Zero Budget Tour တရုတ်ခရီးသွားတွေဆီက မြန်မာ့ ခရီးသွားကဏ္ဍအတွက် ဘာတွေမျှော်လင့်နိုင်မလဲ

Zero Budget Tour တရုတ်ခရီးသွားတွေဆီက မြန်မာ့ ခရီးသွားကဏ္ဍအတွက် ဘာတွေမျှော်လင့်နိုင်မလဲ
မန္တလေးမြို့ ကုသိုလ်တော်ဘုရားတွင် လက်မှုပစ္စည်းဝယ်ယူရန် လေ့လာနေသော တရုတ်ခရီးသွားများအား တွေ့ရစဉ် (ဓာတ်ပုံ-ဌေးလှအောင်)
မန္တလေးမြို့ ကုသိုလ်တော်ဘုရားတွင် လက်မှုပစ္စည်းဝယ်ယူရန် လေ့လာနေသော တရုတ်ခရီးသွားများအား တွေ့ရစဉ် (ဓာတ်ပုံ-ဌေးလှအောင်)
Published 8 December 2019
ဌေးလှအောင်

မြန်မာနိုင်ငံမှာ အဖိုးတန်သဘာဝသယံဇာတတွေ ပေါကြွယ်ဝသလို သဘာဝရေမြေ တောတောင် အလှအပတွေ တိုင်းရင်းသား ရိုးရာဓလေ့တွေနဲ့ သမိုင်းဆိုင်ရာယဉ်ကျေးမှု အမွေအနှစ်တွေ များစွာတည်ရှိနေပါတယ်။နိုင်ငံအတွင်း တည်ရှိနေတဲ့ သဘာဝအလှ အပတွေနဲ့ ရိုးရာဓလေ့၊ ယဉ်ကျေးမှုအမွေ အနှစ်တွေကို ပြည်တွင်းသာမက ပြည်ပက  နိုင်ငံတကာ ခရီးသွားတွေပါ စိတ်ဝင်တစား လာရောက်လည်ပတ် လေ့လာလျက်ရှိပါတယ်။ ပြည်တွင်းမှာ နိုင်ငံတကာခရီးသွားတွေ လာရောက်လည်ပတ်မှုကြောင့် နိုင်ငံရဲ့ ခရီးသွားကဏ္ဍမှ နိုင်ငံခြားဝင်ငွေများစွာ ရှာဖွေပေးလျက်ရှိပါတယ်။ ခရီးသွားလုပ်ငန်းဟာ နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေရှာဖွေပေးနေတဲ့ လုပ်ငန်းတွေအနက် အဓိကအခန်း ကဏ္ဍက ရပ်တည်လျက်ရှိပါတယ်။

ခရီးသွားလုပ်ငန်းဟာ နိုင်ငံခြားဝင်ငွေ ရှာဖွေပေးတာအပြင် ပြည်တွင်းအလုပ်အကိုင်ရရှိမှု၊ ခရီးသွားအပေါ်မှီခိုပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပါအဝင် ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရေးအတွက်ပါ အထောက်အကူ ပြုနိုင်မှုအစရှိတဲ့ နိုင်ငံအတွက်အကျိုးရှိပြီး မီးခိုးမထွက်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုလို့ တင်စားသုံးစွဲကြပါတယ်။ ဒါကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း စနစ်တကျရေရှည်ဖွံ့ဖြိုးတိုးတက်စေဖို့ များစွာအရေးကြီးပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ခရီးသွားလုပ်ငန်းဟာ ဒေသတွင်း အာဆီယံနိုင်ငံတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် များစွာဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်ချက်တွေ၊ စိန်ခေါ်မှုတွေများစွာနဲ့ ရင်ဆိုင်နေရဆဲ အခြေအနေမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်ပခရီးသွားလုပ်ငန်း အခြေအနေဟာ နိုင်ငံရေးအပြောင်းအလဲ တွေစတင်ခဲ့တဲ့ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ အလားအလာကောင်းတဲ့ အခြေအနေတစ်ရပ်မှာ တည်ရှိနေပါတယ်။ မြန်မာနိုင်ငံကို ပြည်ပခရီးသွားဝင်ရောက်မှုက ၂၀၁၂ ခုနှစ် မှာ တစ်သန်း ကျော်ရှိခဲ့ရာက ၂၀၁၃ ခုနှစ်မှာ နှစ်သန်းကျော်၊ ၂၀၁၄ ခုနှစ်မှာ သုံးသန်းကျော်၊ ၂၀၁၅ ခုနှစ်မှာ လေးသန်းကျော်နဲ့  အမြင့်ဆုံးကို ရောက်ရှိလာခဲ့ပြီးနောက် အစိုး ရသစ် အပြောင်းအလဲဖြစ်လာတဲ့ ၂၀၁၆ ခု နှစ်မှာတော့ သုံးသန်းဝန်းကျင်သာ ဝင်ရောက်ခဲ့ပြီး ခရီးသွားဝင်ရောက်မှု လျော့ကျသွားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ခရီးသွားဝင်ရောက်မှု ၃ ဒသမ ၄ သန်းနဲ့ ခရီးသွားဝင်ရောက်မှု ပြန်လည်မြင့်တက်ခဲ့ပေမဲ့ အဲဒီနှစ်အတွင်း မှာဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းက ပဋိ ပက္ခဖြစ်စဉ်တွေကြောင့် မြန်မာနိုင်ငံကို အဓိက ဝင်ရောက်နေတဲ့ အနောက်ဥရောပနဲ့ အမေရိကခရီးသွားတွေ ဆိုးဆိုးရွားရွားလျော့ကျခဲ့ပါတယ်။

