ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုမြင့်တက်လာမှု၊ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ဖော်ဆောင်ရန်ရှိသည့် အစိုးရ၏ အခြေခံအဆောက်အအုံ စီမံကိန်းများကြောင့် လက်ရှိဘဏ္ဍာနှစ်တွင် မြန်မာ့စီးပွားရေး ၆ ဒသမ ၄ ရာခိုင်နှုန်းအထိ မြင့်တက်လာမည်ဟု ကမ္ဘာ့ဘဏ်ထုတ်ပြန်

ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုမြင့်တက်လာမှု၊ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ဖော်ဆောင်ရန်ရှိသည့် အစိုးရ၏ အခြေခံအဆောက်အအုံ စီမံကိန်းများကြောင့် လက်ရှိဘဏ္ဍာနှစ်တွင် မြန်မာ့စီးပွားရေး ၆ ဒသမ ၄ ရာခိုင်နှုန်းအထိ မြင့်တက်လာမည်ဟု ကမ္ဘာ့ဘဏ်ထုတ်ပြန်
ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာ ဟိုတယ်တွင်ပြုလုပ်သည့် “ မြန်မာ့စီးပွားရေးလေ့လာမှု အစီရင်ခံစာ အနှစ်ချုပ်” မိတ်ဆက်ပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာ ဟိုတယ်တွင်ပြုလုပ်သည့် “ မြန်မာ့စီးပွားရေးလေ့လာမှု အစီရင်ခံစာ အနှစ်ချုပ်” မိတ်ဆက်ပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 15 January 2020
ဇေယျာငြိမ်း

ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာခြင်း၊ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ဖော်ဆောင်သွားရန်ရှိသည့် အစိုးရ၏ အခြေခံအဆောင်အအုံ စီမံကိန်းများကြောင့် လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်းသည် ၆ ဒသမ၄ ရာခိုင်နှုန်းအထိ မြင့်တက်လာမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၅ ရက်က ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ပြုလုပ်သည့် “ မြန်မာ့စီးပွားရေးလေ့လာမှု အစီရင်ခံစာ အနှစ်ချုပ်” မိတ်ဆက်ပွဲအခမ်းအနားမှ သိရသည်။

အဆိုပါအစီရင်ခံစာအရ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာမှုနှင့် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ အကောင်အထည်ဖော်သွားဖွယ်ရှိသည့် အစိုးရ၏ အခြေခံအဆောက်အအုံ စီမံကိန်းများအတွက် သုံးစွဲမှုများကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်းသည် ၆ ဒသမ ၄ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်မှ နှစ်စဉ်ထုတ်ပြန်သည့် မြန်မာ့စီးပွားရေးလေ့လာမှု အစီရင်ခံစာများအရ မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းကို  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၃ ရာခိုင်နှုန်းရှိမည်ဖြစ်ကြောင်း ခန့်မှန်းခဲ့သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း ၆ ဒသမ ၂ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းခဲ့သည်။

အထက်ပါ ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာများအရ လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ဖြင့် နှိုင်းယှဉ်ပါက သုည ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။

၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ်တွင် လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့နှင့် ထောက်ပံ့ပို့ဆောင်ရေး ကဏ္ဍသုံးခုသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရန် အဓိကအလားအလာ ကောင်းသော ကဏ္ဍများဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားသည်။

“ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ အလားအလာကောင်းတဲ့ နံပါတ် (၁) ကဏ္ဍက လျှပ်စစ်ဓာတ်အား ထုတ်လုပ်မယ့် လုပ်ငန်းတွေပေါ့။ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေပေါ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မယ့်လုပ်ငန်းတွေ အလားအလာ အခြေအနေကောင်းတယ်။ နံပါတ် (၂) က ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍမှာ အလားအလာကောင်းတယ်။ နံပါတ် (၃) ကတော့ Logistic ပေါ့ ဆိပ်ကမ်းတွေ လုပ်မယ့်နေရာပေါ့။ ဘာကြောင့်လဲဆိုတော့ ဒီနှစ်ထဲမှာ အကောက်ခွန် ဦးစီးဌာနကနေပြီးတော့ Bonded Warehouse နဲ့ ပတ်သက်တဲ့ အမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင်တယ်။ အဲဒါထုတ်ပြန်နိုင်လို့ရှိရင် Logistic လုပ်ငန်းတွေ အလားအလာ အတော်လေးပွင့်သွားမယ်ပေါ့နော် အဲဒီကဏ္ဍ သုံးခု ဒီနှစ်ထဲမှာ ကောင်းမယ်လို့ မြင်ပါတယ်” ဟု အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားသည်။

အရှေ့အာရှနှင့် ပစိဖိတ်ဒေသတို့တွင် စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၁၈ ခုနှစ် က ၆ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၉-၂၀၂၀ နှစ်နှစ်တာ ကာလတွင် ပျှမ်းမျှ ၅ ဒသ မ ၈ ရာခိုင်နှုန်းသာရှိမည်ဟု ခန့်မှန်းထားပြီး ၂၀၂၁ ခုနှစ်တွင် ၅ ဒသမ ၆ ရာခိုင်နှုန်းအထိ ထပ်မံကျဆင်းလာမည်ဟု ခန့်မှန်းထားသည်။