ကော့သောင်းမြို့နယ် တရားရုံးတွင် ဗိုလ်ကြီးဟောင်း နေမျိုးဇင်အား စတင်ရုံးထုတ်ရာ ဒေသခံပြည်သူများ လာရောက်ဝန်းရံ

ကော့သောင်းမြို့နယ် တရားရုံးတွင် ဗိုလ်ကြီးဟောင်း နေမျိုးဇင်အား စတင်ရုံးထုတ်ရာ ဒေသခံပြည်သူများ လာရောက်ဝန်းရံ
ကော့သောင်းမြို့နယ်တရားရုံးတွင် ဗိုလ်ကြီးဟောင်း နေမျိုးဇင်အား ရုံးထုတ်လာစဉ်
ကော့သောင်းမြို့နယ်တရားရုံးတွင် ဗိုလ်ကြီးဟောင်း နေမျိုးဇင်အား ရုံးထုတ်လာစဉ်
Published 22 January 2020



ကော့သောင်းမြို့နယ် တရားရုံးတွင် ဗိုလ်ကြီးဟောင်း နေမျိုးဇင်အား ဇန်နဝါရီ ၂၀ ရက်က စတင်ရုံးထုတ်ခဲ့ရာ ဒေသခံပြည်သူများ လာရောက်ဝန်းရံခဲ့ကြကြောင်း သိရသည်။

ပြီးခဲ့သည့် ငါးလကျော်က ကော့သောင်းမြို့ သုံးမိုင်တွင် ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲတွင် ဗိုလ်ကြီးဟောင်း နေမျိုးဇင်က တပ်မတော်အား ဂုဏ်သိက္ခာညှိုးနွမ်းစေသည့် စကားများ ဟောပြောသည်ဟုဆိုကာ တပ်မတော်က ပုဒ်မ ၅၀၅(က) ဖြင့် ကော့သောင်းမြို့နယ် တရားရုံး၌ တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ကော့သောင်း ကိုးမိုင်ထောင်မှ ရုံးထုတ်ကာ ပထမအကြိမ် ရုံးချိန်းအဖြစ် ကော့သောင်းတရားရုံးတွင် ဇန်နဝါရီ ၂၀ ရက်က စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

“ကိုနေမျိုးဇင်က အမှန်တရားကို ဖော်ထုတ်တယ်။ ကျွန်တော်တို့က အမှန်တရားကို မြတ်နိုးတဲ့အတွက် လာရောက်ဝန်းရံခြင်း ဖြစ်ပါတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေ ဒေသခံတွေ ပါဝင်တယ်။ ဦးကြီးမြင့်၊ ကဗျာဆရာ စောဝေတို့ကို တရားစွဲတာပါ။ ကော့သောင်းသူ ကော့သောင်းသားတွေ ဖိတ်ခေါ်လို့ လာဟောပြောခဲ့တာပါ။ ဟောပြောတာက တပ်မတော်ကို စော်ကားတာတစ်ခုမှ မပါဘူး။ အမှန်တွေကို ပြောခဲ့တာပါ”ဟု လာရောက်ဝန်းရံသူ ဦးနွယ်ထွန်းက ပြောကြားသည်။

ကိုနေမျိုးဇင်အား ဒေသခံပြည်သူများက ပန်းကုံးစွပ်ကြိုဆိုခဲ့ပြီး လိုအပ်သည့် ဆေးဝါး၊ စားစရာ အသုံးအဆောင်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။ မြို့နယ်တရားသူကြီး ဦးကိုကိုက ဦးကြီးမြင့်၊ ကဗျာဆရာစောဝေ၊ ဒုတိယဗိုလ်မှူးကြီး ဇော်ဇော်တို့ ရောက်ရှိလာခြင်း မရှိသည့်အတွက် ဖေဖော်ဝါရီ ၃ ရက်ကို ပြန်၍ချိန်းဆိုခဲ့ကြောင်း သိရသည်။

“ကျင့်/၁၈၂ အရ ဆိုရင် တရားစွဲဆိုခွင့် မရှိတော့ဘူး။ ကျင့်/၂၅၉ အရ အမှုပိတ်သိမ်းခွင့် ပေးရမှာပါ”ဟု ကိုနေမျိုးဇင်က ပြောကြားခဲ့သည်။ တရားစွဲဆိုသူ စကခ ၂၀ မှ ဒုဗိုလ်မှူးကြီးဇော်ဇော် ရောက်လာခြင်းမရှိဘဲ အခြားဗိုလ်မှူးတစ်ဦးက အစားရောက်ရှိလာသည့်အတွက် ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၅၉ အရ အမှုကို ပလပ်ပေးရန် ၎င်းကိုယ်တိုင် ရုံးရှေ့တွင် လျှောက်ထားကြောင်း အဆိုပါအမှုကို လိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦးစကြွယ်ဝင်း ကပြောကြားသည်။

ကိုနေမျိုးဇင်က တရားရုံးမှ အပြန်တွင် ခြေကျင်းဝတ်အစွပ် ယာဘက်တွင် NEVER ဝဲဘက် ခြေကျင်းဝတ်အစွပ်၌  SURRENDER ဟု ရေးသားထားသည်ကို လက်ညှိုးထိုးပြပြီး NEVER SURRENDER ဘယ်တော့မှ လက်နက်မချ ဟုကြွေးကြော်ခဲ့ကြောင်း သိရသည်။                                   

Most Read

Most Recent