ကျွန်တော်တို့ကလေးဘဝရဲ့ကစားနည်းတွေ

ကျွန်တော်တို့ကလေးဘဝရဲ့ကစားနည်းတွေ
Photo: unhabitat.org
Photo: unhabitat.org
Published 15 January 2020

ရုံးပိတ်ရက်တွေရောက်တိုင်း မြို့ကလေးမှာရှိတဲ့ ကျွန်တော့်အိမ်ကို ပြန်ပါတယ်။ အိမ်ရောက်ရင် ကျွန်တော့်ယောက်ဖအခန်းမှာ ကလေးတစ်ယောက်မဟုတ် တစ်ယောက်ကတော့ အမြဲလိုလိုရှိနေတာကို တွေ့ရတတ်တယ်။ အဲဒီကလေးတွေက ယောက်ဖကယ်ရီဆွဲတဲ့ အနီးပတ်ဝန်းကျင်က ကလေးတွေနဲ့  ယောက်ဖရဲ့ တူ၊ တူမလေးတွေပါပဲ။

သူတို့လေးတွေဟာ ယောက်ဖရဲ့ အခန်းထဲရောက်လို့ ထိုင်လိုက်ပြီဆိုတာနဲ့ ယောက်ဖရဲ့ဖုန်းကို တောင်းပြီး ဂိမ်းဆော့ကြတော့တာပဲ။ အရွယ်လေးတွေကိုကြည့်တော့လည်း မူကြိုတက်တဲ့ အရွယ်လေးတွေ၊ သူငယ်တန်း တက်နေတဲ့အရွယ်လေးတွေနဲ့ ငါးတန်း၊ ခြောက်တန်းတက်နေတဲ့ အရွယ်လေးတွေသာ ရှိပါသေးတယ်။ ဒါပေမဲ့လည်း Andorid ဖုန်းတစ်လုံးကို ကျွမ်းကျင်စွာနဲ့ အသုံးပြုတတ်နေပါပြီ။ အဲဒါကို ကောင်းတယ်လို့ ပြောရမလား ဒါမှမဟုတ် မကောင်းဘူးလို့ ပြောရမလား ကျွန်တော့်မှာ ဒွိဟဖြစ်မိတယ်။ ပြီးတော့  ဖြတ်သန်းလာတဲ့ ခေတ်အခြေအနေချင်းက မတူတော့ ပြောရမှာနည်းနည်းတော့ ကျွန်တော် ဝန်လေးမိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့လေးတွေဟာ ကျွန်တော်တို့ ကလေးဘဝက ကစားခဲ့ကြတဲ့ ကစားနည်းတွေကို ခုချိန်ခါမှာ မကစားကြတော့တာ အမှန်ပါပဲ။

ကျွန်တော့်တို့ ကလေးဘဝတုန်းကဆို နံနက်မိုးလင်းပြီဆိုတာနဲ့ ရေချိုးထမင်းစားပြီး ဖုန်တထောင်းထောင်းထနေတဲ့ မြေသားလမ်းကလေးတွေပေါ်ကို  အပြေးတက်သွားပြီး ၀ါသနာတူသူငယ်ချင်းတွေနဲ့ ကစားတော့တာပဲ။ ကစားနည်းတွေကလည်း စုံသလား မမေးနဲ့။ အဲဒီထဲက ကစားနည်းတချို့ကို ပြောပြချင်ပါတယ်။ အရင်ဆုံးပြောပြမှာက ခွက်စီပစ်တိုင်း ကစားနည်းပါပဲ။

အဲဒီကစားနည်းကို (ခွက်ဆူပစ်တိုင်း) ကစားနည်းလို့လည်း ကျွန်တော်တို့ ကလေး ဘဝတုန်းက အလွယ်ခေါ်ကြပါသေးတယ်။ ခွက်စီပစ်တိုင်းကစားဖို့အတွက် အိမ်တွေမှာ အသုံးမပြုတော့တဲ့ သံချေးတက်နေတဲ့ သံဇလုံတွေ၊ အုန်းမှုတ်ခွက်တွေ၊ ကော်ခွက်အပဲ့တွေ၊ နို့ဆီခွက်တွေ စတဲ့ခွက်တွေကိုတစ်ခွက်နဲ့ တစ်ခွက်စီပြီး ထပ်ရတယ်။ ပြီးတော့ ကစားမယ့်လူဦးရေကို ကိုယ်သတ်မှတ်ထားတဲ့ လူ အရေအတွက်အတိုင်းထားပြီး နှစ်ဖွဲ့ ခွဲရပါတယ်။ အားလုံးပြီးရင်တော့ ကစားမယ့်အဖွဲ့ နှစ်ဖွဲ့က ခေါင်းဆောင်နှစ်ယောက်ဟာ ဗိုလ်၊  ကျား၊ သေနတ်ဆွဲပါတယ်။ အဲဒီမှာနိုင်တဲ့အဖွဲ့ကတော့ စီထားတဲ့ခွက်တွေကို ကော်ဘောလုံးနဲ့ လဲအောင်ပစ်ပြီး ပြေးရတယ်။ ရှုံးတဲ့အဖွဲ့ကတော့ ပြေးနေတဲ့အဖွဲ့ကလူတွေကို ကော်ဘောလုံးနဲ့ ထိအောင် လိုက်ပစ်ရပါတယ်။

