YBS ယာဉ်များတွင် ယာဉ်မောင်းလိုင်စင် မမှန်မကန်ကိုင်ဆောင်၍ မောင်းနှင်သူများရှိနေကြောင်း YRTA တွဲဖက်အတွင်းရေးမှူး ပြောကြား

YBS ယာဉ်များတွင် ယာဉ်မောင်းလိုင်စင် မမှန်မကန်ကိုင်ဆောင်၍ မောင်းနှင်သူများရှိနေကြောင်း YRTA တွဲဖက်အတွင်းရေးမှူး ပြောကြား
Published 2 January 2020
ဆန်းထူးအောင်

YBS ယာဉ်များတွင် ယာဉ်မောင်းလိုင်စင် မမှန်မကန်ကိုင်ဆောင်၍ မောင်းနှင်သူများ ရှိနေကြောင်း YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောကြားသည်။

“ သတ်မှတ်လိုင်စင်နဲ့ မမောင်းနှင်တာတွေ ရှိနေတယ်။ တစ်ခုခုဖြစ်လိုက်ရင် လိုင်စင် (ခ) တွေက အဖြစ်များတယ်။ လျော့နည်းနေအောင် အထူးဆောင်ရွက်ပေးနေတယ်။ တဖြည်းဖြည်းတော့ လျော့နည်းလာတယ်။ YBS ယာဉ်မောင်းတွေ မမှန်မကန်မောင်းနှင်တာကို စစ်ဆေးတွေ့ရှိရင် ယာဉ်မောင်းတွေကို YBS အထူးသင်တန်းကျောင်း တက်ခိုင်းပြီးတော့ သင်တန်းပြီးတဲ့အခါ (င) လိုင်စင် ထုတ်ပေးသွားမှာဖြစ်တယ်” ဟု ဦးလှအောင်က ပြောကြားသည်။

YBS ယာဉ်မောင်းများအနေဖြင့် ယာဉ်မောင်းလိုင်စင် (င) ရှိရမည်ဖြစ်ပြီး လက်ရှိတွင် (ခ) လိုင်စင်ရှိသူများကို အများဆုံးတွေ့ရှိနေရကြောင်း ဦးလှအောင်က ပြောကြားသည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာအတွင်း YBS ယာဉ်လိုင်းများ မတော်တဆမှု ၃၈ မှုဖြစ်ပွားပြီး၂၉ ဦးဒဏ်ရာရရှိကာ ၁၀ ဦး သေဆုံးခဲ့ကြောင်း ဒီဇင်ဘာ ၄ ရက်က ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ရုံး၌ ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောကြားထားသည်။

အောက်တိုဘာအတွင်း YBS ယာဉ် မတော်တဆမှု ၁၇ မှုရှိပြီး ဒဏ်ရာရရှိသူ ၂၂ ဦးနှင့် သေဆုံးသူနှစ်ဦးခဲ့ကြောင်း၊ နိုဝင်ဘာအတွင်း မတော်တဆမှု ၂၁ မှုရှိပြီး သေဆုံးသူ ရှစ်ဦးနှင့် ဒဏ်ရာရရှိသူ ခုနစ်ဦးရှိခဲ့သည်။

ထို့ပြင် ၂၀၁၉ ဒီဇင်ဘာ ၁ ရက်မှ ၁၅ ရက်အတွင်း ယာဉ်တိုက်မှု လေးမှုနှင့် တိုင်ကြားမှု နှစ်မှုရှိခဲ့ရာ သေဆုံးသူတစ်ဦးနှင့် ဒဏ်ရာရရှိသူ ခုနစ်ဦးရှိခဲ့ပြီး ညပိုင်းပြေးဆွဲနေသည့် YBS စည်းကမ်းပျက်ယာဉ်များကို စစ်ဆေးရေးအဖွဲ့များဖြင့် ထိန်းချုပ်နေပြီး စည်းကမ်းပျက်ယာဉ်မောင်း ၁၀၀၀ ကျော်ကို အရေးယူခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ မတော်တဆမှုများ လျှော့ချနိုင်ရန်နှင့် စည်းကမ်းလိုက်နာနိုင်ရန်အတွက် ကုန်လမ်းပို့ဆောင်ရေးနှင့် YRTA တို့ ပူးပေါင်းဆောင်ရွက်သည့် YBS အထူးယာဉ် မောင်းသင်တန်းကို ဖွင့်လှစ်ပို့ချလျက်ရပြီး ယာဉ်မောင်းလိုင်စင်သက်တမ်း သုံးနှစ် ရှိသူများပါ  လျှောက်ထားနိုင်ကြောင်း သိရသည်။

“ ပြည်ထောင်စုပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အင်အားဖြည့်တဲ့အနေနဲ့ ကျွန်တော်တို့မှာ ငါးနှစ်ရှိမှယာဉ်ပေါ်ကို တက်ရတယ်။ ဖြေလျှော့မှုအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညှိနှိုင်းပေါင်းစပ်မှုကြောင့် YBS အထူးယာဉ်မောင်း သင်တန်းဆိုတာဖြစ်လာတာပါ။ ဒီယာဉ်ကြီးတွေ မောင်းဖို့အတွက် ငါးနှစ်မရှိပေမဲ့ သုံးနှစ် ယာဉ်မောင်းလိုင်စင် သက်တမ်းရှိခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ ဒီသင်တန်းကို တက်ရောက်ဖို့ လျှောက်ထားနိုင်ပါတယ်” ဟု ဦးလှအောင်က ပြောကြားသည်။

ယာဉ်မောင်းလိုင်စင်သက်တမ်းကို လျှော့ချထားသည့်အတွက် စိတ်ပညာစစ်ဆေးခြင်း၊ အမြင်အာရုံ၊ အကြားအာရုံစစ်ဆေးမှု ပြုလုပ်၍ထောက်ခံချက် YBS အထူးယာဉ်မောင်းသင်တန်းသို့ တက်ရောက်စေကာ ယာဉ်မောင်းနှင်မှု ဘာသာရပ်၊ အင်ဂျင်နီယာ ဘာသာရပ်ပြည်သူ့နီတိ၊ ကြက်ခြေနီနှင့် မီးဘေးအန္တရာယ်ဘာသာရပ်တို့ကို သင်ကြားလျက်ရှိကြောင်း ဦးလှအောင်က ပြောကြားသည်။

ထို့ပြင် ယာဉ်မောင်းများ၏ ယာဉ်မောင်းနှင်မှု အချက်အလက်များကို သိရှိနိုင်သည့် ယာဉ်မောင်း Smart Card များ ထုတ်ပေးလျက်ရှိပြီး လက်ရှိတွင် ယာဉ်မောင်း Smart Card ၇၆၁၂ ဦး ထုတ်ပေးထားကာ အမျိုးသမီး ယာဉ်မောင်း ကိုးဦးပါဝင်ကြောင်း သိရသည်။

မထသစနစ်မှ YBS စနစ်သို့ ပြောင်းလဲပြီးနောက် လက်ရှိတွင် ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်းပေါင်း ၁၀၀ ရှိပြီး YRTA တွင် မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေပေါင်း ၆၆၃၅ စီးရှိကာ နေ့စဉ်ယာဉ်အစီးရေ ၄၅၀၀ ကျော်ဖြင့် ပြည်သူ ၁ ဒသမ ၈သန်းခန့်ကို သယ်ယူပို့ဆောင်လျက်ရှိသည်။

 

 

Most Read

Most Recent