နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ICJ ကြားနာမှုဆိုင်ရာ အတွေ့အကြုံများနှင့် စပ်လျဉ်း၍ ပြည်သူလူထုသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းကို မြန်မာ့ရုပ်မြင်သံကြားနှင့် မြန်မာ့အသံ ရေဒီယိုတို့၌ ဒီဇင်ဘာ ၁၈ ရက် ည ၈ နာရီတွင် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၇ ရက်က နိုင်ငံတော်အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားမှုနှင့် ပတ်သက်ပြီး နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ရှိ IJC သို့ သွားခဲ့ပြီး ဒီဇင်ဘာ ၁၀ ရက်က ဂမ်ဘီယာနိုင်ငံဘက်က လျှောက်လဲချက်ကို ကြားနာခြင်းကို တက်ရောက်ခဲ့သည်။
ထို့နောက် ဒီဇင်ဘာ ၁၁ ရက် ဒုတိယနေ့တွင် မြန်မာဘက်မှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော တာဝန်ရှိသူများက နှုတ်ဖြင့်လျှောက်ထားမှုများကို ပြုလုပ်ခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ဒီဇင်ဘာ ၁၂ ရက်တွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ဒုတိယအကြိမ် ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံ၏ ရှင်းလင်းပြောကြားမှုများ ပြုလုပ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြိုမှ နေပြည်တော်သို့ ဒီဇင်ဘာ ၁၄ ရက် ညနေ ၅ နာရီခွဲတွင် ပြန်လည်ရောက် ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ နေပြည်တော်သို့ ပြန်လည် ရောက်ရှိချိန်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဆောင်ရွက်မှုကို ထောက်ခံအားပေးကြသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ထမ်းများ၊ ပြည်သူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက “အမေစု ကျန်းမာပါစေ၊ အမေစု ကြံဆောင်သမျှအောင်ပါစေ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူရပ်တည်မည်” ဆိုသည့် ကြွေးကြော်သံများဖြင့် လက်ကိုင်ဆိုင်းဘုတ်များကို ဝှေ့ရမ်းကာ နေပြည်တော်လေဆိပ်မှ သပြေကုန်းအဝိုင်းအထိ သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ရှိ ICJ သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အဖွဲ့ဝင်အဖြစ် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဦးကျော်တင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဥပဒေအကြံပေး အဖွဲ့ဝင်များ လိုက်ပါခဲ့ကြောင်းသိရသည်။















