မန္တလေး ရတနာပုံစျေး နှစ်ကြိမ်တိုင်မီးလောင်မှုမှာ ဘယ်သူတွေ တာဝန်ရှိသလဲ

မန္တလေး ရတနာပုံစျေး နှစ်ကြိမ်တိုင်မီးလောင်မှုမှာ ဘယ်သူတွေ တာဝန်ရှိသလဲ
၂၀၀၈ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည့် ရတနာပုံဈေးဟောင်း မီးလောင်ကျွမ်းမှုကို တွေ့ရစဉ်
၂၀၀၈ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည့် ရတနာပုံဈေးဟောင်း မီးလောင်ကျွမ်းမှုကို တွေ့ရစဉ်
Published 26 January 2020
မင်းသန့်

အမေရိကန်မှာဆိုရင် New Youk Time Square ၊ ဂျပန်မှာဆိုရင် Ginza ၊ စင်ကာပူမှာဆို Orchid ၊ မြန်မာမှာဆို မန္တလေးမြို့ရဲ့ ရတနာပုံဒိုင်းမွန်း ပလာဇာလို့ ကြေညာပြီး မြန်မာပညာရှင်၊ စင်ကာပူ၊ ထိုင်းနဲ့ နိုင်ငံခြားသားပညာရှင်တွေ ပူးပေါင်း ဒီဇိုင်းရေးဆွဲတည်ဆောက်ခဲ့တဲ့ ရတနာပုံစျေးမှာ ဇန်နဝါရီ ၁၇ ရက် ည ၆ နာရီဝန်းကျင်က Level 5 အဆင့် မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ပြီး ၁၁ နာရီကျော်ကြာ ငြိှမ်းသတ်ခဲ့ရပါတယ်။

ထိုသို့ မီးလောင်ကျွမ်းမှုကို မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များမှ မီးငြိှမ်းသတ်ယာဉ် ၈၂ စီး၊ ရေသယ်ယာဉ် အစီး ၅၀၊ မီးသတ်စက်ယာဉ် ၁၄ စီး၊ အထောက်ကူပြုယာဉ် ၂၁ စီး၊ အုပ်ချုပ်မှုယာဉ် လေးစီး၊ အထပ်မြင့် မီးငြိှမ်းသတ်ယာဉ် ခုနစ်စီးအပြင် ပြင်ဦးလွင်မြို့နယ်မှ မီးငြိှမ်းသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ် တစ်စီး၊ မတ္တရာမြို့နယ်မှ ရေသယ်ယာဉ်နှင့် မီးငြှိမ်းသတ်ယာဉ် လေးစီး၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ ပလိပ်၊ တံတားဦး၊ စစ်ကိုင်းစသည့် မြို့နယ်များမှလည်း မီးငြှိမ်းသတ်ယာဉ် ၁၁ စီး စုစုပေါင်း မီးသတ်ယာဉ် ၂၀၈ စီးဖြင့် မီးသတ်သန္ဓေနှင့် အရန်တပ်ဖွဲ့ဝင် ၁၅၀၀ တို့က သွားရောက်ငြိှမ်းသတ် ဆောင်ရွက်ခဲ့ရပြီး ဇန်နဝါရီ ၁၈ ရက် နံနက် ၅ နာရီ ၃ မိနစ်မှာ မီးလုံးဝငြိှမ်းသတ်နိုင်ခဲ့ပါတယ်။

 

ခြောက်ထပ်ရှိတဲ့ ရတနာပုံစျေးမှာ ဘာဆိုင်တွေ ဖွင့်ထားတာလဲ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၈ လမ်း ၃၃ လမ်းနဲ့ ၃၄ လမ်းကြားရှိ ခြောက်ထပ်ပါရှိသည့် ရတနာပုံစျေးအဆောက်အအုံတွင် ပထမထပ်၌ ဆိုင်ခန်းပေါင်း ၁၂၀ ကျော် ဖွင့်လှစ်ထားတဲ့ Sky Walk ရှော့ပင်းစင်တာ၊ ဒုတိယထပ်မှာ ကျောက်မျက်ရတနာဆိုင်ခန်း ၄၀၀ ခန့်ရှိတဲ့ Mandalay Yatanar Mall ၊ တတိယထပ်မှာ ကွန်ပျူတာသင်တန်းခန်းမ၊ စတုတ္ထထပ်မှာ စက်မှုကုန်သည်ကြီးများနှင့် စက်မှုလက်မှုကုန်သည်ကြီးများအသင်း၊ Orange အရောင်းဆိုင်၊ မန္တလေး အထက်မြန်မာပြည် ဓာတ်ပုံများအသင်း၊ Perfect စင်တင် တေးဂီတ၊ ပဥ္စမထပ်မှာ MRCC ကွန်ပျူတာ သင်တန်းခန်းမ၊ American Business Conner များ၊ ဆဋ္ဌမထပ်မှာလူသုံးကုန် ပစ္စည်းနဲ့ ဆိုင်ခန်းများ ဖွင့်လှစ်ထားတာဖြစ်ပြီး မီးလောင်ကျွမ်းမှုဟာ စကိုင်းဝေါ့ရှော့ပင်း စင်တာတည်ရှိတဲ့ ပထမအလွှာတစ်ထပ်သာ လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။

