နိုင်ငံရေးမှ တပ်မတော် မည်သည့်အချိန်တွင် ထွက်ခွာမလဲဆိုသည့် ကိစ္စနှင့်ပတ်သက်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြားထားသည့်အတိုင်း နိုင်ငံရေးအရ အာမခံချက်ရှိပြီး လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုရှိသည့် အချိန်မျိုးတွင် ဖြစ်နိုင်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ပြောကြား

နိုင်ငံရေးမှ တပ်မတော် မည်သည့်အချိန်တွင် ထွက်ခွာမလဲဆိုသည့် ကိစ္စနှင့်ပတ်သက်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြားထားသည့်အတိုင်း နိုင်ငံရေးအရ အာမခံချက်ရှိပြီး လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုရှိသည့် အချိန်မျိုးတွင် ဖြစ်နိုင်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ပြောကြား
Published 24 January 2020
အောင်မင်းသိန်း

နိုင်ငံရေးမှ တပ်မတော် မည်သည့်အချိန်တွင် ထွက်ခွာမလဲဆိုသည့်ကိစ္စနှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြားထားသည့်အတိုင်း နိုင်ငံရေးအရအာမခံချက်ရှိပြီး လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုရှိသည့် အချိန်မျိုးတွင် ဖြစ်နိုင်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်လည်း အကြိမ်ကြိမ် ဖြေကြားခဲ့ပြီး ဖြစ်ပါတယ်။ အဓိကကတော့ နှစ်ချက်ပေါ့။ နိုင်ငံရေးအရ အာမခံချက်ရှိပြီးတော့ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုရှိတဲ့ အချိန်ဆိုတာမျိုး။ ဒါတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် ပြောထားပါတယ်” ဟု ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားသည်။

မီဒီယာများ၏ တပ်မတော် နိုင်ငံရေးမှ မည်သည့်အချိန်တွင် ထွက်ခွာမလဲဆိုသည့် မေးမြန်းမှုသည် လွှတ်တော်အတွင်းရှိ ၂၅ ရာ ခိုင်နှုန်းကိုရည်ရွယ်၍ မေးမြန်းခြင်း၊ အစိုးရ အဖွဲ့တွင် ပါဝင်နေရသည့် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများကို ရည်ရွယ်၍ မေးမြန်းခြင်း ဖြစ်သည်ကို သိရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ဒီမေးခွန်းရဲ့ ရည်ရွယ်ချက်က ဘာကိုလာလဲဆိုတော့ အစိုးရထဲမှာ ပါဝင်နေရတဲ့ ကျွန်တော်တို့ရဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနတွေ၊ ဒီဥစ္စာတွေသည် ကျွန်တော်တို့က နံပါတ် (၁) က အခြေခံ ဥပဒေထဲမှာ ၂၅ ရာခိုင်နှုန်းကို ဘာကြောင့် ထည့်ဆွဲထားသလဲ။ ဒီဝန်ကြီးဌာနသုံးခုကို ဘာကြောင့် အခြေခံဥပဒေထဲမှာ ထည့်ဆွဲထားပြီး လုပ်သလဲဆိုတဲ့ သူ့ရဲ့အနှစ်သာရပေါ့၊ ပထမဦးဆုံး အနှစ်သာရကို သိဖို့လိုတယ်” ဟု ဗိုလ် မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အသွင်ကူးပြောင်းဆဲကာလ နိုင်ငံတချို့တွင် အသွင်ကူးပြောင်းမှုကာလနှင့် ပတ်သက်ပြီး ၁၀ စုနှစ် တစ်ခုကျော်မက ကြာနိုင်ပြီး ဖိအားများလည်း အမြဲတမ်းရှိကြောင်း၊ လုပ်စေချင်သည့် ဖြစ်စေချင်သည့် အင်အားစု၊ အချိန်လွန်နေပြီဆိုသည့် အင်အားစု၊ ရပ်နေစေလိုသည့် အင်အားစု စသည့်အင်အားစုများ ကြားထဲတွင် ပြောဆိုမှုများ၊ ဆက်ဆံမှုများလည်း ရှိနေမည် ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “ဒီမိုကရေစီဆိုတာ စာရေးဆရာတစ်ယောက်လည်း ပြောဖူးတယ်။ ဒီမိုကရေစီဆိုတာ မတည့်အတူနေဝါဒပဲ။ မတည့်အတူနေဝါဒပဲ။ အဲဒီတော့ ဒီဟာတွေသည် အတိုင်းအတာ တစ်ခုအထိ ကျွန်တော် ဖြေချင်တာက လိုအပ်လို့မို့လို့ လုပ်ထားတာ ဖြစ်တယ်။ ဒီမိုကရေစီကို တကယ်လိုလားတယ်ဆိုရင် မတည့်အတူနေ ၀ါဒကိုလည်း လက်ခံရမယ်။ အချိန်အတိုင်းအတာ တစ်ခုအထိ လက်ခံရမယ်။ ညှိနှိုင်းနိုင်ရမယ်။ ဘောင်ထဲက ဆွေးနွေးနိုင်ရမယ်လို့ပဲ ကျွန်တော်မြင်တယ်” ဟု ပြောကြားသည်။

