ဗစ်တိုးရီးယားအမှုမှ စွပ်စွဲခံထားရသူအောင်ကြီးအား ၁၃ ကြိမ်မြောက် ရုံးချိန်းတွင် ဒက္ခိဏခရိုင်တရားသူကြီး ဦးတင့်လွင်က ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၅၃ (၂) အရ တရားရှင်လွှတ်ပေးခဲ့သည်။
ဒီဇင်ဘာ ၁၈ ရက်နေ့ရုံးချိန်းတွင် ဗစ်တိုးရီးယားကလေးငယ် ကိုယ်တိုင်ထွက်ဆိုချက်များအတိုင်း အမှုအတွက်အရေးကြီးသည့် တရားလိုပြသက်သေ မူကြိုဆရာမနှင်းနုအား စစ်ဆေးခဲ့ပြီးနောက် တရားသူကြီးဦးတင့်လွင်က ညနေ ၅ နာရီကျော်တွင် အောင်ကြီးအား တရားရှင်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
"တရားလိုနဲ့ လိုပြသက်သေတွေက ဒီအမှုကျူးလွန်သူဟာ မင်းပါလို့ဘယ်သူကမှ မပြောတဲ့အပြင် မင်းမဟုတ်ပါဘူးလို့ပဲ ထွက်ဆိုခဲ့ကြလို့ ဒီအမှုမှာ မင်းကိုတရားရှင် လွှတ်ပေးလိုက်တယ်" ဟု ဒက္ခိဏခရိုင်တရားသူကြီး ဦးတင့်လွင်က တရားခွင်အတွင်း၌ ပြောကြားခဲ့သည်။
ယင်းသို့အောင်ကြီးအား တရားသူကြီးက တရားရှင်လွှတ်ပေးလိုက်သည့်အတွက် စွပ်စွဲခံထားရသူအောင်ကြီးမှ တရားခွင်အတွင်းရှိ တရားသူကြီးများနှင့် ရှေ့နေများအား ကျေးဇူးတင်သည့်အနေဖြင့် လက်အုပ်ချီ ကန်တော့ခဲ့သည်။
"သက်သေမကုန်သေးခင်မှာ အရေးကြီးတဲ့သက်သေတွေ၊ အရာရောက်တဲ့သက်သေတွေစစ်ပြီးတဲ့အခါမှ သူဟာအပြစ်ကျူးလွန်စရာမရှိဘူးဆိုတာကို ယူဆစရာမရှိဘူးလို့ သတ်မှတ်တဲ့အခါမှာ ကနဦးသက်သေခံချက် မပေါ်ဘူးဆိုပြီးတော့ လွှတ်ပါတယ်။တရားလိုပြ သက်သေမကုန်ခင်မှာ ဖြတ်ပြီးတော့ ရှိတဲ့သက်သေတွေအရသုံးသပ်ပြီးတော့ ဘယ်လိုမှမပေါ်နိုင်တော့ဘူးလို့ ယူဆတဲ့အတွက်ကြောင့် တရားသူကြီးလွှတ်တယ်။ ဥပဒေနဲ့လည်းညီပါတယ်" ဟု အောင်ကြီး၏ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။
အောင်ကြီးအား တရားသူကြီးမှ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၅၃(၂)အရ တရားရှင်လွှတ်ပေးခဲ့သော်လည်း တရားစွဲအဖွဲ့အစည်းနှင့် ဥပဒေအရာရှိများမှ အောင်ကြီးအား မလွှတ်သင့်သေးဘူးဟုဆိုကာ မန္တလေးတိုင်းတရားရုံးသို့ တက်ရောက်ကန့်ကွက်နိုင်ကြောင်း သိရသည်။
တရားစွဲအဖွဲ့အစည်းနဲ့ဥပဒေအရာရှိက ဒါဟာမလွှတ်သင့်ဘူးဆိုရင် တိုင်းအဆင့်ကနေ စတက်မယ်။ မန္တလေးတိုင်းလွှတ်တော်ကနေ ခေါ်ပြီးတော့ ဒီအဆင့် မလွှတ်သင့်သေးဘူးဆိုရင်တော့ ပြန်စစ်ရမယ်ပေါ့။
သူ့အဆင့်ကတော့ တရားရှင်လွှတ်လိုက်တယ်။ တရားလိုပြသက်သေကုန်မှ ကနဦးသက်သေ မပေါ်ဘူးလို့ စဉ်းစားတာမဟုတ်ဘူး။ စစ်ရင်းကနေ အရေးကြီးတဲ့ သက်သေတွေကုန်ပြီ ဒီအဆင့်မှာ ဘာမှစဉ်းစားစရာမလိုဘူး ဆိုပြီးလွှတ်တာ။ ဥပဒေအရာရှိက အပေါ်တက်မလားဆိုတာပါဘဲ" ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။
စွပ်စွဲခံထားရသူအောင်ကြီးသည် ပုဒ်မ ၃၇၆ ဖြင့် ခြောက်လကျော်ကြာအချုပ်ထောင်တွင် ချုပ်နှောင်ခံခဲ့ရသည့်အပြင် နစ်နာမှုခဲ့မှုများအတွက် စဉ်းစားသွားရဦးမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ကာယကံရှင် ကလေးငယ်နှင့် ၎င်း၏မိဘများအတွက် စာနာသည့်အတွက် အပြည့်အဝမပျော်ကြောင်း ဦးခင်မောင်ဇော်က ဆိုသည်။
