တပ်မတော်သည် စည်းကမ်းတကျ၊ အမိန့်နှင့် ညွှန်ကြားချက်ဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံ့ကိုယ်စားပြု တပ်မတော်ဖြစ်သည့်အတွက် တပ်မတော်သားများ အနေဖြင့် ပြဋ္ဌာန်းထားသော စစ်ဘက်၊ နယ်ဘက်ဆိုင်ရာ ဥပဒေများကို သိရှိနားလည်ရန် လိုသကဲ့သို့ လိုက်နာရန် လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

တပ်မတော်သည် စည်းကမ်းတကျ၊ အမိန့်နှင့် ညွှန်ကြားချက်ဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံ့ကိုယ်စားပြု တပ်မတော်ဖြစ်သည့်အတွက် တပ်မတော်သားများ အနေဖြင့် ပြဋ္ဌာန်းထားသော စစ်ဘက်၊ နယ်ဘက်ဆိုင်ရာ ဥပဒေများကို သိရှိနားလည်ရန် လိုသကဲ့သို့ လိုက်နာရန် လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Published 25 December 2019

တပ်မတော်သည် စည်းကမ်းတကျ၊ အမိန့်နှင့် ညွှန်ကြားချက်ဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံ့ကိုယ်စားပြု တပ်မတော်ဖြစ်သည့် အတွက် တပ်မတော်သားများအနေဖြင့် ပြဋ္ဌာန်းထားသည့် စစ်ဘက်၊ နယ်ဘက်ဆိုင်ရာ ဥပဒေများကို သိရှိနားလည်ရန် လိုသကဲ့သို့ လိုက်နာရန် လိုအပ်ကြောင်း ရန်ကုန်မြို့ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) စစ်ရေးပြကွင်း၌ ဒီဇင်ဘာ ၂၃ ရက် က ကျင်းပသည့် ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက်ရောက် မိန့်ခွန်းပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ  မင်းအောင်လှိုင်က သင်တန်းဆင်း ဗိုလ်လောင်းများအား မိန့်ခွန်းပြောကြားရာ၌ တပ်မတော်အနေဖြင့် “နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို အသက်ပေး ထမ်းဆောင်နေကြသူများဖြစ်သည်နှင့်အညီ စစ်စည်းကမ်းသည် မိမိတို့ တပ်မတော်၏ ကျောရိုးမဏ္ဍိုင်ပင် ဖြစ်ကြောင်း၊ တပ်မတော်သားများ ဖြစ်သည့်အတွက် စစ်ဘက်ဥပဒေများအပြင် နယ်ဘက်ဆိုင်ရာ ထုတ်ပြန်ထားသည့် စည်းကမ်း၊ ဥပဒေများကို အလေးထားလိုက်နာရမည် ဖြစ်ကြောင်း၊ အမိန့်နာခံမှု၊ စစ်စည်းကမ်း ကောင်းမွန်မှုနှင့် စည်းလုံးညီညွတ်မှုတို့သည် တပ်မတော်၏ အစဉ်အလာကောင်းများပင် ဖြစ်ကြောင်း၊ တပ်မတော်သည် တိုင်းရင်းသား ပြည်သူများမှ ပေါက်ဖွားလာသည့် သွေးချင်း ညီအစ်ကို မောင်နှမများနှင့် ဖွဲ့စည်းထားသည့် တပ်မတော်ဖြစ်သောကြောင့် ပြည်ထောင်စုတပ်မတော် ဖြစ်သကဲ့သို့ စည်းကမ်းစနစ်တကျ၊ အမိန့်နှင့်ညွှန်ကြားချက်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်၍ အမိမြန်မာနိုင်ငံတော်ကို ကိုယ်စားပြုသည့် တပ်မတော်လည်း ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်သားများ အနေဖြင့် ပြဋ္ဌာန်းထားသည့် စစ်ဘက်၊ နယ်ဘက်ဆိုင်ရာ ဥပဒေများကို သိရှိ နားလည်ရန် လိုသကဲ့သို့ လိုက်နာရန်လည်း လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သွေးချင်းညီအစ်ကို တိုင်းရင်းသားမောင်နှမများဖြင့် ဖွဲ့စည်းထားသည့် မိမိတို့ တပ်မတော်တွင် လူမျိုးရေး၊ ဘာသာ ရေးခွဲခြားမှု အလျဉ်းမရှိသကဲ့သို့ ထုတ်ပြန် ထားသည့် စည်းကမ်း၊ ဥပဒေသည်လည်း တစ်သွေး၊ တစ်သံ၊ တစ်မိန့်တည်းပင်ဖြစ် ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေသည့် အမျိုးသား၊ အမျိုးသမီးမရွေး အားလုံးသည် တပ်မတော်၏ စုစည်းမှုအောက်တွင် တစ်စည်းတစ်လုံးတည်းပင် ဖြစ်နေကြရန် လိုအပ်ကြောင်း၊ မိမိတို့ တပ်မတော်သည် နိုင်ငံ၏ ကာကွယ်ရေးကဏ္ဍအတွက် အဓိကအဖွဲ့အစည်းတစ်ခု ဖြစ်သောကြောင့် စည်းကမ်းလိုက်နာမှု၊ အမိန့်နာခံတတ်မှု၊ အထက်အောက် အပြန်အလှန် ရိုသေလေးစားမှုများနှင့် စစ်သားကောင်း စိတ်မွေးမြူပြီး စည်းစည်းလုံးလုံး တာဝန်ထမ်းဆောင်ရမည် ဖြစ်ကြောင်း၊ တပ်မတော်သားများအားလုံး လိုက်နာစောင့်ထိန်းရမည့် စစ်သည်တော်ကျင့်ဝတ် အပါး ၆၀ ပါအချက်များအတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ မည်သည့်အဖွဲ့အစည်းတွင်မဆို ခေါင်းဆောင်မှု အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် မိမိကိုယ်ကိုယ် ကောင်းမွန်အောင် အမြဲတမ်းတည်ဆောက်ရန်လိုပြီး မိမိအဖွဲ့အစည်းက အားကိုးရသည့် ခေါင်းဆောင် များဖြစ်ရန်နှင့် မိမိတို့အရည်အသွေး တိုးတက်အောင် ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ စစ်ဘက် ခေါင်းဆောင်များအနေဖြင့် လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံပြီး မိမိဦးဆောင်သည့်အဖွဲ့အစည်း၏ စီးပွား ရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေး စသည့် သက်သာချောင်ချိမှု၊ အုပ်ချုပ်မှု ကိစ္စမှန်သမျှကို မှန်မှန်ကန်ကန်နှင့်ဦးဆောင် ပြီး စီမံခန့်ခွဲပေးရမည်ဖြစ်ကြောင်း၊ အရာရှိ များဖြစ်လာသည့်အခါ ကောင်းမွန်သည့် အကျင့်ကိုမွေးမြူ၍ မိမိနှင့် အဖွဲ့အစည်းကောင်းအောင် ဆောင်ရွက်နေကြရန်မှာ ကြားလိုကြောင်း၊ မိမိနှင့် လက်အောက်ကို အလိုမလိုက်ရန်လည်း လိုအပ်ကြောင်း၊ “သွားသင့်သည့်နေရာကိုသာ သွားရန်၊ ပေါင်းသင့် သည့်သူကိုသာပေါင်းရန်၊ လုပ်သင့်သည့် အလုပ်ကိုသာလုပ်ရန်နှင့် ပြောသင့်သည့် စကားကိုသာ ပြောရန်ဆိုသည့် သင့် လေးသင့်” ကို လိုက်နာ ဆောင်ရွက်ရမည်ဖြစ် ကြောင်း ပြောကြားသည်။

