မော်တော်ယာဉ်နည်းဥပဒေ ၁၅၃(ဆ)၊ (စျ)အရ ယာဉ်စည်းကမ်းလမ်းစည်းကမ်းချိုး ဖောက်မှုများကို အရေးယူဆောင်ရွက်မှုများ ပြုလုပ်နေသော်လည်း ဆက်လက်ကျူးလွန်မှုများ ရှိနေသည့်အတွက် ထိရောက်စွာ အရေး ယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ် မှုကော်မတီက ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်တွင် ရန်ကုန်မြို့တော်အတွင်း ယာဉ်ကြောကျပ်တည်းပိတ်ဆို့မှုများမဖြစ်ပေါ်စေရေးနှင့် မော်တော်ယာဉ်စည်းကမ်း လိုက်နာစေရေးအတွက် ၁၉၈၉ ခုနှစ် မော်တော်ယာဉ်နည်းဥပဒေ ၁၅၃(ဆ)အရ မည်သည့်ယာဉ်မဆို လမ်းဆုံလမ်းခွအတွင်း လမ်းထောင့်၊လမ်းကွေ့အတွင်း၊ အဝိုင်းပတ်အတွင်း၊ ရထားလမ်းပေါ်၊ လမ်းနံဘေးနှင့် ကပ်လျက်ရှိသောယာဉ်ကြောမှအပ ကျန်ယာဉ်ကြောများအတွင်း၊ ကျောင်း၊ ဆေးရုံ အဝင်ဝ၊ တံတားလမ်းကျဉ်းအဝင်ဝနှင့် ဘေးချင်းယှဉ်သည့်နေရာ၊ မျဉ်းဖြူနှစ်ကြောင်းရှိ သောလမ်းနံဘေး၊ တစ်လမ်းမောင်းလမ်းသွယ်အတွင်း လမ်းလက်ဝဲဘက်နေရာများ နှင့် မော်တော်ယာဉ်နည်းဥပဒေ ၁၅၃(စျ)အ ရ မည်သည့်ယာဉ်မဆို ယာဉ်ထိန်းအချက် ပြမီးတိုင်၊ လမ်းညွှန်ဆိုင်းဘုတ်၊ ခြေကျင်လျှောက်သူများဖြတ်ကူးရန် ခွင့်ပြုထားသော နေရာ၊ လူကူးမျဉ်းကျားအနီးနှင့် အနီအဖြူ ကြား အမှတ်အသားပါရှိသော ကပ်တုံးနှင့် တိုင်နေရာတို့တွင် ရပ်ဆိုင်းခြင်း၊ ရပ်နားခြင်း မပြုရ၊ အဝါအနက်ကျားအမှတ်အသား ပါရှိသော ကပ်တုံးနှင့်တိုင်နေရာတို့တွင် ရပ်နားခြင်းမပြုရခြင်းတို့ကို ပညာပေးခြင်း၊ မော်တော်ယာဉ်နည်းဥပဒေအရ အရေးယူဆောင်ရွက်ခြင်းများဖြင့် ဆောင်ရွက်နေသော်လည်း ယာဉ်မောင်းသူများအနေဖြင့် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းချိုးဖောက်မှုများရှိနေသောကြောင့် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ချိုးဖောက်သည့်ယာဉ်များကိုထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရ သည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်အစီးရေပမာဏ၊ ယာဉ်ကြောထိန်းသိမ်းမှု အနေအထားနှင့် ယာဉ်ထိန်းရဲအင်အား ကွာခြားနေမှုများကြောင့် ယာဉ်အစီးရေ ၆၀၀ ခန့်ကို ယာဉ်ထိန်းတစ်ဦးဖြင့်သာ စောင့်ကြည့်ထိန်းသိမ်းနေရသည့် အနေအထားဖြစ်နေကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးလင်းထွဋ်က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ် အစီးရေသုံးသိန်းခွဲခန့်ရှိနေပြီး တာဝန်ထမ်းဆောင်လျက်ရှိသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့အင်အားမှာ ၈၅ဝခန့်သာရှိသဖြင့် ယာဉ်အရေအတွက်နှင့်ယာဉ်ထိန်းရဲအင်အား နှိုင်းယှဉ်ကြည့်ပါက ပျမ်းမျှအဆလေး ရာကျော်ကွာခြားလျက်ရှိကြောင်းသိရသည်။
ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ်တည်းမှု၊ ယာဉ်စည်းကမ်းဖောက်ဖျက်မောင်းနှင်မှုများအား ထိန်းသိမ်းဆောင်ရွက်ရာတွင် ဝန်ထမ်းအင်အားနည်းပါးမှုကြောင့် ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်၍ ယာဉ်မတော်တဆမှုနှင့် ယာဉ်ကြောကျပ်တည်းမှုကို လျှော့ချဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း ဒုရဲမှူးကြီး လင်းထွဋ်က ဆက်လက် ပြောကြားသည်။
ယာဉ်စည်းကမ်းထိန်းသိမ်းရေးနှင့် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးရေးအတွက် အဖွဲ့၁ဝဖွဲ့ ဖွဲ့၍ ဆောင်ရွက်လျက်ရှိပြီး ၂၀၁၈-၂၀၁၉ ခုနှစ် လိုင်စင်မဲ့ယာဉ် ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း၊ ဆိုင်ကယ်မစီး ရနယ်မြေများ သတ်မှတ်ထားသော်လည်း ဆိုင်ကယ်များ စီးနင်း၍ မလိုလားအပ်သည့် ဖြစ်စဉ်များဖြစ်ပွားနေသဖြင့် ထိထိရောက် ရောက်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုး၏ ပြောကြားချက်အရ သိရသည်။