အနောက်ခရီးသွား ဝင်ရောက်မှုကျဆင်းလာနေတာကြောင့် မြန်မာနိုင်ငံအစိုးရ အနေနဲ့ ကျဆင်းနေတဲ့ခရီးသွားကဏ္ဍကို ပြန်လည်မြှင့်တင်တဲ့အနေနဲ့ ၂၀၁၈ ခုနှစ်မှာ အာရှနိုင်ငံအချို့ကို ဗီဇာဖြေလျှော့မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အစိုးရအနေနဲ့ အနောက်နိုင်ငံတွေကို အဓိကအားထားနေရတဲ့ ခရီးသွားကဏ္ဍကို လတ်တလောမှာ အနောက်မျှော်ဝါဒက အဆင်မပြေတဲ့အတွက် အရှေ့မျှော်မူဝါဒကို ပြောင်းလဲခဲ့တယ်လို့ ဆိုရမှာပါ။ ကျဆင်းနေတဲ့ခရီးသွားကဏ္ဍ ပြန်လည် မြှင့်တင်ဖို့အတွက် အစိုးရက အာရှနိုင်ငံတွေ ဖြစ်တဲ့ တရုတ်၊ တောင်ကိုရီးယားနဲ့ ဂျပန် နိုင်ငံတို့ကို ၂၀၁၈ အောက်တိုဘာမှာ ဗီဇာ ဖြေလျှော့မှုတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။ အစိုးရရဲ့ ဗီဇာဖြေလျှော့ပေးမှုတွေ ကြောင့် တရုတ်၊ ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့က ခရီးသွားတွေဝင်ရောက်မှုမြင့်တက်လာခဲ့ပြီး အဆိုပါသုံးနိုင်ငံအနက် တရုတ်နိုင်ငံက ခရီးသွားတွေက အဓိကအားဖြင့် အဆမတန်များပြားမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ဗီဇာ ဖြေလျှော့မှုတွေကြောင့် တရုတ်နိုင်ငံက ခရီးသွားတွေဟာ ၂၀၁၈ ခုနှစ်အတွင်းမှာ နှစ်သိန်း ကျော်ဝင်ရောက်လာခဲ့ပြီး  ၂၀၁၉ ခုနှစ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာအထိ တရုတ်ခရီးသွားဝင်ရောက်မှုဟာ ခြောက်သိန်းဝန်းကျင်အထိ ရောက်ရှိလာခဲ့တယ်လို့ အစိုးရထုတ် ပြန်ချက်စာရင်းတွေအရ သိရပါတယ်။

အဲဒီလို အများဆုံးဝင်ရောက်လာတဲ့ တရုတ်ခရီးသွားတွေဟာ အများစုက Zero Budget လို့ခေါ်တဲ့ ငွေသုံးစွဲမှု အလွန်နည်းပါးတဲ့ တရုတ်ခရီးသွားတွေပဲ ဖြစ်ပါတယ်။ လက်ရှိမှာ Zero Budget Tour တရုတ်ခရီး သွားတွေဟာ မြန်မာနိုင်ငံကို အလုံးအရင်းနဲ့ ဝင်ရောက်လာနေကြပြီး သူတို့ဘယ်လိုဝင် ရောက်လာကြတာလဲ။ မြန်မာနိုင်ငံမှာ ဘယ်လို နေထိုင်သွားလာ လှုပ်ရှားနေကြလဲ။ မြန် မာ့ခရီးသွားစျေးကွက်အတွင်းမှာ တရုတ်ခရီးသွားတွေကြောင့် ဘာတွေဖြစ်နေလဲဆို တာ ဆက်လက်လေ့လာကြည့်ကြရအောင်ပါ။

