နှစ်သစ်ကူး အခါသမယတွင် လက်ကျန် နိုင်ငံရေး အကျဉ်းသားများအား ခြွင်းချက်မရှိ လွှတ်ပေးရန် AAPP တောင်းဆို

နှစ်သစ်ကူး အခါသမယတွင် လက်ကျန် နိုင်ငံရေး အကျဉ်းသားများအား ခြွင်းချက်မရှိ လွှတ်ပေးရန် AAPP တောင်းဆို
Published 1 January 2020
ဉာဏ်လင်းထွန်း

နှစ်သစ်ကူးအခါသမယတွင် အကြောက်တရား ကင်းစင်၍ လွတ်လပ်တရားမျှတသော ဒီမိုကရေစီ အသိုင်းအဝိုင်းကို ဖော်ဆောင်ရန် လက်ကျန် နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးစေလိုသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့် ရှောက်ရေးအသင်း (AAPP) က တောင်းဆို သည်။

လက်ကျန် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွတ်မြောက်ရေးနှင့် အခွင့်အရေးများ ရရှိရန် ဆန္ဒထုတ်ဖော် ခြင်း (သို့မဟုတ်) အမျိုးမျိုးသော ဖြစ်စဉ်များကြောင့် ထောင်တွင်း၊ ထောင်ပြင် တရားရင်ဆိုင်နေရသူများကို မျှတသော တရားစီရင်ရေးစနစ်ဖြင့် ဆုံးဖြတ် ရေးတို့ကို ၂၀၂၀ နှစ်သစ်ဆုတောင်းအဖြစ် AAPP က ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန် သည်။

“ဒါက AAPP ရဲ့ ဆုတောင်းလို့လည်း ပြောလို့ရတယ်။ တောင်းဆိုချက်လို့လည်း ပြောလို့ရတယ်။ ကျွန်တော်တို့နိုင်ငံက ဒီမိုကရေစီကို ဦးတည်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တာ နဲ့အညီ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားဆိုတာ မရှိသင့်တော့ဘူး။ ဒါ ကြောင့် ဒီလို နှစ်သစ်အခါသမယမှာ အကျဉ်း ထောင်ထဲမှာရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ တောင်းဆိုလိုက်တာပါ ” ဟု AAPP ရန်ကုန် ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်က ပြောကြား သည်။

လက်ရှိတွင် မြန်မာနိုင်ငံရှိ အကျဉ်း ထောင်အသီးသီး၌ နိုင်ငံရေးအကျဉ်းသား ၇၄ ဦးရှိပြီး အခွင့်အရေးများရရှိရန် ဆန္ဒ ထုတ်ဖော်ခြင်း (သို့မဟုတ်) အမျိုးမျိုးသော ဖြစ်စဉ်များကြောင့် ထောင်တွင်း၊ ထောင်ပြင် တရားရင်ဆိုင်နေရသူ ၅၅၇ ဦးရှိကြောင်း AAPP စာရင်းအရ သိရသည်။

AAPP ၏ ထုတ်ပြန်ချက်တွင် အကျဉ်းကျခံနေရဆဲ နိုုင်ငံရေးအကျဉ်းသားများ၏ ကိုယ်ရေးအကျဉ်းနှင့် ပြစ်ဒဏ်ချမှတ်ခံရ သည့် ပုဒ်မအမျိုးအစား၊ ချမှတ်ခံရသည့် ထောင်ဒဏ်တို့ကို ဖော်ပြထားသည်။

လက်ရှိအစိုးရလက်ထက် သုံးနှစ်ကျော်ကာလအတွင်း နိုင်ငံတော်သမ္မတက လွတ်ငြိမ်းသက်သာခွင့် ခြောက်ကြိမ်ပေးခဲ့ပြီး ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ အရ အကျဉ်းသားများကို စည်းကမ်း သတ်မှတ်ချက်မထားဘဲ ပေးခြင်းဖြစ်သည်။

ထို့ပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရှိရေးတို့အတွက် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်သတ်မှတ်ဖွင့်ဆိုပေးရန်နှင့် ပြန်လည်ကုစားရေးဥပဒေပြဋ္ဌာန်း၍ လူ့အခွင့် အရေးချိုးဖောက်ခံခဲ့ရသူများအား ကုစား ပေးရန် နိုင်ငံရေးအကျဉ်းသားဟောင်းများက တောင်းဆိုသည်။

ဒီဇင်ဘာ ၂၂ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ၀ိမုတ္တိအမျိုးသမီးအဖွဲ့ နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် “ကျွန်တော်တို့အတွက် တရားမျှတမှုက ဘယ်မှာလဲ” ခေါင်းစဉ်ဖြင့် စကားဝိုင်းတွင် ဦးဆောင်စီစဉ်သူများနှင့် ပါဝင်ဆွေးနွေးသူများက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

အာဏာရှင်အစိုးရအဆက်ဆက် မတရားကျူးလွန်ခံခဲ့ရသည့် ပြည်သူများနှင့် နိုင်ငံ ရေးအကျဉ်းသားဟောင်းများကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် တောင်းပန်ခြင်း၊ ထိုက် သင့်သည့် လျော်ကြေးများ ပေးအပ်ခြင်းတို့ အပါအဝင် ပြန်လည်ကုစားရေး၊ ပြန်လည်ထူ ထောင်ရေးတို့ကို ဥပဒေတစ်ရပ် ပြဋ္ဌာန်း ဆောင်ရွက်ပေးရန် နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က စကားဝိုင်း ဆွေးနွေးပွဲတွင် တောင်းဆိုသည်။

နိုင်ငံအတွင်း လက်ရှိကျင့်သုံးနေသည့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၃ အရ နစ်နာသူများကို ပြန်လည်ကုစားနိုင်ရေးသည် လွန်စွာခက်ခဲပြီး ပုဒ်မ ၄၀၁ အရ နိုင်ငံတော် သမ္မတက ပြစ်ဒဏ်လွတ်ငြိမ်းပေးခြင်း၊ ပြစ် ဒဏ်အမျိုးအစား ပြောင်းလဲခြင်းနည်းလမ်းမှ အပ အခြားကုစားခြင်းနည်းလမ်း မရှိကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးအောင်ဝင်းက ပြောကြားသည်။

လက်ရှိအစိုးရအနေဖြင့် လွတ်ငြိမ်း သက်သာများပေးရာတွင် နိုင်ငံရေး အကျဉ်း သားစာရင်း တောင်းခံမှုရှိသော်လည်း တရား ဝင်အသိအမှတ်ပြုခြင်း မရှိသေးကြောင်း

နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက် သည့် အဖွဲ့အစည်းများ၏ ပြောကြားချက်အရ သိရသည်။

 

 

Most Read

Most Recent