ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲကျပ်ကာလနှင့်ပတ်သက်၍ မိမိတို့နည်းပြများက အမြဲတစေပြောဆိုမှုများ ပြုလုပ်နေသော်လည်း တာဝန်ရှိသူများက အလေးထားခြင်းမရှိကြောင်း မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ညည်းတွားပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ပြီးခဲ့သည့်သောကြာနေ့က ပရီးမီးယားလိဂ်ပွဲစဉ်(၁၉)အဖြစ် ဝုလ်ဗ်အသင်းနှင့်ကစားခဲ့ရပြီး ကြားတွင် (၄၅)နာရီသာခြား၍ (ပြီးခဲ့သည့်တနင်္ဂနွေနေ့က) ရှက်ဖီးယူနိုက်တက်အသင်းနှင့် ကစားခဲ့ရသည်။
ဝုလ်ဗ်အသင်းနှင့်ပွဲတွင် ပွဲချိန်(၁၂)မိနစ်၌ ဂိုးသမား အီဒါဆန် အနီကတ်ပြထုတ်ပယ်ခံခဲ့ရရာ မန်စီးတီးအသင်းမှာ လက်ကျန်ပွဲချိန် (၈၀)မိနစ်ခန့်ကို (၁၀)ယောက် (၁၁)ယောက်ကစားခဲ့ရပြီး ပွဲအပြီးတွင် (၂-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
ဂွါဒီယိုလာက ''ဆောင်းရာသီ အနားပေးချိန်နဲ့ပတ်သက်ပြီး နည်းပြတိုင်း တူညီတဲ့သဘောထားရှိကြပါတယ်။ ဒါပေမဲ့ ရာသီတိုင်း ပုံမှန်ပါပဲ။ ကျွန်တော့်ရဲ့စကားတွေက ဘာမှ မပြောင်းလဲနိုင်ပါဘူး။ မော်ရင်ဟိုလည်း ဒီလိုပြောခဲ့ပြီးပါပြီ။ ယာဂန်က လော့ပ်လည်း ဒီလိုပြောခဲ့ပြီးပါပြီ။ ဒါပေမဲ့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကတော့ ဒီအတိုင်းဆုံးဖြတ်ပြီး ကျွန်တော်တို့လည်း ကစားနေရတာပါပဲ။ ဒါဟာ ပြောင်းလဲမယ်လို့ ကျွန်တော်တော့ ယုံ ကြည်ချက်မရှိတော့ပါဘူး။ သူတို့က ကျွန်တော်တို့စကားကို အလေးမထားပါဘူး''ဟု ပြောကြားခဲ့သည်။