Zero Budget Tour တရုတ်ခရီးသွားတွေ  ဘယ်လိုဝင်ရောက်လာတာလဲ

မြန်မာနိုင်ငံကို အလုံးအရင်းနဲ့ဝင်ရောက်လာနေတဲ့  Zero Budget Tour တရုတ်ခရီးသွားတွေဟာ လေကြောင်းခရီးစဉ်နဲ့ အများဆုံးဝင်ရောက်လာတာဖြစ်ပြီး နယ်စပ်ဂိတ်ဝင်ပေါက်တွေကနေလည်း ဝင် ရောက်နေပါတယ်။ အစိုးရရဲ့ ဗီဇာဖြေလျှော့ပေးမှုတွေဖြစ်တဲ့ ဗီဇာကင်းလွတ်ခွင့်နဲ့ ဆိုက် ရောက်ခရီးသွားဗီဇာ ထုတ်ပေးတဲ့အစီအစဉ် တွေကနေတစ်ဆင့် တရုတ်ခရီးသွားတွေ ပုံစံမျိုးစုံနဲ့ ဝင်ရောက်လာနေကြတာဖြစ်ပါ တယ်။ မြန်မာနိုင်ငံကို ဝင်ရောက်လာကြတဲ့ Chinese Zero Budget Tour တွေဟာ သူတို့တရုတ်ခရီးသွားလုပ်ငန်းတွေကနေစီစဉ်ပေးတဲ့ စျေးနှုန်းအလွန်ချိုသာတဲ့ အစီအစဉ် တွေနဲ့ မြန်မာနိုင်ငံအတွင်းကို ဝင်ရောက်လာတာဖြစ်ပါတယ်။ ပိုမိုရှင်းလင်းစွာ တင်ပြရ မယ်ဆိုရင် တရုတ်ခရီးသွားအများစုဟာ သူတို့တရုတ်နိုင်ငံမှာရှိတဲ့ ခရီးသွားကုမ္ပဏီတွေ က မြန်မာနိုင်ငံမှာရှိတဲ့ ခရီးသွားကုမ္ပဏီ၊ ဟိုတယ်တွေနဲ့ချိတ်ဆက်ပြီးတော့ စရိတ်အနည်းငယ်နဲ့ ဝင်ရောက်လာပြီး မြန်မာနိုင်ငံ အတွင်းမှာလည်း ခရီးသွားကုမ္ပဏီက စီစဉ်ပေးထားတဲ့ ဟိုတယ်၊ စားသောက်ဆိုင်တွေ မှာ နေထိုင်စားသောက်ကြရတာဖြစ်ပါတယ်။ ဥပမာ လက်ဆောင်ပစ္စည်းဆိုင်တွေ ကအစ ခရီးသွားကုမ္ပဏီတွေက စီစဉ်ပေးထားတဲ့ ဆိုင်တွေမှာပဲ ဝယ်ယူကြရတာဖြစ်ပါ တယ်။ ငွေပေးချေမှုမှာလည်း တရုတ်အွန်လိုင်းစနစ်တစ်ခုဖြစ်တဲ့We Chat Pay ၊ Ali Pay နဲ့ ငွေပေးချေမှုတွေအများဆုံးဖြစ်ပြီး ငွေကြေးအများစုဟာ တရုတ်နိုင်ငံဘက်ကို ပြန်လည်စီးဝင်သွားတာတွေ အများဆုံးဖြစ်နေတယ်လို့ ခရီးသွားလုပ်ငန်းအတွင်းမှာ ပြောဆိုမှုတွေရှိနေပါတယ်။ မြန်မာနိုင်ငံဘက်ကတော့ ဗီဇာကြေး၊ ခရီးသွားဇုန်ဝင်ကြေးတို့လောက်ကလွဲပြီး ကျန်တဲ့အကျိုး အမြတ်မရှိသလောက် နည်းပါးလွန်းနေပါတယ်။

