တိုင်းရင်းသား လူမျိုးများ၏ ပြည်နယ်အသီးသီး ငြိမ်းချမ်းတိုးတက်ရေးအတွက် အပြန်အလှန် အသိအမှတ်ပြုမှုများနှင့်အတူ ကူညီဆောင်ရွက်မှသာ ပြည်တွင်းစစ်ချုပ်ငြိမ်း၍ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း TNLA ဥက္ကဋ္ဌ ပြောကြား

တိုင်းရင်းသား လူမျိုးများ၏ ပြည်နယ်အသီးသီး ငြိမ်းချမ်းတိုးတက်ရေးအတွက် အပြန်အလှန် အသိအမှတ်ပြုမှုများနှင့်အတူ ကူညီဆောင်ရွက်မှသာ ပြည်တွင်းစစ်ချုပ်ငြိမ်း၍ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း TNLA ဥက္ကဋ္ဌ ပြောကြား
Published 13 January 2020

တိုင်းရင်းသားလူမျိုးများ၏ ပြည်နယ်အသီးသီး ငြိမ်းချမ်းတိုးတက်ရေးအတွက် အပြန်အလှန် အသိအမှတ် ပြုမှုများနှင့်အတူ ကူညီဆောင်ရွက်မှသာ ပြည်တွင်းစစ်ချုပ်ငြိမ်း၍ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) ဥက္ကဋ္ဌ ဗိုလ်ချုပ်တား အိုက်ဘုန်းက ပြောကြားသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၂ ရက်တွင် ကျရောက်သည့် ၅၇ နှစ်မြောက် တအာင်း အမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုမိန့်ခွန်းတွင် (TNLA) ဥက္ကဋ္ဌ ဗိုလ်ချုပ် တားအိုက်ဘုန်းက ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တအာင်းနယ်မြေဒေသတွင် နေထိုင်သော အခြားလူမျိုးများ၏ သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ခိုင်မာသော မဟာမိတ်ဆက်ဆံရေးကို အလေးထား တည်ဆောက်ပြီး တိုင်းရင်းသား လူမျိုးများ၏ ပြည်နယ်အသီးသီး ငြိမ်းချမ်းတိုးတက်ရေးအတွက် အပြန်အလှန် အသိအမှတ်ပြုမှုများနှင့်အတူ ကူညီဆောင်ရွက်မှသာ ပြည်တွင်းစစ်ချုပ်ငြိမ်း၍ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မည် ဖြစ်ကြောင်း TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်တားအိုက်ဘုန်းက ပြောကြားသည်။

ထို့ပြင် တအာင်းနယ်မြေဒေသတွင် အတူနေထိုင်သော ကချင်၊ ဂေါ်ရခါး၊ ဗမာ၊ လီဆူး၊ လားဟူ၊ ရှမ်းအစရှိသော တိုင်းရင်းသားလူမျိုးများ အားလုံးနှင့် သဟဇာတဖြစ်အောင်၊ အတူတကွ လုံခြုံအေးချမ်းစွာ နေထိုင်နိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပြီး တအာင်းနယ်မြေဒေသတွင် တအာင်းလူမျိုးသည် အများစု ဖြစ်သော်လည်း အင်အားကြီးမားမှုအပေါ် အခွင့်ကောင်းမယူဘဲ အခြားတိုင်းရင်းသား လူမျိုးများအားလုံး၏ အခွင့်အရေးကို လေးစားအသိအမှတ်ပြုကာ ငြိမ်းချမ်းသော လူမှုအသိုင်းအဝိုင်းကို တည်ဆောက်ကြရမည်ဟုလည်း ၎င်းက ပြောကြားသည်။

တအာင်းလူမျိုးများအားလုံ အဖိနှိပ်ခံဘဝမှ လွတ်မြောက်အောင် ကြိုးပမ်းပြီး လုံခြုံအေးချမ်းသော နေထိုင်မှုဘဝများအတွက် တအာင်းပြည်နယ်ကို တည်ဆောက်ရမည်ဟု ၎င်းက ပြောကြားသည်။

“၀” လူမျိုးများသည် ၎င်းတို့၏ဒေသ၊ ၎င်းတို့၏ လူမျိုးကို အမှန်တကယ် ဦးဆောင်အုပ်ချုပ်နိုင်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆက်တိုက်ဆောင်ရွက်နိုင်မှုကို မြင်တွေ့ကြရမည်ဖြစ်ပြီး ထိုသို့ လက်တွေ့လုပ်ဆောင် နိုင်ခြင်းသည် “၀” ခေါင်းဆောင်များ၏ အားကောင်းသော ဦးဆောင်မှုတွင် “၀” လူမျိုးများ၏ တော်လှန်ရေးအပေါ် ပေးဆပ်မှု အသီးအပွင့်များနှင့် ခိုင်မာတောင့်တင်းသော “၀” လက်နက်ကိုင်အဖွဲ့ကြောင့် ဖြစ်သည်ကို ဖော်ပြလိုကြောင်း ၎င်းကပြောကြားသည်။

ထို့ကြောင့် အဖိနှိပ်ခံဘဝမှ လွတ်မြောက်ပြီး တအာင်းပြည်နယ် တည်ဆောက်ရန် TNLA ကို စုစည်းတည်ထောင်ထားခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်တားအိုက်ဘုန်းက ဆိုသည်။

တအာင်းလူမျိုးများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ စာပေယဉ်ကျေးမှု အစစ အရာရာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ခေတ်မီနည်းပညာ တိုးတက်မှုများနှင့်အတူ လုပ်ငန်းဌာန အသီးသီးအား လိုအပ်သလို ဖော်ဆောင်ပြီး စီမံအုပ်ချုပ် အလုပ်လုပ်ကြရမည်ဖြစ်ပြီး တအာင်းလူမျိုးများအတွက် တော်လှန်ရေး ရည်မှန်းချက် ပန်းတိုင်ကို အမြန်ဆုံး အရယူပြီး တအာင်းပြည်သူလူထု အားလုံးပူးပေါင်း ပါဝင်သော တအာင်းအမျိုးသား ပြန်လည်တည်ဆောက်ရေးကို လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

 

Most Read

Most Recent