ပြည်သူများက ရွေးထားပြီး ပြည်သူများ လျှောက်လှမ်းချင်သည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကိုလည်း တပ်မတော်က ဖော်ဆောင်ပေးခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားသည်။

“အဲဒီလိုဖော်ဆောင်ပေးခဲ့တဲ့ အချိန်မှာ ယခင်နိုင်ငံရေးအခြေအနေ အတွေ့အကြုံ သမိုင်းကြောင်းတွေက ပေးခဲ့တဲ့ သင်ခန်းစာတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့က လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနဲ့ ခုနက တို့တာဝန် အရေးသုံးပါးဟာ ကျွန်တော်တို့ တပ်မတော် တစ်ရပ်တည်းတင် မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားတွေ အားလုံးအတွက် အရေးကြီးတဲ့ National Interest ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ဆက်လက်ပြောကြားသည်။

တပ်မတော်က လမ်းခင်းပေးခဲ့သည့် နိုင်ငံရေးလမ်းကြောင်း တည်တည်ငြိမ်ငြိမ် ခိုင်ခိုင်မာမာဖြစ်ရန် အရေးကြီးပြီး နိုင်ငံရေးအရ လုံခြုံမှုနှင့် တည်ငြိမ်မှု၊ လုံခြုံရေးအရ တည်ငြိမ်မှုများကို လက်ရှိအခြေအနေတွင် ပြန်သုံးသပ်၍ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် မိမိတို့နိုင်ငံ၏ တည်ငြိမ်ရေး အခြေအနေများနှင့် နှိုင်းယှဉ်ချိန်ထိုး၍ တွက်ဆကြည့်ပါက သိသာမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားသည်။

ဗိုလ်ချုပ်ထွန်းထွန်းညီက “အဲဒီတော့ ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ်နဲ့ စည်းစည်းလုံးလုံးရှိဖို့ အရေးကြီးဆုံး ဖြစ်ပါတယ်။ ကျွန်တော်တို့ ညီညီညွတ်ညွတ်နဲ့ စည်းစည်းလုံးလုံးရှိဖို့ အရေးကြီးတယ်။ ဘုံအကျိုးစီးပွားနဲ့ ကျွန်တော်တို့နိုင်ငံနဲ့ အမျိုးသား အကျိုးစီးပွား အတွက်ကို အားလုံးက တညီတညွတ်တည်း လက်ခံဆောင်ရွက်နိုင်ပြီ ဆိုလို့ရှိရင် ကျွန်တော်တို့ တပ်မတော်က ခုနကပြောတဲ့ ကျွန်တော်တို့ တပ်မတော်ရဲ့ အဓိကတာဝန်တွေကို တပ်မတော်က ထမ်းဆောင်ဖို့ အဆင်သင့်ရှိနေတယ်။ လက်ရှိအခြေအနေမှာတော့ ဒီအခြေအနေကို ကျွန်တော်တို့ အမျိုးသား နိုင်ငံရေး တာဝန်အရ၊ သမိုင်းပေးတာဝန် ဖြစ်ပါတယ်။ ဘယ်သူကမှ ပေးထားတာ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ အတိတ်သမိုင်း သင်ခန်းစာတွေက ပေးထားတဲ့ သင်ခန်းစာတွေ အပေါ်မှာ ကျွန်တော်တို့က ဒီတာဝန်ကို ထမ်းဆောင်နေတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

တပ်မတော်အနေဖြင့် အားလုံးလိုလားသည့် တည်ငြိမ်မှု၊ အေးချမ်းမှုရှိသည့် အခြေအနေမျိုးကို ဆောင်ရွက်ချင်နေကြောင်းနှင့် ယင်းသို့အခြေအနေများ ရရှိရန်အတွက် တပ်မတော်တစ်ရပ်တည်းလုပ်၍ လုံးဝမရဘဲ အားလုံးပူးပေါင်း ဆောင်ရွက်မှရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားသည်။

ထို့ပြင် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအဝင် တပ်မတော် ခေါင်းဆောင်များ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုသည့် သတင်းများနှင့် ပတ်သက်၍ ဖြေကြားပေးရန် သတင်းထောက် တစ်ဦး၏ မေးမြန်းမှုကို “အရင်က ပြောခဲ့တဲ့အတိုင်းပဲ စောင့်ကြည့်ပေးပါ” ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ပြန်လည်ဖြေကြားခဲ့သည်။

 

Most Read

Most Recent