 

ဒုတိယအကြိမ်ဆိုတော့ ဘယ်သူ့အပြစ်လဲ

အခု Level 5 အဆင့် မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ရတနာပုံဒိုင်းမွန်းပလာဇာဟာ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က  မီးဘေးဒဏ်ကြောင့် ငါးထပ်ရှိ စျေးအဆောက်အအုံတစ်ခုလုံးကို အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ဖြိုဖျက်ပြီး အသစ်တည်ဆောက်ထားတဲ့ နိုင်ငံတကာအဆင့်မီ ရှော့ပင်းစင်တာတစ်ခု ဖြစ်ပါတယ်။

မီးဘေးဒဏ်သင့်ပြီး ပြန်လည်တည်ဆောက်ခဲ့တာကြောင့် အဆင့်မီမီးဘေးအန္တရာယ် ကာကွယ်ရေးနဲ့ မီးငြိှမ်းသတ်စနစ်တွေ ထည့်သွင်းတည်ဆောက်ထားတယ်လို့ ယင်းအချိန်က တာဝန်ယူတည်ဆောက်ခဲ့တဲ့ ကုမ္ပဏီက ထုတ်ပြန်မှုတွေရှိခဲ့ပေမဲ့ အခုဒုတိယအကြိမ် မီးလောင်မှုမှာ မီးဘေးအန္တရာယ်အချက်ပေးချက်တွေ မီးငြိှမ်းသတ်စနစ်တွေ အားနည်းခဲ့တယ်လို့ စျေးဆိုင်ရှင်အချို့က သုံးသပ်ဝေဖန်မှုတွေရှိခဲ့ပြီး နှစ်ကြိမ်တိုင်မီးလောင်မှုမှာ စျေးဆိုင်ခန်းရှင်တွေဟာ မိအေးနှစ်ခါနာ ဖြစ်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

ရတနာပုံဒိုင်းမွန်း ပလာဇာအဆောက်အအုံမှာ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ အဆောက်အအုံတည်ဆောက်တဲ့ ကုမ္ပဏီတို့ အချိုးကျပိုင်ဆိုင်တာဖြစ်ပြီး ဇန်နဝါရီ ၂၅ ရက်မှာ ထိခိုက်ပျက်စီးမှုမရှိတဲ့ မြေညီထပ်ဆိုင်ခန်းများနဲ့ ကပ်လျက်မှာရှိတဲ့ ဒိုင်းမွန်းပလာဇာကို ပြန်လည်ဖွင့်လှစ်ပေးကာ မီးလောင်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ရှင်းလင်းပွဲမှာ ဒုတိယမြို့တော်ဝန် ဦးရဲမွန်က “ ဒီအဆောက်အအုံကြီး တည်ဆောက်ပြီးစဉ်က မီးငြိှမ်းသတ်မှုစနစ် ကောင်းမွန်ခြင်း ရှိ မရှိ၊ လုံခြုံစိတ်ချရမှု ရှိ မရှိ ဒါတွေကို သက်ဆိုင်ရာဌာနတွေကို အစစ်ဆေးခံပြီးမှ ဒီအဆောက်အအုံကို ဖွင့်ခဲ့တယ်။ စစ်ဆေးတဲ့ အလုပ်ကိုလည်း ကျွန်တော်တို့ဆီမှာ ရှိပါတယ်။ ဒီကြားထဲမှာ ရတနာပုံစျေးနဲ့ပတ်သက်ပြီး မီးငြိှမ်းသတ်မှုစနစ်ကို ကျွန်တော်တို့ နှစ်စဉ်စစ်ဆေးနေတဲ့အပိုင်းတွေလည်း ရှိပါတယ်။ ပြောချင်တာကတော့ မီးငြိှမ်းသတ်မှုစနစ်နဲ့ လုံခြုံစိတ်ချရမှုအပိုင်းဟာ အမြဲတမ်းစစ်ဆေးနေတဲ့ အနေအထားမှာ ရှိပါတယ်။ အဲဒီတော့ အခုလောင်ကျွမ်းရတဲ့ အနေအထားမှာက မီးငြိှမ်းသတ်မှုစနစ်ကြောင့် မဟုတ်ဘဲ လူကြောင့်ဖြစ်တဲ့ အနေအထားကို စစ်ဆေးတွေ့ရှိရပါတယ်” လို့ ဆိုပါတယ်။