အဲဒီလိုကော်ဘောလုံးနဲ့ ပစ်တဲ့အခါမှာလည်း ပြေးရတဲ့အဖွဲ့က လိုက်ရတဲ့အဖွဲ့ ပစ်လိုက်တဲ့ ကော်ဘောလုံးကို မထိအောင်လို့  မြေသားလမ်းကလေးပေါ်မှာ ပြန့်ကျဲနေတဲ့ ခွက်တွေထဲက ခွက်တစ်ခွက်နဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လို့ရပါတယ်။ ပြီးတဲ့အခါ လိုက်တဲ့အဖွဲ့က လိုက်၊ ပြေးတဲ့အဖွဲ့က ပြေးရင်းနဲ့ မြေသားလမ်းကလေးပေါ်မှာ ပြန့်ကျဲနေတဲ့ခွက်တွေကို ပြန်ပြီး စီနိုင်တယ်ဆိုရင်တော့ ပြေးရတဲ့အဖွဲ့က အနိုင်ရပါတယ်။ တကယ်လို့ ခွက်တွေကို ပြန်မစီနိုင်ဘူးဆိုရင်တော့ လိုက်ရတဲ့အဖွဲ့က အနိုင်ရပါတယ်။  အဲဒီလိုကစားနေရင်း ကျွန်တော်တို့ ကလေးအားလုံးရဲ့ ခန္ဓာကိုယ်တွေမှာ ချွေးတွေစိုရွဲပြီး ပါးစပ်က ဟောဟဲစိုက်နေပေမဲ့လည်း ပျော်ရွှင်ခဲ့ကြပါတယ်။

နောက်ထပ်ပြောပြမယ့် ကစားနည်းကတော့ တုတ်ပစ်တိုင်းကစားနည်း၊ နောက်တစ်မျိုးအခေါ်  တူတူပုန်းတိုင်းကစားနည်းပဲ ဖြစ်ပါတယ်။ အဲဒီကစားနည်းကို ကစားဖို့အတွက် လူအရေအတွက်ကို ကြိုက်သလောက်ထားလို့ ရတယ်။ လူများရင်တော့ ကစားရတာ ပိုပျော်တာပေါ့။ ပြီးရင် တုတ်တစ်ချောင်းရှိ  ရပါမယ်။ ပါးစပ်က “ ဒေါင် ဒေါင်” လို့ အော်ပြီး ခေါက်ဖို့အတွက် သစ်ပင်တစ်ပင် ဒါမှမဟုတ် ဓာတ်တိုင်တစ်တိုင်ကို သတ်မှတ်ရပါတယ်။ ပြီးရင်တော့ တစ်ယောက်နဲ့ တစ်ယောက် ပါးစပ်ကနေ “ ဗိုလ် ကျား သေနတ် ကိုယ်ကြိုက်တာကိုယ်လုပ်” လို့အော်ပြီး လိုက်ရှာရမယ့်လူကို ရွေးချယ်ရပါတယ်။ ဥပမာအနေနဲ့ ပြောရရင် ကစားမယ့် လူအရေအတွက်က ခြောက်ယောက်ရှိတယ်ဆိုရင် တစ်ယောက်က လိုက်ရှာပြီး ကျန်တဲ့ငါးယောက်က ပုန်းပေါ့။

