အမေရိကန်-အီရန် မဟာဗျူဟာ အားပြိုင်ပွဲ

အမေရိကန်-အီရန် မဟာဗျူဟာ အားပြိုင်ပွဲ
ဇန်နဝါရီ ၃ ရက်က တီဟီရန်မြို့တွင် ဆိုလေမာနီကို သတ်ဖြတ်မှုအား ဆန့်ကျင်သည့် ဆန္ဒပြပွဲအတွင်း အမေရိကန်အလံကို မီးရှို့နေစဉ် (Photo : AP)
ဇန်နဝါရီ ၃ ရက်က တီဟီရန်မြို့တွင် ဆိုလေမာနီကို သတ်ဖြတ်မှုအား ဆန့်ကျင်သည့် ဆန္ဒပြပွဲအတွင်း အမေရိကန်အလံကို မီးရှို့နေစဉ် (Photo : AP)
Published 12 January 2020
မြတ်သစ်

အမေရိကန်စစ်စခန်းများကို အီရန်က ပဲ့ထိန်းဒုံးများဖြင့် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် သမ္မတထရန့်က ဇန်နဝါရီ ၈ ရက်တွင် အိမ်ဖြူတော်၌ မိန့်ခွန်းပြောကြားခဲ့သည်။ အီရန်နိုင်ငံအနေဖြင့် မည်သည့်အခါမျှ နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်ပြုမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူညီချက်ကို အစားထိုးနိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးမှု အသစ်ပြုလုပ်ရန်လည်း ထရန့်က တောင်းဆိုခဲ့သည်။ အီရန်က ပစ်ခတ်မှုကြောင့် မည်သည့် အမေရိကန် သို့မဟုတ် အီရန် တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာ မရခဲ့ကြောင်း၊ မိမိတို့ အမေရိကန် တပ်ဖွဲ့ဝင်များသည် အရာအားလုံးအတွက် ကြိုတင်ပြင်ဆင်ထားကြောင်း ထရန့်က ပြောကြားခဲ့သည်။

ပြီးခဲ့သော သီတင်းပတ်က အီရန်တော်လှန်ရေးစောင့်တပ်၏ ပြည်ပစစ်ဆင်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ကာဆင်ဆိုလေမာနီနှင့် ပတ်သက်၍ ထရန့်က ကာကွယ်ပြောကြားခဲ့သည်။ ကာဆင်ဆိုလေမာနီကို အမေရိကန်က ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ အီရတ်ရှိ စစ်စခန်းများအား အီရန် ပဲ့ထိန်းဒုံးများဖြင့် ပစ်ခတ်ခြင်းတို့သည် အမေရိကန်-အီရန် အပြန်အလှန် ပစ်ခတ်မှု၏ အစမျှသာဖြစ်ကြောင်း New American Security စင်တာမှ အရှေ့အလယ်ပိုင်း လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူ ကာလေလောမက်က သုံးသပ်ခဲ့သည်။ ကာဆင်ဆိုလေမာနီ သတ်ဖြတ်ခံရပြီးသည့်နောက်တွင် အီရန်ဘက်မှ စနစ်တကျ လက်တုံ့ပြန်ရန် စီစဉ်ထားခဲ့ကြောင်း ကာလေသောမက်က မှတ်ချက်ပေးခဲ့သည်။