အစိုးရရဲ့ ဗီဇာဖြေလျှော့ပေးမှုတွေ ကြောင့် အလုံးအရင်းနဲ့ ဝင်ရောက်လာကြတာက တရုတ်ခရီးသွား အများစုဖြစ်ပါတယ်။ ယခု ၂၀၁၉ ခုနှစ် အောက်တိုဘာအထိ တရုတ်ခရီးသွား ဝင်ရောက်မှုစာရင်းဟာ ၅၉၃၆၀၀ ကျော်ရှိပြီး ခြောက်သိန်းခန့် ဝင်ရောက်ခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိမှာလည်း နေ့စဉ်တရုတ်ခရီးသွားဦးရေ ထောင်နဲ့ချီဝင် ရောက်လာနေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံကို နေ့စဉ်အလုံးအရင်းနဲ့ လာရောက်လည်ပတ်နေတဲ့ တရုတ်ခရီးသွားတွေဟာ မန္တလေး တိုင်းဒေသကြီးကို အများဆုံးလာရောက်တာ ဖြစ်ပါတယ်။ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနရဲ့ စာရင်းဖော်ပြမှုတွေအရ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ၂၀၁၉ ခုနှစ်အတွင်းမှာ ပြီးခဲ့တဲ့အောက်တိုဘာအထိ တရုတ်ခရီးသွားဝင်ရောက်မှု လေးသိန်း ကျော်အထိရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ပြည်ပခရီးသွားဝင်ရောက်မှု ခြောက်သိန်းကျော် အထိ ဝင်ရောက်နိုင်ဖို့အတွက် မျှော်လင့် ထားတယ်လို့လည်း သိရပါတယ်။ မန္တလေး တိုင်းဒေသကြီးကို လာရောက်လည်ပတ်တဲ့တရုတ်ခရီးသွားတွေဟာ ပုဂံဒေသ၊ အင်းဝ ဒေသ၊ စစ်ကိုင်းနှင့် မင်းကွန်းဒေသ၊ မန္တလေး ဒေသတွေကို အများဆုံးလာရောက်လေ့လာလည်ပတ်နေကြပါတယ်။

နေ့စဉ် ထောင်နဲ့ချီဝင်ရောက်နေတဲ့ တရုတ်ခရီးသွားကြောင့် အနောက်ခရီးသွား လျော့ကျမှုဒဏ်ကို အထိုက်အလျောက် ကုစားပေးနိုင်သည်ဟုဆိုသော်ငြား Zero Budget Tour ခရီးသွားတွေဖြစ်နေတာကြောင့် ခရီး သွားစျေးကွက်အတွင်းမှာ အခက်အခဲပြဿနာတွေ ဖြစ်ပေါ်လျက်ရှိနေပါတယ်။ ငွေသုံးစွဲမှုနည်းတဲ့ တရုတ်ခရီးသွားတွေဖြစ်တာကြောင့် စျေးအနည်းဆုံး ခရီးသွားဧည့် လမ်းညွှန်တွေကို ငှားရမ်းအသုံးပြုတာ၊ လုပ်သက်နည်းပြီး အရည်အသွေးအားနည်းတဲ့ တရုတ်ခရီးသွားဧည့်လမ်းညွှန်တွေ အများစု ဝင်ရောက်လာတာ၊ အနောက်ဥရောပခရီးသွား လာရောက်မှုနည်းတာကြောင့် ခရီးသွား ဧည့်လမ်းညွှန်အချို့ အလုပ်လက်မဲ့ဖြစ်နေတာ၊ ခရီးသွားအဝင်နည်းနေတဲ့ ဟိုတယ်တွေမှာ အောက်ကြေးစျေးနဲ့ငှားရမ်းပြီး စျေး နည်းနည်းနဲ့ လူအများစုပြုံတည်းခိုတာ၊ ဝင် ကြေး အခမဲ့နေရာတွေကို အများဆုံးသွား ရောက်တာ စတဲ့ အခက်အခဲတွေများစွာ ရှိနေသလို တရုတ်ခရီးသွားအချို့ရဲ့ စည်း ကမ်းမရှိမှု၊ ယဉ်ကျေးမှုအားနည်းမှုတွေ ကြောင့် သူတို့ လာရောက်လည်ပတ်နေတဲ့ ဒေသတွင်းမှာလည်း ပြဿနာတွေဖြစ်ပေါ် လျက်ရှိနေပါတယ်။

