AA နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများ လျှော့ချနိုင်ရေး၊ ပဋိပက္ခများ ဖြေရှင်းနိုင်ရေး အကြံပြုချက်များ ပါဝင်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီ၏ အပြီးသတ်အစီရင်ခံစာ နိုင်ငံတော်သမ္မတထံ တင်သွင်းထား

AA နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများ လျှော့ချနိုင်ရေး၊ ပဋိပက္ခများ ဖြေရှင်းနိုင်ရေး အကြံပြုချက်များ ပါဝင်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီ၏ အပြီးသတ်အစီရင်ခံစာ နိုင်ငံတော်သမ္မတထံ တင်သွင်းထား
နေပြည်တော် လွှတ်တော်ရေးရာဆောင်တွင် ဒီဇင်ဘာ ၂၃ ရက်က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီ ညှိနှိုင်းအစည်းအဝေး ပြုလုပ်စဉ်
နေပြည်တော် လွှတ်တော်ရေးရာဆောင်တွင် ဒီဇင်ဘာ ၂၃ ရက်က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီ ညှိနှိုင်းအစည်းအဝေး ပြုလုပ်စဉ်
Published 3 January 2020
ဉာဏ်လင်းထွန်း

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီ၏ အပြီးသတ် အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးအပတ်က တင်သွင်းခဲ့သည်ဟု ကော်မတီဝင် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းက ဇန်နဝါရီ ၃ ရက်တွင် ပြောကြားသည်။

အဆိုပါ အစီရင်ခံစာတွင် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများ လျှော့ချနိုင်ရေး၊ ဖြစ်ပွားနေသည့် ပဋိပက္ခများ ဖြေရှင်းနိုင်ရေးအတွက် ရေတို၊ ရေရှည် ဆောင်ရွက်သင့်သည်များကို အကြံပြု ထည့်သွင်းထားသည်ဟု ၎င်းကပြောကြားသည်။

“ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ရဲ့ အနေအထားပေါ့နော်။ ဘင်္ဂါလီ Issue မဟုတ်ဘဲနဲ့ AA နဲ့ ဖြစ်ပွားနေတဲ့ နယ်မြေဒေသ အနေအထားတွေနဲ့ ပတ်သက်ပြီးတော့ လူထုရဲ့ခံစားချက်နဲ့ အစိုးရအပေါ် အကြံပြုသင့်တာတွေကို ပညာရှင်တွေနဲ့ ၀ိုင်းပြီးစိစစ်ပြီးရေးထားတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်” ဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်သည့် ဦးမောင်မောင်အုန်းက ပြောကြားသည်။

ကော်မတီ၏ ကြားဖြတ်အစီရင်ခံစာကို ဇွန်လလယ်တွင် တင်သွင်းထားပြီး ခြောက်လခန့်အကြာတွင် အပြီးသတ် အစီရင်ခံစာ ထပ်မံတင်သွင်း ခဲ့ခြင်းဖြစ်သည်။

အစီရင်ခံစာတွင် စာမျက်နှာ ၅၀ ခန့် ပါဝင်ပြီး ပဋိပက္ခ ဖြစ်ပွားရသည့် အကြောင်းနှင့် စပ်လျဉ်း၍ တွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုချက်နှင့် ရေတို၊ ရေရှည်ဆောင်ရွက်ရမည့် အချက်များဟူ၍ အပိုင်းများခွဲကာ အကြံပြု ရေးသားခဲ့သည်ဟု ဦးမောင်မောင်အုန်းက ပြောကြားသည်။

ကော်မတီ၏ အစီရင်ခံစာသည် ဘင်္ဂါလီအရေး၊ နယ်မြေစွန့်ခွာသူများ အရေးတို့နှင့် စပ်လျဉ်း၍ အကြံပြုခြင်း မဟုတ်ဘဲ AA နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများ လျှော့ချနိုင်ရေး၊ စစ်ဘေးရှောင်များ အရေးနှင့် စပ်လျဉ်း၍ အကြံပြုခြင်း ဖြစ်သည်ဟု ၎င်းကပြောကြားသည်။

“ဒီအစီရင်ခံစာက လက်ရှိဖြစ်ပေါ်နေတဲ့ အနေအထားတွေကို ဘက်ပေါင်းစုံကနေ အချိန်လည်းယူတယ်။ ပညာရှင်တွေနဲ့ ပေါင်းစပ်ပြီးလုပ်တာ ဖြစ်တဲ့အတွက် အစိုးရအနေနဲ့ လုပ်ဆောင်ရမယ့် နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိနိုင်လိမ့်မယ်လို့ ယူဆပါတယ်” ဟု ကော်မတီဝင် ဦးမောင်မောင်အုန်းက ပြောကြားသည်။

သမ္မတထံ တင်သွင်းထားသည့် အစီရင်ခံစာကို အများပြည်သူထံ ထုတ်ပြန်ဖွယ်ရှိ မရှိနှင့်စပ်လျဉ်း၍ ဦးမောင်မောင်အုန်းက “လောလောဆယ်တော့ သမ္မတကြီးဆီ တင်ထားတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ကျန်တာတော့ ကျွန်တော် ဘာမှမသိရသေးဘူး” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း မငြိမ်မသက်ဖြစ်စေရန် ဖန်တီးလှုံ့ဆော်မှုများ ထပ်မံမဖြစ်ပွားစေရေးနှင့် ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ရန် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီကို နိုင်ငံတော်သမ္မတရုံးက ၂၀၁၉ ခုနှစ် မတ် ၁၄ ရက်တွင် ဖွဲ့စည်းခဲ့သည်။

ကော်မတီကို ရခိုင်တိုင်းရင်းသား တစ်ဦးဖြစ်သည့် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်ကို ဦးဆောင်စေပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ကို ဒုတိယဥက္ကဋ္ဌများအဖြစ် တာဝန်ပေးထားသည်။

 

Most Read

Most Recent