NCA လက်မှတ် ရေးထိုးပြီးသည်မှာ လေးနှစ် ကျော်လွန်ခဲ့ပြီ ဖြစ်သော်လည်း NCA အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ တိတိကျကျမရှိသည့်အတွက် တစ်ဆို့မှုများဖြစ်ရသည်ဟု မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် ပြောကြား

NCA လက်မှတ် ရေးထိုးပြီးသည်မှာ လေးနှစ် ကျော်လွန်ခဲ့ပြီ ဖြစ်သော်လည်း NCA အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ တိတိကျကျမရှိသည့်အတွက် တစ်ဆို့မှုများဖြစ်ရသည်ဟု မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် ပြောကြား
Published 8 January 2020

အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပြီးသည်မှာ လေးနှစ် ကျော်လွန်ခဲ့ ပြီဖြစ်သော်လည်း NCA အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ တိတိကျကျ မရှိသည့်အတွက် တစ်ဆို့မှုများ ဖြစ်ရသည်ဟု မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုကော်မတီဝင် နိုင်အောင်မငေး က ပြောကြားသည်။

ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေး နှင့် သီးသန့်အင်တာဗျူးကို NCA-SEAO Facebook Page က ဇန်နဝါရီ ၇ ရက်တွင် ဖော်ပြခဲ့ပြီး အဆိုပါအင်တာဗျူးတွင် နိုင်အောင်မငေးက ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများ၏ အန္တိမရည်မှန်းချက်သည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဖြစ်ပြီး အဆိုပါရည်မှန်းချက် အောင်မြင်ရန်အတွက် NCA စာချုပ်ပါ ပြဋ္ဌာန်းချက်များ အကောင်အထည်ဖော်ရာတွင် တိတိကျကျ အကောင်အထည်ဖော်ရမည်ဖြစ်ကာ လက်တွေ့ဆန်သော အကောင်အထည်ဖော်မှု ဖြစ်ရမည်ဟု ၎င်းကဆိုသည်။

“ကျွန်တော်တို့ရဲ့ အဓိက အန္တိမရည်မှန်းချက်က ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်ပေါ့။ ဒီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့အခါကျရင် ကျွန်တော်တို့ အမြဲတမ်းပဲပြောနေတဲ့ ဒီ NCA အကောင်အထည်ဖော်မှုမှာ တိတိကျကျဖြစ်ရမယ်။ တကယ့်လက်တွေ့ဆန်တဲ့ အကောင်အထည်ဖော်မှု ဖြစ်ရမယ်။ ကျွန်တော်တို့ အခု လက်မှတ်ထိုးလာတာ လေးနှစ်ရှိပြီ။ ဒါပေမဲ့ ဒီအကောင်အထည်ဖော်မှုမှာ တိတိကျကျ အကောင်အထည်ဖော်မှုဆိုတာ မရှိခဲ့ဘူး။ ဒီလိုတိတိကျကျ အကောင်အထည်ဖော်မှုမရှိ တဲ့အတွက်ကြောင့် တစ်ဆို့မှုတွေ ထပ်ကာထပ်တလဲလဲ ဖြစ်လာတယ်”ဟု မွန်ပြည်သစ်ပါ တီဗဟိုကော်မတီဝင် နိုင်အောင်မငေးက ပြောကြားသည်။

ထိုသို့ တစ်ဆို့မှုများ၏ နောက်ဆက်တွဲ အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရေးသည်လည်း တစ်ဆို့သွားခဲ့ပြီး ထိုသို့ တစ်ဆို့သွားခဲ့မှုကြောင့် လွှတ်တော် ပြင်ပလမ်းကြောင်းမှ သွားနေသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးအား ထိခိုက်သွားခဲ့ကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပပြီး ယင်းညီလာခံမှရသော အစိတ်အပိုင်းများဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ရမည်ကြောင်းနှင့် ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်းများသည် အလွန်အရေးကြီးကြောင်း ၎င်းက ပြောကြားသည်။

NCA စာချုပ်ပါအချက်များအား တိတိကျကျ အကောင်အထည်ဖော်ခြင်းအားဖြင့် တပ်ပိုင်းဆိုင်ရာကိစ္စရပ်များ ပြေပြေလည်လည် ဖြစ်မည်ဖြစ်ပြီး တပ်ပိုင်းဆိုင်ရာကိစ္စရပ်များ မပြေလည်ပါက အပစ်အခတ်ရပ်စဲရေးကိစ္စ၊ အပစ်ရပ်နယ်မြေများတွင် မည်သို့ကျော်လွန်ဖြတ်သန်းမည် ဆိုသည့်ကိစ္စများ ဖြစ်ပေါ်လာမည့်အပြင် သေနတ်သံများ ပေါက်လာမည်ဖြစ်ကြောင်းနှင့် ထိုသို့ဖြစ်လာလျှင် အချင်းချင်းအကြား ယုံကြည်မှုလျော့နည်းခြင်း နှင့် သံသယများ များလာမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဒါကြောင့်မို့ တပ်ပိုင်းဆိုင်ရာကိစ္စလည်း ပိုပြီးတော့ အရေးကြီးပါတယ်။ ဒါကြောင့် ဒီနှစ်ခုက အဓိကအခရာ ဖြစ်တယ်။ တပ်ပိုင်းဆိုင်ရာကိစ္စ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာအောင် လုပ်ဆောင်ခြင်းနဲ့ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် ဒီကိစ္စက အရေးကြီးတဲ့ အချက်နှစ်ချက် ဖြစ်ပါတယ်”ဟု နိုင်အောင် မငေးက ပြောကြားသည်။

ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ပတ်သက်၍ အလိုလားဆုံးသော အဖွဲ့အစည်းများဖြစ်ကြပြီး ထိုသို့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ယုံကြည်မှုရှိမှ ဖြစ်မည်ဟုလည်း ၎င်းကပြောကြားသည်။

ဥပမာအားဖြင့် နိုင်ငံရေးဆွေးနွေးရေး စားပွဲဝိုင်းများတွင် ပြုံးပြရုံ၊ နှုတ်ဆက်နေရုံဖြင့် မပြီးကြောင်း၊ တကယ့် အောက်ခြေ တိုင်းရင်းသားဒေသများတွင် အချင်းချင်းအကြား စားပွဲဝိုင်းတွင် ပြုံးသကဲ့သို့ ပြုံးပြနိုင်ရေး၊ ချစ်ချစ်ခင်ခင်ဖြင့် လက်ဆွဲနှုတ်ဆက်နိုင်ရေး လုပ်ပေးစေလိုကြောင်းနှင့် အဆိုပါကိစ္စရပ်ကိုလည်း တောင်းဆိုကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက ပြောကြားသည်။

 

Most Read

Most Recent