Zero Budget Tour လို့ခေါ်ဆိုတဲ့ တရုတ်ခရီးသွားတွေဟာ မြန်မာနိုင်ငံကို ၂၀၁၈ ခုနှစ်ကမှ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး ကမ္ဘာမှာတော့ လွန်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်လောက်ကတည်းက Zero Budget Tour တွေ သွားရောက်နေပြီဖြစ်ပါတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယား၊ အင် ဒိုနီးရှားတို့လို နိုင်ငံတွေမှာလည်း တရုတ်ခရီးသွားအချို့ကြောင့် ဒေသခံတွေ စိတ်အနှောင့် အယှက်ကြုံတွေ့နေရပါတယ်။ ဒါကြောင့် Zero Budget Tour တရုတ်ခရီးသွားတွေကို နိုင်ငံအချို့မှာဆိုရင် သူတို့နိုင်ငံရဲ့အကျိုးစီးပွားမထိခိုက်စေဖို့အတွက် ပြန်လည်သုံးသပ် မှုတွေ လုပ်ဆောင်နေကြပြီလို့လည်း သိရပါ တယ်။

လက်ရှိမှာ ခရီးသွားရာသီစတင်နေပြီ ဖြစ်တာကြောင့် အနောက်ခရီးသွားအချို့လည်း လာရောက်လည်ပတ်နေကြတာ တွေ့နေရပါတယ်။ အနောက်ခရီးသွားဧည့်သည်တွေရဲ့ ဧည့်လမ်းညွှန်တွေဆီကပြန်ကြားသိရတာက အနောက်ဥရောပခရီးသွားတွေ အနေနဲ့ မြန်မာနိုင်ငံကိုလာရောက်လည်ပတ်တဲ့အခါမှာ တရုတ်ခရီးသွားအချို့ကြောင့် စိတ်အနှောင့်အယှက် ကြုံရတယ်လို့ ပြောဆိုနေကြပါတယ်။ ဒါကြောင့် အနောက်ခရီးသွားအချို့ဟာ တရုတ်ခရီးသွားတွေရှိနေတဲ့ နေရာတွေကို အတတ်နိုင်ဆုံးမသွားဘဲ ရှောင်လာကြတယ်လို့ သိရပါတယ်။

ဒါပေမဲ့ အစိုးရကတော့ ခရီးသွားဝင်ရောက်မှုမြင့်တက်လာစေဖို့အတွက် ၂၀၁၈ ခုနှစ် အောက်တိုဘာကစတင်ခဲ့တဲ့ တရုတ်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ကို ဗီဇာဖြေလျှော့ပေးမှုဟာ သက်တမ်းပြည့်သွားပြီ ဖြစ်တာကြောင့် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက်အထိ ထပ်မံပြီး တစ်နှစ်သက်တမ်းတိုးထားလိုက်ပြီဖြစ်ပါတယ်။

 

မယဉ်ကျေးသော၊ စည်းကမ်းမဲ့သော တရုတ်ခရီးသွားအချို့

မြန်မာနိုင်ငံကို Zero Budget နဲ့ ဝင်ရောက်လာနေတဲ့ တရုတ်နိုင်ငံက ခရီးသွားအချို့နဲ့ပတ်သက်ပြီး ဝေဖန်မှုမျိုးစုံနဲ့ ကြုံတွေ့နေရပါတယ်။ ငွေသုံးစွဲမှုနည်းပါးခြင်း၊ လာရောက်လည်ပတ်သည့် နေရာများတွင် စည်း ကမ်းမရှိခြင်း၊ ဆူညံခြင်း၊ ဒေသ၏ရိုးရာယဉ်ကျေးမှုကို လိုက်နာမှုအားနည်းခြင်း အစရှိတဲ့ ပြဿနာတွေနဲ့ ကြုံတွေ့နေရပါတယ်။ ဒါ့အပြင် နေ့စဉ် ထောင်နဲ့ချီဝင်ရောက်လာ နေတဲ့ တရုတ်ခရီးသွားတွေအတွက် မြန်မာနိုင်ငံအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ အားနည်းခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ တရုတ်ဘာသာစကားကိုသာ နားလည်တဲ့ တရုတ်ခရီးသွားများအတွက် ခရီးသွားအသိပေး လမ်းညွှန်ချက်များအားနည်းခြင်း၊ လည်ပတ် ရန်နေရာများမှာ မြန်မာဘာသာနှင့် အင်္ဂလိပ် ဘာသာစကားများကို ရေးသားအသိပေး ထားသဖြင့် တရုတ်ဘာသာစကားများဖြင့် အသိပေးထားမှုမရှိခြင်း (ယခု နေရာအချို့ တွင် တရုတ်ဘာသာစကားဖြင့် အသိပေးမှု များပြုလုပ်ထား)၊ တရုတ်ရိုးရာအခြေခံစားသောက်ဆိုင်များ နည်းပါးခြင်း၊ အရည် အသွေးပြည့်ဝသော တရုတ်ခရီးသွားဧည့် လမ်းညွှန်များနည်းပါးခြင်း (ယခု ဟိုတယ် ခရီးမှ သင်တန်းများဖွင့်၍ သင်တန်းသားများ မွေးထုတ်နေ)၊ အင်္ဂလိပ်ဘာသာစကားမရ ခြင်းနှင့် အားနည်းခြင်း စတဲ့ အားနည်းချက် တွေကြောင့် လက်ရှိမှာ တရုတ်ခရီးသွားတွေ နဲ့ပတ်သက်ပြီး ပြဿနာများစွာဖြစ်ပေါ်နေရ ပါတယ်။