ယခင်မီးလောင်သင့်ခဲ့တဲ့ ရတနာပုံစျေးနေရာမှာ ယခု ရတနာပုံဒိုင်းမွန်းပလာဇာကို MGW Co.Ltd က တာဝန်ယူတည်ဆောက်ခဲ့တာဖြစ်ပြီး အဆောက်အအုံအပေါ်ဆုံးထပ်မှာ ဂါလန်သုံးသောင်းဆံ့ ရေကန်နဲ့ အောက်ဆုံးထပ်မှာ ဂါလန် ငါးသောင်းဆံ့ ရေကန် နှစ်ကန် ထည့်သွင်းတည်ဆောက်ခဲ့သလို ရေကန်များမှာ အလိုအလျောက်ပွင့်တဲ့ Auto System Floating Bar များ တပ်ဆင်ထားပြီး အထပ်တိုင်းမှာ မီးခိုးအနံ့ခံစနစ်နဲ့ Auto Alarm ပါဝင်တယ်လို့ စျေးတည်ဆောက်စဉ် အချက်အလက်များမှာ တွေ့ရှိရမှာပါ။ ဒါ့အပြင် ရတနာပုံစူပါစင်တာနဲ့ ဒိုင်းမွန်းပလာဇာကြားမှာ မီးသတ်ကားဝင်ထွက်နိုင်တဲ့ ပေ ၄၀ အကျယ်လမ်း ထည့်သွင်း ဖောက်လုပ်ထားတယ်လို့ ဆိုခဲ့ပါတယ်။

ဒီလိုစနစ်တွေပါဝင်ခဲ့ပေမယ့် မီးလောင်မှုဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ စျေးဆိုင်ခန်းရှင်တစ်ဦးကတော့ “ မီးစလောင်တော့ စျေးကြီးထဲမှာ လူတွေတော်တော်များများ ကျန်သေးတယ်။ ဒါကြောင့် အခုလောက်အထိ ဖြစ်သွားတာကို လက်မခံနိုင်ကြတာပဲ။ ပြောရရင် မီးလောင်တော့ ကျွန်တော်တို့ စကိုင်းဝေါ့အထပ်က Fire Alarm တွေလည်း အလုပ်မလုပ်ဘူး။ ရေပန်းတွေလည်း တစ်ခုမှ ပွင့်ကျမလာဘူး။ မီးသတ်ပိုက်ခေါင်းပြေးဖြုတ်ပြီး ငြိှမ်းမယ်ဆိုတော့ အရေးပေါ်မီးသတ်ပိုက်တွေက ရေမထွက်ဘူး။ ဒါနဲ့ထွက်ပြေးကုန်ကြတာပဲ။ ကျွန်တော်တို့အပေါ်ထပ် ရတနာမောလ် အလွှာကတော့ ရေတွေ စိုရွှဲနေတာပဲတဲ့ ပြောကြတယ်” လို့ ပြောကြားမှုကြောင့် မီးလောင်မှုဖြစ်စဉ်မှာ ဒွိဟတွေ ၀ိ၀ါဒကွဲစရာတွေနဲ့အတူ မီးလောင်မှုမှာ ဘယ်သူတွေ တာဝန်ရှိသလဲ။ ဘယ်သူ့မှာ တာဝန်ရှိသလဲ စိတ်ဝင်စားဖို့ကောင်းပါတယ်။

ဖြစ်စဉ်ကို ကွပ်ကဲငြိှမ်းသတ်မှုဆောင်ရွက်ခဲ့တဲ့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးကတော့ မီးငြိှမ်းသတ်စနစ်များတပ်ဆင်မှုမှာ ပြည့်စုံစွာမရှိဘဲ အားနည်းမှုအပိုင်းတွေ ရှိနေတယ်လို့ ပြောကြားထားပါတယ်။