ဤသဘောထားကို အီရန်သမ္မတ ဟက်ဆန်ရိုဟန်နီက ပြောကြားခဲ့သည်။ အီရန် ဗိုလ်ချုပ်ကြီး တစ်ဦးကို အမေရိကန်က သတ်ဖြတ်ခဲ့ခြင်းကြောင့် ဇန်နဝါရီ ၈ ရက်တွင် အီရန်အစ္စလာမ္မစ် သမ္မတနိုင်ငံ၏ တုံ့ပြန်မှုသည် နောက်ကြောင်း ပြန်လှည့်ခြင်း မပြုသည့် သဘောဖြစ်ကြောင်း ရိုဟန်နီက ပြောကြားခဲ့သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး မက်အက်စ်ပါက ဘဂ္ဂဒက်မြို့တွင် အီရန်ဗိုလ်ချုပ်ကြီး ကာဆင်ဆိုလေမာနီကို သေဆုံးစေသည့် ဒရုန်းဖြင့် တိုက်ခိုက်ခြင်းကြောင့် ‘အမေရိကန်သည် အီရန်အပေါ် ပိတ်ပင်တားမြစ်မှုအဆင့်ကို ပြန်လည်ထိန်းသိမ်းနိုင်လိုက်ကြောင်း’ ဇန်နဝါရီ ၈ ရက်က ပြောကြားခဲ့သည်။

ဒီဇင်ဘာနှောင်းပိုင်းတွင် အီရန်က ကျောထောက်နောက်ခံ ပြုပေးထားသော ကာတက်ဟစ်ဇ်ဘိုလာအဖွဲ့၏ တိုက်ခိုက်မှုများ၊ ထို့နောက် ဆိုလေမာနီအပေါ် အမေရိကန်တို့၏ လုပ်ဆောင်ချက်များသည် အီရန်နိုင်ငံအပေါ် ပိတ်ပင်တားမြစ်မှု အဆင့်တစ်ဆင့်ကို မိမိတို့ ပြန်လည်ထိန်းချိန်ခြင်းဟု ယုံကြည်ထားကြောင်း အက်စ်ပါက သတင်းထောက်များကို ပြောကြားခဲ့သည်။ ဆိုလေမာနီ သတ်ဖြတ်ခံရမှုကို လက်တုံ့ပြန်သည့် အနေဖြင့် အမေရိကန် တပ်ဖွဲ့ဝင်များ ရှိနေသော အီရတ်စခန်းနှစ်ခုကို ဇန်နဝါရီ ၈ ရက်တွင် အီရန်က ပဲ့ထိန်းဒုံးကျည်များဖြင့် ပစ်တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်းတွင် အက်စ်ပါ၏ မှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်သမ္မတ ထရန့်အနေဖြင့် တရုတ်နိုင်ငံအပေါ် ကုန်သွယ်ရေးစစ်ပွဲကို ဆင်နွှဲခဲ့သည်။ စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ယောက်အနေဖြင့် တရုတ်နိုင်ငံအပေါ် ကုန်သွယ်စစ်ပွဲ ဆင်နွှဲခြင်းသည် မဟာဗျူဟာ မြောက်သည်ဟု လက်ခံထားကြသူများ ရှိသည်။ အမေရိကန်၏ ထိုးနှက်ချက်သည် တရုတ်နိုင်ငံအပေါ် ထိခိုက်မှုများ ရှိစေနိုင်သည်။ သူရေးထားသည့် The Aot Deal တွင် ငွေကြေးသည် မိမိတို့ စိတ်ဓာတ်အင်အား မြင့်တက်စေရန် အဓိက မကျကြောင်း၊ အမှန်တကယ် စိတ်ဝင်စားသည်က လောင်းကစားခြင်း ဖြစ်ကြောင်း ရေးခဲ့သည်။ စီးပွားရေးတွင် လောင်းကစားခြင်းမှာ သဘာဝကျသည် ဆိုသော်လည်း စစ်ရေးကို လောင်းကစားမှု တစ်ရပ်အဖြစ် လုပ်ဆောင်ခဲ့သည်ရှိသော် ရနိုင်ပါ့မလားဆိုသည့် မေးခွန်းကို ထရန့်အနေဖြင့် မည်ကဲ့သို့ ဖြေဆိုမလဲဟု နိုင်ငံရေး အကဲခတ်သမားများက မေးခွန်းထုတ်နေကြသည်။