“တရုတ်ခရီးသွားတွေ အများကြီးဝင် ရောက်လာတာက ကောင်းတဲ့အချက်တွေလည်း အများကြီးရှိပါတယ်။ တရုတ်ခရီးသွားတွေကြောင့် အလုပ်အကိုင်အဆင်ပြင်နေတဲ့ သူတွေလည်းရှိနေပါတယ်။ ဆိုးတဲ့အချက် တွေလည်း ရှိတာပေါ့။ ဘာတွေဆိုးတာလဲဆိုတော့ တရုတ်ခရီးသွားတွေဝင်လာတဲ့အတွက် ကျွန်တော်တို့ ခရီးသွားစျေးကွက် ပျက်နေတယ်။ စကားပြန်အဆင့်လောက်ရှိတဲ့သူတွေက တရုတ်ခရီးသွားဧည့်လမ်းညွှန် တွေဝင်လုပ်နေကြတယ်။ ဧည့်လမ်းညွှန်တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ကျင့်ဝတ် တွေအရည်အချင်းတွေ သူတို့မှာမရှိကြဘူး။ သတ်မှတ်ထားတဲ့ စျေးနှုန်းအတိုင်းမဟုတ်ဘဲ စျေးနှုန်းနည်းနည်းနဲ့ လိုက်ကြတယ်။ အချို့ သူတွေဆို လိုင်စင်ကိုမရှိဘူး။ ဒါတွေကို အစိုးရအနေနဲ့ထိန်းချုပ်ပေးဖို့ လိုတာပေါ့။ အခု အနောက်ခရီးသွား အလာနည်းသွားတော့ အနောက်ခရီးသွားဧည့်လမ်းညွှန်တွေ အလုပ်လက်မဲ့ဖြစ်နေကြတဲ့သူတွေလည်း အများကြီးရှိနေတယ်။ အဲဒီလို အရည်အချင်းမပြည့်ဝတဲ့ စကားပြန်လောက်အဆင့် ရှိတဲ့ တရုတ်ခရီးသွား Guides တွေကြောင့် နောက်ဆက်တွဲဖြစ်နေတဲ့ ပြဿနာတွေလည်း အများကြီး ပါ။ ဥပမာတစ်ခုပြောရရင် တရုတ်ခရီးသွားတွေ ပြဿနာတက်ခဲ့တဲ့ အမရပူရက မဟာဂန္ဓာရုံကျောင်းဆိုရင် သူတို့ဝင်ခွင့်ကို ပိတ်ပစ်လိုက်ဖို့သင့်တယ်။ ဒါ က ကျွန်တော့်ရဲ့အမြင်ပြောတာပါ။ တရုတ်ခရီးသွားတွေ စည်းကမ်းရှိဖို့၊ ယဉ်ကျေးမှုရှိဖို့ ဆိုရင် သူတို့နဲအတူ ပါလာတဲ့ Tour Tour Leader နဲ့ ဧည့်လမ်းညွှန်တွေအပေါ်မှာ အများကြီးမူ တည်နေတယ်။ သူတို့က အမြဲသတိပေးနေရမယ်” လို့ တရုတ်ခရီးသွား ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ကိုဗညားက သူ့ရဲ့အမြင်ကို ပြော ဆိုခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီးကို အများဆုံး လာရောက်နေကြတဲ့ တရုတ်ခရီးသွားတွေနဲ့ ပတ်သက်ပြီး ပြဿနာတွေကတော့ အများကြီးပါ။ တရုတ်ခရီးသွားတွေရဲ့ ပြုမူနေထိုင်တတ်တဲ့ အလေ့အထတွေကတော့ စကားကျယ်ကျယ်ပြောတာ၊ စီးကရက်အမြဲသောက်တာ၊ အမှိုက်ကိုစည်းကမ်းတကျ စွန့်ပစ်မှုမရှိ တာ၊ဒေသရဲ့ရိုးရာဓလေ့ယဉ်ကျေးမှုတွေအပေါ် လေးစားလိုက်နာမှု အားနည်းတာစတဲ့ အချက်တွေကို တွေ့ရတယ်လို့ ခရီးသွား လုပ်ငန်းလောကက သိရပါတယ်။ သူတို့သွားရောက်နေတဲ့ ဒေသအချို့က ဖြစ်စဉ်အချို့ကို တင်ပြရမယ်ဆိုရင် အမရပူရမြို့က မဟာဂန္ဓာရုံကျောင်းတိုက်အတွင်းမှာ တရုတ်ခရီး သွားအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု၊ အမရ ပူရမြို့နယ်အတွင်းက ကျောက်စိမ်းစေတီမှာ ကပ်လှူပူဇော်ထားတဲ့ ကျောက်စိမ်းအချို့ကို ခိုးယူရန်ကြံစည်မှု၊ ဦးပိန်တံတားတိုင်အတွင်း ဆေးလိပ်မီးမငြိှမ်းဘဲ စွန့်ပစ်မှု၊ ဦးပိန်တံတား တိုင်ကို ဆွဲယမ်းလှုပ်ခါမှု၊ ဘုရားရင်ပြင်တော် ပေါ် ဖိနပ်စီးခြင်း၊ ကန့်သတ်ထားသော ရှေးဟောင်းအဆောက်အအုံများကို ကိုင်တွယ်ပွတ်သပ်ခြင်း အစရှိတဲ့ ပြဿနာတွေများစွာ ဖြစ်ပေါ်ခဲ့ရပါတယ်။ ဒီလိုပြဿနာတွေဖြစ်ပွားခဲ့ရတာက မြန်မာနိုင်ငံအနေနဲ့ အစု လိုက်အပြုံ လိုက်ဝင်ရောက်လာတဲ့ တရုတ်ခရီးသွားတွေအတွက် လမ်းညွှန်အသိပေးမှုတွေနဲ့ ကြိုတင်ပြင်ဆင်မှုအားနည်းခဲ့တာတွေကြောင့်လည်း သက်ဆိုင်နေတယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