ကစားနည်းကတော့ ဒီလိုပါ။ လိုက်ရှာရမယ့်လူက ပုန်းရမယ့်လူတွေထဲက လူတစ်ယောက်ပစ်လိုက်တဲ့တုတ်ကို ပြေးကောက်ရတယ်။ တုတ်ပစ်တဲ့လူကလည်း တုတ်ကိုပစ်ပြီးတာနဲ့ တစ်ပြိုင်နက် ကိုယ်ပုန်းမယ်လို့ ရွေးချယ်ထားတဲ့နေရာကို အပြေးသွားပြီး ပုန်းရပါတယ်။ ပြီးတဲ့အခါ တုတ်ပြေးကောက်တဲ့လူကလည်း တုတ်ကို ကောက်လာပြီး ပုန်းနေတဲ့ လူတွေကိုလိုက်ရှာရင်း လူတစ်ယောက်တွေ့ရင် သူ့နာမည်ခေါ်ကာ ပါးစပ်က “ ဒေါင်ဒေါင်” လို့အော်ပြီး ခေါက်ကာ တုတ်ကို ချထားလိုက်တယ်။ ပြီးရင်တော့ ပုန်းနေတဲ့ နောက်လူတွေကို လိုက်ရှာရပါတယ်။ အဲဒီလိုလိုက်ရှာရင်း လူတစ်ယောက်ကို ထပ်တွေ့ပြီဆိုတာနဲ့ သူ့နာမည်ကိုခေါ်ကာ သတ်မှတ်ထားတဲ့နေရာကို ပြေးလာပြီး တုတ်ကိုကိုင်ကာ ပါးစပ်က “ ဒေါင်ဒေါင်” လို့အော်ပြီး ခေါက်ရပါတယ်။ နောက်တစ်ယောက်တွေ့ရင်လည်း နောက်ထပ်တစ်ခါ ပြေးပြီး ခေါက်ရတယ်။

အဲဒီလိုလိုက်ရှာနေရင်း လူအားလုံး တွေ့တဲ့အထဲကမှ အရင်ဆုံးအတွေ့ခံရတဲ့လူက လိုက်ရပါတယ်။ ဒါပေမဲ့ တစ်ခုတော့ ရှိတာပေါ့။ လိုက်ရှာရတဲ့လူက အရင်ဆုံးလူတစ်ယောက်ကို တွေ့ပြီး နောက်လူတစ်ယောက်ကို လိုက်ရှာနေတဲ့ အချိန်ပုန်းနေတဲ့ထဲက လူတစ်ယောက်က လိုက်ရှာနေတဲ့ လူအလစ်မှာ ပြေးပြီးတော့ တုတ်ကိုကိုင်ကာ ပါးစပ်က “ ဒေါင်ဒေါင်” လို့ အော်ပြီး ခေါက်လိုက်ရင်တော့ နဂိုလိုက်ရှာနေတဲ့လူပဲ ပြန်လိုက်ရပါတယ်။ အဲဒါကလည်း ဖြစ်ခေါင့်ဖြစ်ခဲပါ။

ပြေးပုန်းတိုင်း ကစားနည်းကတော့ ကျွန်တော်တို့ ကလေးဘဝတွေတုန်းကဆိုရင် ညဘက်ရောက်မှ ကစားကြတာပါ။ ထုံးစံအတိုင်း လူအရေအတွက်ကို ကန့်သတ်မထားဘူး။ ပြေးနိုင်တဲ့လူဆိုရင် ပါဝင်ကစားလို့ရတယ်။ ကစားတဲ့ပုံစံကတော့ လိုက်တိုင်းပြေးတိုင်းကစားနည်းနဲ့ ခပ်ဆင်ဆင်ပါပဲ။ လိုက်တိုင်း ပြေးတိုင်းကစားနည်းက ပြေးတဲ့လူတွေ အများကြီးထဲက တစ်ယောက်ကိုမိပြီ ဆိုတာနဲ့ အဲဒီအမိခံရတဲ့ တစ်ယောက်က ပြန်လိုက်ရတယ်။ ပြီးတော့ ကစားတဲ့အချိန်ကလည်း ညနေ နေအေးတဲ့အချိန်မှာ ကစားကြတာ များတယ်။ ဒါပေမဲ့ ပြေးပုန်းတိုင်း ကစားနည်းကတော့ လိုက်တဲ့လူက လိုက်တဲ့အခါ ပြေးရတဲ့လူက လိုက်တဲ့လူ မျက်ခြည်ပြတ်သွားအောင် ပြေးပြီး ပုန်းလို့ရပါတယ်။ တစ်ခုတော့ရှိတယ်။ အဲဒါကတော့ အပြေးသန်ဖို့ လိုပါတယ်။ အဲဒီကစားနည်းကို ညဘက်ရောက်မှ ကစားကြတာကြောင့် ကျွန်တော်တို့ ကလေးဘဝတုန်းက နတ်ဝှက်တတ်တယ်၊ ဘာညာဆိုပြီး ခေတ်စားခဲ့သေးတယ်။ ဟုတ် မဟုတ်တော့ ကျွန်တော်လည်း မသိဘူး။