ယခုတစ်ကြိမ် ထရန့်ကစားနေသည်က ပိုက်ဆံမဟုတ်။ ဒရုန်းများ၊ စစ်လေယာဉ်များ၊ တာဝေးပစ် ဒုံးကျည်များနှင့် အခြားသော လက်နက်ပစ္စည်းများ ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု အနေဖြင့် အရှေ့အလယ်ပိုင်း စစ်ပွဲတစ်ရပ်ကို ဖော်ဆောင်တော့မည်လော ဆိုသည့် ယူဆချက်များ ထွက်ပေါ်နေသည်။

အိုဟိုင်းယိုး တက္ကသိုလ်မှ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ပညာရှင် တစ်ဦးဖြစ်သူ ဂျွန်မူလာက ထရန့်၏ လုပ်ရပ်သည် ဖြစ်စေချင်သည်နှင့် ထွက်ပေါ်လာသည့် ရလဒ်က တခြားစီဖြစ်နေကြောင်း ဝေဖန်ခဲ့သည်။ ဗိုလ်ချုပ်ကြီး ဆိုလေမာနီသည် အမေရိကန်ပြည်ထောင်စု၏ အဓိကရန်သူ ဖြစ်နေသည်မှာ ကြာပြီ။ လွန်ခဲ့သော ဆယ်စုခေတ် နှစ်ခုကတည်းက ဖြစ်သည်။ အမေရိကန် သမ္မတဟောင်းများ ဖြစ်ကြသည့် ဂျော့ချ်ဒဗလျူဘုရှ်၊ ဘာရက်အိုဘားမားတို့သည် အီရန်တော်လှန်ရေး အစောင့်တပ်၏ ပြည်ပစစ်ဆင်ရေးခေါင်းဆောင် ဆိုလေမာနီကို သုတ်သင်ရန် ဆန္ဒရှိနေခဲ့ကြသည်။ တကယ်တော့ ဆိုလေမာနီသည် ဗိုလ်ချုပ်ကြီးထက်ပင်ပို၍ အဆင့်မြင့်နေကြောင်း၊ အီရန်နိုင်ငံတွင် အရေးပါကာ ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်ကြောင်း၊ သူ့ကို သတ်လိုက်ခြင်းကြောင့် အမေရိကန် ဆန့်ကျင်ရေး စိတ်ဓာတ်များ ပိုမြင့်တက်လာဖွယ်ရှိကြောင်း ရောဘတ်မူလာက ပြောကြားခဲ့သည်။

ဆိုလေမာနီကို ယခင်နှစ်များကတည်းက ရှင်းလင်းပစ်ဖို့ကောင်းကြောင်း ထရန့်က Twitter တွင် ရေးသားခဲ့သည်။ ထရန့်သည် မိမိလုပ်ရပ် မှန်ကြောင်းကို အမြဲတစေ ထုတ်ပြန်လေ့ရှိသည်။ တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲခဲ့စဉ် ကာလနှင့် ပတ်သက်၍ ဖြေရှင်းလာရာတွင် ယခင်အမေရိကန် သမ္မတများသည် တရုတ်နိုင်ငံဘက်မှ ကုန်သွယ်ရေး အမြတ်အစွန်းများစွာ ရနေသည်ကို မတွန်းလှန်ခဲ့ကြောင်း ပြောကြားခဲ့ဖူးသည်။ တစ်ဖန် နျူလက်နက်ပိုင်ဆိုင်ရေး ကြိုးပမ်းနေသော မြောက်ကိုရီးယား အရေးသည် အမေရိကန် နိုင်ငံခြားဆိုင်ရာ မူဝါဒအတွက် ဦးနှောက်ခြောက်စရာ ဖြစ်ခဲ့ကြောင်း၊ သို့သော် ထရန့်လက်ထက်တွင် မြောက်ကိုရီးယားအရေးကို အတိုင်းအတာ တစ်ခုဖြင့် ဖြေရှင်းနိုင်ခဲ့သည်။ ကနဦးတွင် ထရန့်သည် ကင်ဂျုံအွန်ကို အထီးကျန်စေရန် ဖိအားပေး လုပ်ဆောင်ခဲ့သည်။ နောက်ပိုင်းတွင် ကင်ဂျုံအွန်သည် မိမိတို့၏ မိတ်ဆွေတစ်ဦးဖြစ်ကြောင်း လေသံပြောင်းလဲပစ်ခဲ့သည်။ ကင်ဂျုံအွန်သည် နျူလက်နက် ပိုင်ဆိုင်ရေးကို မစွန့်လွှတ်။ ထို့နည်းတူ တရုတ်နိုင်ငံက စီးပွားရေး ပြုပြင်ပြောင်းလဲရေးကို ပြုလုပ်ရန် အကြောင်းမရှိ။

