လာမည့်နှစ် ဒေသန္တရ ရွေးကောက်ပွဲများတွင် မြို့တော်ဝန်ရာထူးများအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို၏သားဖြစ်သူနှင့် သမက်ဖြစ်သူတို့ အမည်စာရင်းတင်သွင်းခဲ့ပြီးနောက် ဝီဒိုဒိုသည် အမွေခံနိုင်ငံရေး မင်းဆက်တစ်ခုကို ထူထောင်ရန် ကြိုးပမ်းနေသည်ဟူသော ဝေဖန်ရေးသမားများ၏ စွပ်စွဲချက်များကို ၎င်းက ငြင်းဆိုခဲ့သည်။
၂၀၁၄ ခုနှစ်တွင် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဝီဒိုဒိုသည် အာဏာရှင်ဆူဟာတို ဖြုတ်ချခံခဲ့ရသည့် ၁၉၉၈ ခုနှစ်နောက်ပိုင်း နိုင်ငံ့အာဏာကို ဖက်တွယ်ခဲ့ကြသော စစ်တပ်နှင့် သြဇာကြီး နိုင်ငံရေးသမား အသိုက်အဝန်းနှင့် ကင်းရှင်းသူတစ်ဦးဟု ရှုမြင်ခံရသည်။
ဂျာဗားကျွန်းရှိ ဆိုလိုမြို့တော်ဝန်ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် ဝီဒိုဒို၏အကြီးဆုံးသားဖြစ်သူ ဂီဘရန်ရာကာဘူမင်းရာကာ နှင့် ဆူမတ်တြားရှိ မီဒန်မြို့တော်ဝန်ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် ဝီဒိုဒို၏သမက်ဖြစ်သူ ဘော်ဘီဆာဆူရှင်းတို့ အမည်စာရင်း တင်သွင်းခဲ့ကြပြီးနောက်တွင် ဝီဒိုဒိုသည် ၎င်း၏သားဖြစ်သူ ရာကာ နှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမှုကို ရင်ဆိုင်ခဲ့ရသည်။
“ ဒါက ပြိုင်ပွဲတစ်ခုပါ။ ပြိုင်ပွဲတွေမှာ သင်တို့ အနိုင်ရနိုင်သလို ရှုံးလည်းရှုံးနိုင်ပါတယ်။ ပြည်သူတွေရဲ့ ရွေးချယ်မှုအပေါ်မှာပဲ မူတည်တာ ” ဟု Twitter ပေါ်တွင် တင်ထားသော tvOne သတင်းဌာန၏ ရုပ်သံသတင်း တင်ဆက်မှုအတွင်း ဝီဒိုဒိုက ပြောကြားထားသည်။
သားဖြစ်သူ ရာကာသည် ဝီဒိုဒို၏ပါတီဖြစ်သော အင်ဒိုနီးရှား ဒီမိုကရက်တစ်ပါတီ (PDI-P) ၏ ထောက်ခံမှုရထားသော်လည်း ဝီဒိုဒိုကမူ ယင်းသည် မြို့တော်ဝန်ရာထူးအတွက် ယှဉ်ပြိုင်ရန် ရာကာ၏ ဆုံးဖြတ်ချက်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။
လုပ်ပိုင်ခွင့်အာဏာရှိသူ၏ မိသားစုဝင်များသည် အင်ဒိုနီးရှားနိုင်ငံရေးလောကအတွင်းသို့ ထဲထဲဝင်ဝင် ဝင်ရောက်လေ့ရှိကြသည်။ အင်ဒိုနီးရှားသမ္မတနိုင်ငံကို ထူထောင်သူ၊ နိုင်ငံ၏ပထမဆုံးသမ္မတ ဆူကာနို၏ မိသားစုဝင်များသည် လက်ရှိအချိန်ထိ အင်ဒိုနီးရှား နိုင်ငံရေးလောက၌ သြဇာကြီးနေဆဲဖြစ်သည်။ ဆူကာနို၏ သမီးဖြစ်သူ မီဂါ၀ါတီဆူ ကာနိုပူထရီသည် အင်ဒိုနီးရှားနိုင်ငံ၏ ပဥ္စမမြောက် သမ္မတဖြစ်ခဲ့ပြီး လတ်တလောတွင် PDI-P ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။ ဆူကာနိုပူထရီ၏ သမီးဖြစ်သူ ပူအန်မာဟာရာနီသည် အင်ဒိုနီးရှားလွှတ်တော် ဥက္ကဋ္ဌဖြစ်သည်။
အစိုးရဌာနဆိုင်ရာ ရာထူးများအတွက် ရွေးကောက်ပွဲတွင် ဝီဒိုဒို၏မိသားစုဝင်များ ဝင်ရောက်ယှဉ်ပြိုင်ကြမှု နှင့်ပတ်သက်၍ ပြဿနာရှိသည်ဟု မယူဆကြောင်း PDI-P ပါတီဝင်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ အရီယာဘီမာက ဆိုသည်။
ဝီဒိုဒို၏ မိသားစုဝင်များ နိုင်ငံရေးအတွင်း ဝင်ရောက်လာမှုသည် ဝီဒိုဒို၏ ဂုဏ်သတင်းကို ထိခိုက်စေကြောင်း ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့မှ အမှုဆောင် ဒါရိုက်တာတစ်ဦးက ပြောကြားခဲ့သည်။
ဝီဒိုဒိုသည် သမ္မတအဖြစ်ရွေးကောက် တင်မြှောက်ခြင်းမခံရမီ၂၀၀၅ ခုနှစ်တွင် ဆိုလိုမြို့တော်ဝန်အဖြစ် တိုက်ရိုက်ရွေးချယ်ခံခဲ့ရပြီး လမ်းများသန့်ရှင်းစေရန် လုပ်ဆောင်ခြင်း၊ ထောင်ပေါင်းများစွာသော လမ်းဘေး စျေးသည်များကို စျေးရုံသစ်များသို့ ရွှေ့ပြောင်းလာစေရန် မက်လုံးပေးဆွဲဆောင်ခြင်း၊ တိုက်တွန်းခြင်းများကြောင့် လူကြိုက်များလာခဲ့ခြင်းဖြစ်သည်။