ကျွန်တော့်ရဲ့ကလေးဘဝတုန်းက ပြေးပုန်းတိုင်း ကစားပြီဆိုရင် ရင်တထိတ်ထိတ်နဲ့ ပျော်ရွှင်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ညရဲ့ အမှောင်ကမ္ဘာထဲမှာ ပြေးရင်းလွှားရင်းနဲ့  လမ်းဘေးချုံတွေထဲမှာ ပုန်းနေရတာကြောင့် လိုက်ရတဲ့လူတွေ့သွားမှာ စိုးရိမ်တာကြောင့်ပါပဲ။ ပြီးတော့ ရှိသေးတယ်။ ပုဇဉ်းရင်ကွဲ အော်သံတွေနဲ့အပြိုင် ကျွန်တော့်ရဲ့ အသက်ရှူသံတွေကို ပြန်ကြားနေရတာကလည်း ဘယ်လိုအရသာမှန်း မသိဘူး။

ဥဖမ်းတိုင်းကစားနည်း ကစားဖို့အတွက် ကော်ဘောလုံးတစ်လုံး လိုအပ်ပါတယ်။ ကစားတဲ့ပုံစံကတော့ လိုက်ရမယ့်အဖွဲ့ထဲက လူနှစ်ယောက်ဟာ အရှေ့မှာ တစ်ယောက်၊ အနောက်မှာ တစ်ယောက် မတ်တတ်ရပ်ပြီး နေရာယူရတယ်။ ဒီလိုမှမဟုတ်ရင်လည်း ကိုယ်ကစားမယ့် မြေအနေအထားပေါ်မူတည်ပြီး အဆင်ပြေမယ့် အရပ်မျက်နှာမှာ မတ်တတ်ရပ်ပြီး နေရာယူရပါတယ်။ ပြီးရင်တော့ ပြေးရတဲ့အဖွဲ့က လူတွေဟာ မတ်တတ်ရပ်ပြီး နေရာယူထားတဲ့ လိုက်ရတဲ့အဖွဲ့က လူနှစ်ယောက်ရဲ့အလယ်မှာ စုနေပြီး သူတို့နှစ်ယောက် တစ်ယောက်တစ်လှည့် ပစ်လိုက်တဲ့ ကော်ဘောလုံးကို မထိအောင်လို့ ရှောင်ရပါတယ်။ အဲဒီမှာ ထိတဲ့လူက ထွက်ပေါ့။ ပြီးတဲ့အခါ အဲဒီလိုကော်ဘောလုံးကို ပစ်နေရင်း ပြေးတဲ့အဖွဲ့က လူတစ်ယောက်ရဲ့လက်နဲ့ အမိဖမ်းနိုင်ခဲ့ရင် ပါးစပ်က “ တစ်ဥ” လို့ အော်ရတယ်။ နောက်တစ်ခါ ထပ်မိရင် ပါးစပ်က “ နှစ်ဥ” လို့ အော်ရတယ်။ အဲဒီမှာ ဥပိုင်ရှင် သဘောတူရင် ကော်ဘောလုံး ထိပြီး ထွက်သွားတဲ့လူတစ်ယောက်က ပြန်ဝင်ပြီး ပြေးလို့ ရပါတယ်။ အဲဒီအခါကျရင် နှစ်ဥကနေ တစ်ဥ လျော့သွားတာပေါ့။ လူတစ်ယောက်က တစ်ဥနဲ့ ညီမျှပါတယ်။

အခု ကျွန်တော်ဖော်ပြထားတဲ့ ကစားနည်းတွေကတော့ ကျွန်တော် မှတ်မိသလောက်ပါပဲ။ ခင်ဗျားတို့လည်း နောက်ထပ် မှတ်မိသေးရင် ကျွန်တော့်ကို ပြောပြပါဦး။  ပြီးတဲ့အခါ ကျွန်တော်က မိန်းမ မရသေးတော့ ကလေး မရှိဘူးဖြစ်နေတယ်။ ဒါပေမဲ့ ခင်ဗျားတို့ကတော့ မိန်းမတွေ ရနေကြပြီး သားသမီးတွေလည်း အသီးသီးရှိနေကြတယ်ဆိုတာ ကျွန်တော် သိနေတယ်။ အဲဒါကြောင့် ခင်ဗျားတို့သားသမီးတွေကို Android ဖုန်းတွေ ပေးမကိုင်စေဘဲ ကျွန်တော်တို့ရဲ့ ငယ်ဘဝတုန်းက ကစားနည်းတွေကို ကစားခိုင်းပါလား။ အဲဒီအခါ ကျွန်တော့်ကို ခေါ်ပါ။ ပြီးရင်တော့ ကျွန်တော်နဲ့ ခင်ဗျားတို့ကလေးတွေ ကစားနေတာကို အတူတူကြည့်ပြီး လွမ်းကြတာပေါ့။

 

Most Read

Most Recent