ဒီမိုကရက်တစ်အမတ် ခရစ္စမာဖီက ထရန့်သည် မိမိစိတ်ထင်သလို လုပ်ဆောင်နေကြောင်း ထိပ်တန်းအကြံပေးများ နုတ်ထွက်နေကြောင်း၊ သူ့အစိုးရအဖွဲ့တွင် ကျွမ်းကျင်မှုမရှိသူများသာ ကျန်ရှိကြောင်း၊ နိုင်ငံခြား ခေါင်းဆောင်များကို လုပ်ကြံနေကြောင်း၊ အရပ်သားများကို ဗုံးကြဲတိုက်ခိုက်နေကြောင်း Twitter မှနေ၍ ရေးသားခဲ့သည်။ ထရန့်ကို ထောက်ခံသူများကမူ ထရန့်သည်  ပွင့်ပွင့်လင်းလင်း ပြောဆိုလေ့ရှိပြီး သူ့လုပ်ဆောင််ချက်များသည် အမေရိကန်ပြည်သူများ၏ လိုအပ်ချက်နှင့် ကိုက်ညီနေကြောင်း ပြောကြားခဲ့သည်။

အမေရိကန်က အီရန်ဗိုလ်ချုပ်ကြီး ကာဆင်ဆိုလေမာနီကို လုပ်ကြံမှုကြောင့် အရှေ့အလယ်ပိုင်းဒေသတွင် မရေရာမှုများ ဖြစ်ပေါ်နေသည်။ ဤအခြေအနေတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဇန်နဝါရီ ၇ ရက်တွင် ဆီးရီးယားနိုင်ငံသို့ အံ့အားသင့်ဖွယ် ရောက်ရှိနေသည်။ ဆီးရီးယားနိုင်ငံတွင် ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် ပူတင်သည် ဆီးရီးယားနိုင်ငံ ဒမတ်စကက်သို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့သည်။ ရုရှားနိုင်ငံ အနေဖြင့် ဆီးရီးယားနိုင်ငံ၏ မူလအခြေအနေနှင့် နိုင်ငံ၏ နယ်နိမိတ်ပေါင်းစပ်မှုကို ပြန်လည်ထိန်းသိမ်းရန် ရည်ရွယ်သော ကြိုးပမ်းမှုသည် လမ်းတစ်ဝက် ရောက်နေပြီဟု ယုံကြည်ကြောင်း ပူတင်က အာဆက်နှင့် တွေ့ဆုံစဉ်က ပြောကြားလိုက်သည်။

အီရန်အရေးသည် အရှေ့အလယ်ပိုင်းဒေသကို မီးလျှံတောက်လောင် စေမည်လောဟု ဝေဖန်မှုများ ဖြစ်ပွားလျက်ရှိသည်။ လောလောဆယ်တွင် အီရတ်နိုင်ငံသည် ပဋိပက္ခဇုန် အတွင်းတွင် သိသိသာသာ ကျရောက်လျက်ရှိသည်။ အမေရိကန်ဘက်မှ ပစ်ခတ်သော ဒရုန်းသည် အီရတ်နိုင်ငံသို့ ရောက်နေသည့် အီရန်ဗိုလ်ချုပ်ကြီး ဆိုလေမာနီကို ထိမှန်ကာ သေဆုံးခဲ့ရသကဲ့သို့ အီရန်ကပစ်သော ပဲ့ထိန်းဒုံးများသည်လည်း အီရတ်နိုင်ငံရှိ စစ်စခန်းကို ထိမှန်ခဲ့ခြင်းဖြစ်သည်။ သည့်အတွက် အီရန်နှင့် အမေရိကန်တို့ဘက်မှ ပစ်ခတ်ခဲ့မှုများသည် အီရတ်မြေပေါ်တွင် ဖြစ်နေသည်မှာ ဘယ်လိုမှ မငြင်းနိုင်သည့် အချက်များ ဖြစ်နေသည်။ ယင်းသို့ အီရန်နှင့် အမေရိကန် အပြန်အလှန် တိုက်ခိုက်မှုများက အီရတ်နိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို သိသိသာသာ မီးမောင်းထိုးပြနေသည်။

