မြန်မာနိုင်ငံ၏ လက်ရှိဆန်စပါးကဏ္ဍ အခြေအနေမှာ စိုက်ပျိုးသူ၊ ကြိတ်ခွဲသူနှင့် ရောင်းဝယ်သူများပါ တွက်ခြေမကိုက်သည့် ကာလကို ရောက်ရှိနေကြောင်း ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ပြောကြားသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ဒေသကော်မတီများ ဖွဲ့စည်းခြင်းကို ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ပြုလုပ်ခဲ့ပြီး ပြည်ခရိုင် ခြောက်မြို့နယ်မှ တောင်သူလယ်သမား၊ ဆန်စက်ပိုင်ရှင်များနှင့် ရောင်းဝယ်ဖောက်ကားသူများက တက်ရောက်ခဲ့ကြပြီး အဖွင့်အမှာစကား ပြောကြားရာတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဒီအချိန်မှာ ပိုအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ စိုက်ပျိုးသူရော၊ ကြိတ်ခွဲသူ၊ ရောင်းဝယ်သူတွေပါ တွက်ခြေသိပ်မကိုက်တဲ့ ကာလကို ဆိုက်ရောက်နေပါတယ်။ ဒါကြောင့်မို့ တွက်ခြေမကိုက်တာကနေ တွက်ခြေကိုက်လာအောင် ဘာတွေလုပ်ရမယ်၊ ဘာတွေချိတ်ဆက်ရမယ်ဆိုတာ အခြေခံဒေသဖြစ်တဲ့ မြို့နယ်တွေမှာ ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်နိုင်မှသာ အောင်မြင်မယ်ဆိုတဲ့ အသိကို အရင်တုန်းက ဆန်စပါးအသင်းချုပ်ကြီး ဥက္ကဋ္ဌဖြစ်တဲ့ ဦးချစ်ခိုင်ကိုက လမ်းညွှန်ထားတာ ရှိပါတယ်။ ဒါကို ကျွန်တော်တို့က အကောင်အထည်ဖော်တဲ့ အနေနဲ့ရော နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ကျွန်တော်တို့နဲ့ပွဲတွေမှာ အစည်းအဝေးတွေမှာတွေ့တိုင်း လမ်းညွှန်တာကတော့ စိုက်ပျိုးထုတ်လုပ်သူရော၊ ကြိတ်ခွဲသူရော၊ ရောင်းဝယ်ဖောက်ကားသူရော မျှတတဲ့နည်းစနစ် တစ်ခုကို တည်ထောင်ပြီး ညှိနိုင်းပူးပေါင်း ဆောင်ရွက်ဖို့ လမ်းညွှန်ထားပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးသောင်းအေးက ပြောကြားသည်။
ပဲခူတိုင်းဒေသကြီး၏ ဒေသကော်မတီ (၃) ဖွဲ့စည်းခြင်းကို ပြည်မြို့တွင် လာရောက် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဆန်စပါး အသင်းချုပ် အနေဖြင့် ဒေသတွင်းရှိ အခြေခံကျသော စိုက်ပျိုးထုတ်လုပ် ကြိတ်ခွဲရောင်းချသူများ၏ လုပ်ငန်းများဖြင့် ချိတ်ဆက်နိုင်ရန် ကော်မတီများ ဖွဲ့စည်းရခြင်းဖြစ်ပြီး ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြရန် မျှော်လင့်ကြောင်း ဆန်စပါးအသင်းချုပ် တာဝန်ရှိသူများက ဆိုသည်။
“ဆန်စပါး အခြေအနေကို အနည်းငယ် တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ လက်ရှိအခြေအနေမှ ကျွန်တော်တို့ရဲ့ ဆန်စပါးကဏ္ဍကြီး တစ်ခုလုံးကို ဒီနှစ်ဆိုရင် ရှေ့မှာလည်း ပြောသွားပါတယ်။ ဒီနှစ်မှာ တောင်သူတွေအတွက် တွက်ခြေသိပ်မကိုက်ကြဘူး။ ဘာကြောင့်လဲဆိုတော့ စျေးတွေကျတယ်။ ဆန်စပါး အရည်အသွေးတွေ အနည်းငယ် ကျဆင်းမှုတွေရှိတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ပြောကြားသည်။
အဆိုပါ ဒေသကော်မတီများ ဖွဲ့စည်း၍ တောင်သူလယ်သမားများနှင့် ဆန်စပါးနှင့် သက်ဆိုင်သည့်ကဏ္ဍ အသီးသီး၏ အခက်အခဲများကို ညှိနှိုင်းကာ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ကာ ကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။