ဒါ့အပြင် မီးငြိှမ်းသတ်ရာမှာ အခက်အခဲ ဖြစ်ပေါ်မှုနဲ့ပတ်သက်ပြီး မီးသတ်ဌာနက အခုုလိုထုတ်ပြန်မှု ပြုလုပ်ခဲ့ပါတယ်။ အလျား ၄၆၈ ပေ၊ အနံ ၄၅၀ ပေရှိ Basement + RC ၆ ထပ် Mandalay Yatanar Mall ၊ Sky Walk ပထမအလွှာမှာ အလုံပိတ်အခန်းများဖွဲ့၍ ဆိုင်ခန်းများ ငှားရမ်းထားခြင်းကြောင့် မီးခိုးများ အထပ်ထပ်သို့ပျံ့နှံ့ခြင်း၊ ဝင်လမ်းထွက်လမ်းမသာခြင်း၊ နံရံများတွင် ကွန်ပို့စစ်ပြားနှင့် အသံလုံဖော့ပြားများကြောင့် မီးခိုးများဟာ လှေကားများမှတစ်ဆင့် အထပ်ထပ်တိုင်းသို့ ပျံ့နှံ့နေသဖြင့် ချဉ်းကပ်မီးငြိှမ်းသတ်ရာတွင် ကြန့်ကြာမှုရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ခဲ့တာဖြစ်ပြီး မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက မြေကုပ်ကားတွေ၊ ဘက်ဟိုးကားတွေနဲ့ မီးစတင်လောင်ကျွမ်းခဲ့တဲ့ ပထမထပ်နံရံကို ဖောက်ထုတ်ကာ မီးခိုးများထုတ်၍ ငြိှမ်းသတ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

“ တစ်ညလုံး မီးတောက်မတွေ့ရဘဲ မီးခိုးလုံးတွေပဲ အပေါ်ဆုံးထပ်တွေက လုံးထွက်လာနေတာ။ ဒီတော့ အတွင်းလှိုက်လောင်နေပြီး ပထမတစ်ခါတုန်းကလည်း မျှော်လင့်ချက် သိပ်မရှိတော့ဘူးပေါ့။ မီးသတ်တွေကလည်း အထပ်မြင့်မီးသတ်ယာဉ်တွေနဲ့ အပေါ်ကနေ  မီးငြိှမ်းသတ်ဖို့ ကြိုးစားနေပေမဲ့ မီးခိုးလုံးက လျော့မှမသွားတာ။ အခုတော့ သိပ်ပြီး အဆိုးရွားကြီးမဟုတ်ဘူး ပြောရမှာပါ။ လောင်သွားတဲ့ ဆိုင်တွေအတွက် စိတ်မကောင်းရပေမဲ့ စျေးကြီးတစ်ခုလုံး အရင်လို မလောင်ဘူး။ အဆောက်အအုံလည်း မဖျက်ရဘူးဆိုတော့ တော်ပါသေးတယ်။ မဟုတ်ရင် အကုန် လမ်းဘေးရောက်ကုန်တော့မယ်” လို့ မြေညီထပ်ရှိ စျေးသည်တစ်ဦးက ဆိုပါတယ်။

လက်ရှိမှာတော့ မီးလောင်မှု စတင်စေတဲ့ဆိုင်မှာ ကနဦးစစ်ဆေးချက်တွေအရ ပထမထပ်ရှိ Giordano အထည်ဆိုင်ဟုဆိုကာ ဆိုင်တာဝန်ရှိသူကို အမှုဖွင့်ခဲ့ပြီး နောက်တစ်ရက်မှာတော့ မီးလောင်မှုစတင်ခဲ့တဲ့ဆိုင်ဟာ မျက်မြင်သက်သေတွေရဲ့ ထပ်မံထွက်ဆိုချက် စစ်ဆေးပေါ်ပေါက်ချက်အရ Timberland ဖိနပ်ဆိုင်ဖြစ်ကြောင်း ပေါ်ပေါက်လာသဖြင့် ယင်းဆိုင်တာဝန်ခံဖြစ်သူအား (ပ)၂၈/ ၂၀၂၀ ပုဒ်မ ၂၈၅ နဲ့ ပြောင်းလဲအမှုဖွင့်ထားပါတယ်။

 