ထို့နောက် တပ်မတော်၏ “အဓိက လုပ်ငန်းကြီး သုံးရပ်အဖြစ် နိုင်ငံတော် ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်” ဆိုပြီး ချမှတ်ပြဋ္ဌာန်းပေးထားပြီး ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန် ဆိုသည့်နေရာတွင် သာမန်အားဖြင့် နိုင်ငံတော်ကို ထိပါးလာမည့် ပြည်တွင်း၊ ပြည်ပအန္တရာယ်များကို ချေမှုန်းတိုက်ခိုက်သွားရန် ဖြစ်ကြောင်း၊ ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသည် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် မိမိတို့နိုင်ငံ၏ ကာကွယ်ရေးစွမ်းအားကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် တည်ဆောက်နေကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ပထဝီနိုင်ငံရေးအရ မဟာဗျူဟာကျသည့် တည်နေရာအနေအထားတွင် ရှိပြီး လူမျိုးရေး၊ ဘာသာရေး၊ အိမ်နီးချင်းနိုင်ငံများနှင့် သမိုင်းကြောင်းများအရ ဆက်စပ်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် မိမိနိုင်ငံသားများ၏ တိုင်းရင်းသားအဖြစ် တည်ရှိမှုကို ထိန်းသိမ်းကာကွယ်နိုင်ရန်အတွက် တပ်မတော်သည် နိုင်ငံတကာ တပ်မတော်များနှင့် ရင်ဘောင်တန်းနိုင်သည့် တပ်မတော်ဖြစ်ရန် တည်ဆောက်သွားရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

Most Read

Most Recent