လွတ်မြောက်လာသူ ကိုအောင်ကြီးက " အချုပ်ထောင်ထဲမှာ စားသလောက်ဝင်တယ်။ အိပ်လို့လုံးဝမပျော်ဘူး။ ဘာလို့လည်းဆိုတော့ ဒီအပြစ်ကြီးကို ခံရမလားဆိုပြီး စိတ်ကြီးနဲ့လုံးဝကို ခံစားရပါတယ်။ ဒါရင်ထဲက အမှန်တရားပါ။ အခုလိုမျိုး လွတ်မြောက်ခဲ့တဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ်။ အဘဦးခင်မောင်ဇော်နဲ့တကွ ရှေ့နေဆရာ၊ ဆရာမတွေကို ကျေးဇူးတင်ပါတယ်။ ဆရာက ကျွန်တော့်ဘဝအတွက် ကယ်တင်ရှင်ကြီးပါ။ ပြည်သူတွေအားလုံးကိုရော ကျေးဇူးတင်ပါတယ်" ဟု သတင်းမီဒီယာများအား ပြောကြားသည်။
အောင်ကြီးအမှုအတွက် တရားခွင်အတွင်း တရားလိုပြသက်သေများအား စစ်ဆေးခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က " ဒီအမှုကို ဆရာနဲ့အတူစပြီး လက်ခံခဲ့ကတည်းက အောင်ကြီးက ဘယ်လိုမှ သူ့ကို ကျူးလွန်နိုင်ဖွယ်မရှိဘူးလို့ ကျွန်မတို့က ယူဆတဲ့အတွက် အတိုက်အခိုက်မျိုးစုံ အပြောအဆိုမျိုးစုံ အန္တရာယ်ပေးမှုမျိုးစုံ ကြားထဲကနေပြီးတော့ ကျွန်မတို့ ဒါကိုတောင့်ခံပြီးတော့ ဒီအမှုကို လိုက်ခဲ့တဲ့အတွက် ကျွန်မတို့ အောင်မြင်ခဲ့တဲ့ အမှုတွေ အများကြီးရှိခဲ့သော်လည်း ဒီအမှုကိုတော့ ကျွန်မအပျော်ဆုံးပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီအမှုက အကုန်လုံး ဘဝနဲ့ရင်းပြီး လိုက်ခဲ့တဲ့အတွက် ကျွန်မဘဝအတွက်ကတော့ ဒီနေ့အချိန်မှာ အမှတ်အရဆုံးပေ့ါနော်။ ဘဝမှာ အမှတ်တရအဖြစ်ဆုံး အမှုကြီးပါ။ ကျွန်မရှေ့နေလုပ်တာ ၁၅ နှစ်ရှိပြီ ဒီနေ့လောက်ပျော်တဲ့နေ့ မရှိဘူး။ ကျွန်မ မင်္ဂလာဆောင်တာတောင် ဒီလောက်မပျော်ဘူး" ဟု ပြောကြားသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲချုပ်အောင်နိုင်သူက အောင်ကျော်မျိုး (ခ) အောင်ကြီး ဖမ်းဆီးခဲ့ခြင်းသည် ခိုင်မာသည့် သက်သေအထောက်အထားများ ရှိ၍သာ တရားစွဲတင်ခဲ့ခြင်းဖြစ်ကြောင်း ဇူလိုင် ၅ ရက်က နေပြည်တော်ရှိ သမ္မအိမ်တော် သတင်းစာရှင်းလင်းခန်းမဆောင်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သတင်းမီဒီယာများအား ပြောဆိုထားသည်။
ဒုရဲချုပ်အောင်နိုင်သူက " ကလေးမလေးရဲ့ကိုယ်ထဲမှာတွေ့တဲ့ ဆေးစာပြန်ကြားချက်၊ မသင်ကာ တရားခံရဲ့အတွင်းခံဘောင်းဘီက ပြန်ကြားချက်၊ နောက်တစ်ခါ မသင်ကာ တရားခံသည် သူကိုယ်တိုင်ဒီနေရာကို ရောက်တယ်ဆိုတဲ့ သက်မဲ့သေသက်သေဖြစ်တဲ့ CCTV ရဲ့တွေ့ရှိချက်၊ ကာယကံရှင်ကိုယ်တိုင်က သူကပြုကျင့်ခံရတာ ဒီလူပါလို့ပြောထားတဲ့ ဗွီဒီယိုင်ဖိုင် ကျွန်တော်တို့မှာ ရှိတယ်။ အဲ့ဒါတွေသက်သေခံအဖြစ် ကျွန်တော်တို့တရားရုံးကို တင်တယ်။ ကလေးကပြောနေတာ။ သူ့ကိုလက်နဲ့ လုပ်ပါတယ်လို့ပြောတယ်။ အဲ့ဒီလိုဆိုရင် ဘာဖြစ်လို့စပမ်းရှိတာလဲ ခင်ဗျားတို့က မေးမယ်လို့ ကျွန်တော်တို့ သုံးသပ်ရပါတယ်။ နှိုက်ထားပြီးတော့မှ ကလေးကိုနှိုက်လိုက်ရင် ဒီစပမ်းကပါသွားနိုင်တယ် " ဟု ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း နိုင်ငံတော်သမ္မတနှင် ့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့မှ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လျစ်လျှူရှု့ထားခြင်း၊ မျက်ကွယ်ပြုထားခြင်းမရှိဘဲ အမှုမှန်ကို မြန်မြန်ဆန်ဆန်ဖော်ထုတ်ကာ အရေးယူနိုင်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာ၊ မြန်မာနိုင်ငံရဲ့တပ်ဖွဲ့မှာ တာဝန်ရှိသူများအား မှားကြားထားသည်ဟု အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။