“တရုတ်ခရီးသွားတွေနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုက အတော်အားနည်းတယ်။ ယဉ်ကျေးမှုမတူညီတဲ့ တရုတ်ခရီးသွားတွေ ဝင်လာတဲ့အခါမှာ အားလုံးကိုကြို တင်ပြင်ဆင်ထားမှုက အသင့်ဖြစ်မနေခဲ့ ဘူး။ နောက်တစ်ချက်က ဧည့်လမ်းညွှန်တွေ မွေးထုတ်လိုက်တဲ့နေရာမှာ သေသေချာချာ စနစ်တကျနဲ့ မွေးထုတ်ပေးဖို့လိုအပ်တယ်။ ဧည့်လမ်းညွှန်တစ်ယောက် လိုက်နာရမယ့် ကျင့်ဝတ်တွေ အပါအဝင် သေသေချာချာ လေ့ကျင့်ပေးလိုက်ဖို့ လိုတယ်။ လက်ရှိမှာက တရုတ်ခရီးသွားတွေနဲ့ ပတ်သက်ပြီး ဧည့် လမ်းညွှန်လုပ်ကိုင်နေတဲ့သူတွေကို စနစ်တကျဖြစ်စေဖို့နဲ့ အရည်အသွေးပြည့်ဝတဲ့ ဧည့်လမ်းညွှန်ဖြစ်စေဖို့အတွက် ကြပ်မတ်ပေးဖို့ လိုအပ်နေတယ်။ အစိုးရဘက်ကလည်း တရုတ်ခရီးသွားတွေနဲ့ပတ်သက်ပြီး လုပ်ငန်းလုပ်ဆောင်နေတဲ့သူတွေကို စည်းကမ်းဥပဒေတွေနဲ့အညီ ဆောင်ရွက်ရမယ်။ စောင့်ကြည့်အရေးယူသင့်တဲ့သူတွေကိုဖော် ထုတ်အရေးယူ ဆောင်ရွက်ပေးဖို့ လိုအပ် တယ်” လို့ မန္တလေးဧည့်လမ်းညွှန်များအသင်း ဥက္ကဋ္ဌ ဦးဝင်းဇော်ဦးက ပြောပါတယ်။

