အကြောင်း ကတော့ လောင်စာဆီစက်သုံးဆီစျေးနှုန်း များမြင့်တက်ခြင်း ရေစီးရေလျှံ သဘာဝဘေး အန္တရာယ်တွေကြောင့် ကုန်စည်စီးဆင်းမှု ခက်ခဲပြီး စျေးနှုန်းမြင့်တက်လာခြင်း နိုင်ငံခြားငွေ လဲလှယ်နှုန်းများ တဖြည်းဖြည်းမြင့် တက်လာပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်း ခဲ့ခြင်းတို့ကြောင့် ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းဟာ အခြားအိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ဖိလစ်ပိုင်ထက် လျော့နည်းပြီးတော့ အခြားနိုင်ငံများထက် မြင့်မားကြောင်း တွေ့ရှိရပါတယ်” ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ပြောကြားသည်။
၂၀၁၈ ခုနှစ် ခြောက်လတာ ကာလအတွင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ စီးပွားရေး တိုးတက်မှုနှုန်း ရည်မှန်းချက် ၇ ဒသမ ၂ ရာခိုင်နှုန်းကို ငွေကြေးဖောင်းပွမှုနှုန်း ၅ ဒသမ ၅ ရာခိုင်နှုန်းအတွင်း ရရှိနိုင်စေမည့် ရည်မှန်းချက်အရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ၂၀၁၈ ခုနှစ် စက်တင်ဘာလကုန်အထိ စုစုပေါင်း ငွေကြေးပမာဏ တိုးတက်မှုနှုန်းကို ၂၃ ရာခိုင်နှုန်း ဘောင်အတွင်းရှိစေရန် ရည်မှန်းချက်ချမှတ်ပြီး ဆောင်ရွက်ခဲ့ကြောင်း ၎င်းကပြောကြားသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ၂၀၁၈ ခုနှစ်ဧပြီမှ စက်တင်ဘာ ခြောက်လတာ ကာလအတွင်း ၆ ဒသမ ၅ ရာခိုုင်နှုန်းရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၏ စီးပွားရေး တိုးတက်မှုနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်းအောက် အနည်းငယ် လျော့နည်းခဲ့သော်လည်း ယခင်နှစ်အလားတူ ကာလနှင့် နှိုင်းယှဉ်မည်ဆိုပါက စီးပွားရေး တိုးတက်မှုနှုန်းသည် သိသာစွာ ပြောင်းလဲမှု မရှိကြောင်းကို တွေ့ရှိရပြီး ယေဘူယျအားဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် အာဆီယံနိုင်ငံအချို့ဖြစ်သော လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့နှင့် နှိုင်းယှဉ်ပါက ၂၀၁၆-၁၇ နှင့် ၂၀၁၇- ၁၈ ဘဏ္ဍာရေးနှစ်များတွင် အဆိုပါ နိုင်ငံများနှင့် များစွာကွာဟမှု မရှိကြောင်း တွေ့ရှိရကြောင်း ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ အခန်း (၆) ပုဒ်မ (၄၀)(က) အရ ငွေကြေးမူဝါဒကို ချမှတ်အကောင်အထည် ဖော်လျက်ရှိပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ငွေကြေးမူဝါဒ ရည်မှန်းချက်သည် ပြည်တွင်းစျေးနှုန်း တည်ငြိမ်မှုရရှိရန်နှင့် ထိန်းသိမ်းရန် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် စီးပွားရေးစနစ်တွင် သင့်လျော်သော ငွေကြေးပမာဏ ရှိနေစေရန်နှင့် စျေးနှုန်းများ တည်ငြိမ်မှုရှိသော စီးပွားရေး တိုးတက်မှုကို ရရှိစေရန် သီးသန့်ငွေကြေးပမာဏကို ဦးတည်သတ်မှတ်သော ငွေကြေးမူဝါဒ မူဘောင်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဦးစိုးမင်းက ပြောကြားသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့သည့် ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ငွေကြေးမူဝါဒ အကောင်အထည်ဖော် ဆောင်ရွက်ချက် အစီရင်ခံစာနှင့် ငွေရေးကြေးရေး တည်ငြိမ်မှု အခြေအနေ အစီရင်ခံစာအပေါ် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ဇန်နဝါရီ ၃၀ ရက် နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယကက ကြေညာခဲ့သည်။















