၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ်တွင် ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၇၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသော်လည်း အောက်တိုဘာ၊ နိုဝင်ဘာ နှစ်လတွင် ခန့်မှန်းနှုန်းထက် နှစ်ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။
၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ်တွင် နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၆၅ ရာခိုင်နှုန်းနှင့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၇၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။
၂၀၁၉ ခုနှစ် နိုဝင်ဘာတွင် တစ်နှစ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၈ ဒသမ ၅၉ ရာခိုင်နှုန်းဖြစ်ပြီး၂၀၁၉ ခုနှစ် အောက်တိုဘာရှိ ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၆၀ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ငွေကြေးဖောင်းပွမှုနှုန်း အနည်းငယ်ပြန်လည် လျော့ကျလာခြင်းဖြစ်ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။ ၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ငွေကြေးဖောင်းပွမှုနှုန်း ၁၈ လ ဆက်တိုက်မြင့်တက်ခဲ့ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာတွင် အနည်းငယ်ပြန်ကျခြင်း ဖြစ်သည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၈၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသော်လည်း ဘဏ္ဍာနှစ်အစပိုင်း လများဖြစ်သော အောက်တိုဘာတွင် ၆ ဒသမ ၃၄ ရာခိုင်နှုန်း၊ နိုဝင်ဘာတွင် ၆ ဒသမ ၆၆ ရာခိုင်နှုန်း၊ ဒီဇင်ဘာတွင် ၆ ဒသမ ၈၆ ရာခိုင်နှုန်း၊ ဇန်နဝါရီတွင် ၆ ဒသ မ ၉၄ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီတွင် ၇ ဒသမ ၀၇ ရာခိုင်နှုန်း၊ မတ်တွင် ၇ ဒသမ ၂၈ ရာခိုင်နှုန်း၊ ဧပြီတွင် ၇ ဒသမ ၅၁ ရာခိုင်နှုန်း၊ မေတွင် ၇ ဒသမ ၈၂ ရာခိုင်နှုန်း၊ ဇွန်တွင် ၈ ဒသမ ၀၈ ရာခိုင်နှုန်း၊ ဇူလိုင်တွင် ၈ ဒသမ ၃၅ ရာခိုင်နှုန်း၊ သြဂုတ်တွင် ၈ ဒသမ ၅၃ ရာခိုင်နှုန်း၊ စက်တင်ဘာတွင် ၈ ဒသမ ၆၁ ရာခိုင်နှုန်းအထိ ရှိနေကာ ၂၀၁၈ ခုနှစ် ဧပြီမှ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ၁၈ လဆက်တိုက် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ခဲ့သည်။
တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာအထိ တစ်နှစ်ပျမ်းမျှ ၈ ဒသမ ၅၉ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၈ ဒသမ ၂၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း မကွေးတိုင်းဒေသကြီးတွင် ၁၂ ဒသမ ၁၆ ရာခိုင်နှုန်းဖြင့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၁ ဒသမ ၆၈ ရာခိုင်နှုန်းဖြင့် ဒုတိယ အမြင့်ဆုံးဖြစ်ခဲ့ကာ နေပြည်တော်တွင် ၁၀ ဒသမ ၂၄ ရာခိုင်နှုန်းဖြင့် တတိယအမြင့်ဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၄ ဒသမ ၇၂ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုအများဆုံးဖြစ်ပေါ်ခဲ့ပြီး ကချင်ပြည်နယ်တွင် ၂ ဒသမ ၈၁ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုရာခိုင်နှုန်း အနည်းဆုံးဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။
တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာ အိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။
ယခင်က ၂၀၀၆ ခုနှစ်ကိုအခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်းကို တွက်ချက်ခဲ့သော်လည်း ယခုအခါ ၂၀၁၂ ခုနှစ်စစ်တမ်းအပေါ် အခြေခံ၍အခြေခံနှစ် (Base Year) အား ပြောင်းလဲတွက်ချက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူ စျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာအထိ တစ်နှစ်ပျမ်းမျှ ၈ ဒသမ ၅၉ ရာခိုင်နှုန်းရှိပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာအထိ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၆၀ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၁ ရာခိုင်နှုန်း လျော့ကျလာကြောင်း သိရသည်။ ၂၀၁၈ ခုနှစ် မေ လမှ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိ ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းကို လေ့လာပါက ၂၀၁၈ ခုနှစ် မေလတွင် ၄ ဒသမ ၂၉ ရာခိုင်နှုန်း ရှိခဲ့ရာမှ တဖြည်းဖြည်းမြင့်တက်လာခဲ့ရာ ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ၈ ဒသမ ၆၁ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်ပေါ်ခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။