အမေရိကန်က အီရတ်မြေပေါ်တွင် အီရန်ဗိုလ်ချုပ်ကြီး ဆိုလေမာနီကို ဒရုန်းဖြင့် တိုက်ခိုက်ခြင်းနှင့် ပတ်သက်၍ အီရတ်အာဏာပိုင်များက အမေရိကန်နိုင်ငံအပေါ် ပြစ်တင်ရှုတ်ချမှုများ ပြုလုပ်ခဲ့သည်။ အီရတ် အာဏာပိုင်များက အီရန်နိုင်ငံအပေါ် အပြစ်တင်ခြင်း မရှိပေ။ နိုင်ငံရေး တည်ငြိမ်မှုမရှိသော အီရတ်နိုင်ငံတွင် အီရတ်ခေါင်းဆောင်များ အနေဖြင့် အမေရိကန်-အီရန် ပဋိပက္ခတွင် တစ်ဖက်ဖက်မှ ရပ်တည်ရပေတော့မည်။ အီရန်-အမေရိကန် ပဋိပက္ခမှာ ပို၍ပြင်းထန်လာပြီး စစ်ရေးတိုက်ခိုက်မှုများကို မလိုအပ်ဘဲ ချဲ့ထွင်လာမည် ဆိုပါက အရှေ့အလယ်ပိုင်းဒေသတွင် စစ်ဒဏ်ကို သိသိသာသာ ခံနေရမည်က အီရတ်နိုင်ငံ ဖြစ်နေသည်။ တစ်ဖက်ဖက်ကို မဖြစ်မနေ ရွေးချယ်ရမည် ဆိုပါက အီရတ်နိုင်ငံသည် အီရန်ဘက်မှရပ်မည့် အနေအထား ရှိကြောင်း နိုင်ငံရေး ဝေဖန်သူများက သုံးသပ်လျက်ရှိသည်။

အီရန်ဘက်ကလည်း အမေရိကန်ကို ပြင်းပြင်းထန်ထန် လက်စားချေမည်ဟု ပြောကြားလျက်ရှိသည်။ အမေရိကန်ဘက်မှာလည်း အီရန်နိုင်ငံအပေါ် စစ်ရေးအရ တုံ့ပြန်မည်ဟူသော အချက်ကြောင့် နှစ်ဖက်စလုံးမှနေ၍ စစ်ပွဲတစ်ရပ် ဆင်နွှဲရန် အသင့်ပြင်ထားနေသည့် အနေအထားမှာ ရှိနေသည်။ အမေရိကန် ပြည်ထောင်စုတွင် လူတစ်ယောက်က ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်နေသကဲ့သို့ အီရန်ဘက်တွင်လည်း ခေါင်းဆောင်တစ်ဦး၏ ဆုံးဖြတ်ချက်က အဓိက ကျနေသည်ဖြစ်ရာ အီရန်၊ အမေရိကန် နှစ်နိုင်ငံမှ ခေါင်းဆောင်နှစ်ဦး၏ ဆုံးဖြတ်ချက်များက စစ်ပွဲတစ်ပွဲကို ဦးတည်စေမည့်သဘော သက်ရောက်နေခြင်း ဖြစ်သည်။

 

Most Read

Most Recent