နှစ်ကြိမ်တိုင်လောင်ကျွမ်းမှုနဲ့ ဆုံးရှုံးမှုက ဘယ်လောက်ရှိခဲ့လ

ရတနာပုံစျေးအဆောက်အအုံ ခြောက်ထပ်အနက် Sky Walk ပထမထပ် တစ်ထပ်သာ လောင်ကျွမ်းခဲ့တာဖြစ်ပေမဲ့ ဆုံးရှုံးမှု တန်ဖိုး ကျပ်သိန်းပေါင်းတစ်သောင်းလို့ မီးသတ်ဌာနက ထုတ်ပြန်ထားပါတယ်။ အလျား ၄၀၈ ပေ၊ အနံ ၃၄၀ ပေ၊ အမြင့် ၅၆ ပေ RC ငါးထပ်ရှိတဲ့ ရတနာပုံစျေးဟောင်း လောင်ကျွမ်းခဲ့စဉ်က ဆိုင်ခန်းပေါင်း ၂၅၀၀ ကျော်နှင့် ကျပ်သန်းပေါင်း ၂၆၄၅ သန်း လောင်ကျွမ်းဆုံးရှုံးခဲ့တာဖြစ်ပါတယ်။

ယခု မီးလောင်မှုဖြစ်ပေါ်ခဲ့တဲ့နေရာ အများစုဟာ စည်ပင်သာယာရေးကော်မတီနဲ့ Sky Walk လုပ်ငန်းရှင်တို့ ပိုင်ဆိုင်တဲ့နေရာဖြစ်ပြီး စည်ပင်သာယာရေးကော်မတီက လတ်တလော ကုန်ကျစရိတ်စိုက်ထုတ်ကာ လိုအပ်တဲ့ ပြင်ဆင်မွမ်းမံမှုတွေ ပြုလုပ်နေတယ်လို့ ဇန်နဝါရီ ၂၅ ရက်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲက သိရပါတယ်။ အင်ဂျင်နီယာများရဲ့ အသေးစိတ်စစ်ဆေးမှုတွေ ပြီးရင်တော့ ပထမထပ်ပြင်ဆင်ရမယ့် ကုန်ကျစရိတ်ကို Sky Walk လုပ်ငန်းရှင်က အကုန်ကျခံ ပြင်ဆင်ရမယ်လို့ သိရပါတယ်။ အဓိကမီးလောင်ကျွမ်း ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့တဲ့ ပထမထပ် (Sky Walk) အထပ်ကို အသေးစိတ်စစ်ဆေးမှု ရလဒ်များအပေါ်မူတည်၍ ပြုပြင်တည်ဆောက်သင့်တဲ့ ဒီဇိုင်းများကိုရေးဆွဲ ပြုပြင်သွားမှာဖြစ်တာကြောင့် ကုန်ကျတန်ဖိုး ပိုမိုလာဖွယ်ရှိနေပါတယ်။

ဒါ့အပြင် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၃ လမ်းနဲ့ လမ်း ၃၀ ထောင့်မှာရှိတဲ့ ၂၀၁၆ ခုနှစ်က လောင်ကျွမ်းသွားခဲ့တဲ့ မင်္ဂလာစျေးမီးလောင်ကျွမ်းမှုဟာ လာမယ့် မတ် ၂၂ ရက်ဆို လေးနှစ်ပြည့်တော့မှာဖြစ်ပေမဲ့ ဖြိုဖျက်ထားတဲ့ အဆောက်အအုံကို အခုအထိ ပြန်လည်ဆောက်လုပ်နိုင်ခြင်း မပြုနိုင်သေးပါဘူး။

အချုပ်အားဖြင့် စျေးများကို မီးလောင်နိုင်တဲ့ လောင်စာများစုဝေးရာ နေရာတစ်ခုအဖြစ် သတ်မှတ်ထားသော်လည်း စျေးအတွင်းပိုင်း လူသွားလူလာလမ်းများမှာ ပုံမှန်အားဖြင့် လူနှစ်ယောက်မနည်း သွားလာရသည်အထိ ကျဉ်းမြောင်းလေ့ရှိရာ မီးလောင်မှုဖြစ်ပေါ်ပါက မီးငြိှမ်းသတ်ရန် ခက်ခဲခြင်းကြောင့် ဆုံးရှုံးမှုတန်ဖိုး များပြားလေ့ရှိတယ်လို့ ဆိုပါတယ်။ သို့သော်လည်း မြန်မာနိုုင်ငံမှာ အထပ်မြင့်အဆောက်အအုံများ၊ အများနှင့် သက်ဆိုင်တဲ့ Public Centre များ၊ ရှော့ပင်း စင်တာများနဲ့ အဆင့်မြင့်စျေးများမှာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးပစ္စည်းများ ထားရှိမှုနဲ့ အသုံးပြုမှုအပိုင်း အားနည်းနေဆဲပင် ဖြစ်တယ်ဆိုတာကတော့ ငြင်းမရနိုင်တဲ့အချက် ဖြစ်ပါတယ်။