 

Zero Budget Tour တရုတ်ခရီးသွားတွေဆီက ဘာတွေမျှော်လင့်နိုင်မလဲ

Zero Budget Tour တရုတ်ခရီးသွားတွေဆီက ဘာတွေအကျိုးအမြတ်ရနိုင်မလဲ။ မြန်မာနိုင်ငံအတွက် ဘာတွေအကျိုးရှိနေလဲ။ ဒီမေးခွန်းတွေက မြန်မာနိုင်ငံသားတိုင်း သိချင်၊ စိတ်ဝင်စားနေတဲ့ မေးခွန်းတွေဖြစ် ပါတယ်။ အစိုးရရဲ့ ဗီဇာဖြေလျှော့မှုတွေကြောင့် မြန်မာနိုင်ငံကို အလုံးအရင်းနဲ့ လာရောက်နေတဲ့ တရုတ်ခရီးသွားတွေထဲမှာ Zero Budget Tour တွေ အများဆုံးဖြစ်ပေမဲ့ အခြား သီးသန့်လာရောက်လည်ပတ်နေကြတဲ့ အဆင့်မြင့်တရုတ်ခရီးသွားဧည့်သည်တွေလည်း အများအပြားရှိနေပါတယ်။ လက်ရှိ ပြဿနာဖြစ်ပေါ်နေရတာက Zero Dollar Tourism နဲ့ ဝင်ရောက်လာကြတဲ့ တရုတ်ခရီးသွားများ ဖြစ်ပါတယ်။ ငွေသုံးစွဲမှုအနည်းဆုံးဖြစ်တဲ့ တရုတ်ခရီးသွားတွေ ဆီက ဘာတွေရနေပါသလဲ။

“တရုတ်ခရီးသွားတွေနဲ့ပတ်သက်ပြီး ကောင်းကျိုးနဲ့ဆိုးကျိုးဆိုပြီး နှစ်ခုရှိနေပါတယ်။ ကောင်းကျိုးတွေကတော့ ခရီးသွား ကုမ္ပဏီတွေ၊ တရုတ်ခရီးသွားဧည့်လမ်း ညွှန်တွေ၊ စားသောက်ဆိုင်တွေ၊ Tour ကား အဖွဲ့တွေ၊ ဟိုတယ်တွေ၊ အခြေခံလူတန်းစား အချို့ အလုပ်ဖြစ်တယ်လို့ ယေဘုယျပြော လို့ရပါတယ်။ အစိုးရအနေနဲ့လည်း ဗီဇာကြေးနဲ့ ခရီးသွားဇုန်ဝင်ကြေးတွေ ရရှိနေတယ်။ အနောက်ခရီးသွား ကျဆင်းနေတာကြောင့် ဥပမာ ပုဂံက မြင်းလှည်းဆရာတွေနဲ့ အင်းဝက မြင်းလှည်းဆရာတွေ တရုတ်ခရီးသွားတွေ အစီးများတာကြောင့် အလုပ်ဖြစ်ကြတယ်။ နောက်ပြီး သစ်သီးနဲ့လက်မှုပစ္စည်း ဆိုင်အချို့ အလုပ်ဖြစ်ကြတယ်။ တရုတ်ခရီးသွားတွေအားလုံးကို ခရီးသွားကုမ္ပဏီကနေ သတ်မှတ်ထားတဲ့ ဟိုတယ်၊ စားသောက်ဆိုင်နဲ့ လက်မှုပစ္စည်းဆိုင်တွေမှာပဲ မဖြစ်မနေ ဝယ်ရမယ်ဆိုတာတော့ အားလုံးမမှန်ပါဘူး။ ကျွန်တော်တို့ မြန်မာထမင်းဆိုင်တွေကိုလည်း သူတို့ကို ပို့ဆောင်ပေးပါတယ်။ သူတို့ ဝယ်ချင်တဲ့ဆိုင်မှာလည်း ဝယ်ခွင့်ရှိပါတယ်။ နောက်တစ်ချက်က တရုတ်တွေဝယ်တဲ့ဆိုင်တွေမှာ အစိုးရက အခွန်မရဘူးဆိုတဲ့ ပြဿနာပေါ့။ ဒါက အစိုးရနဲ့ သက်ဆိုင်တယ်ဗျ။ အစိုးရက သူအခွန်ရရှိဖို့ သေချာစိစစ်ဖို့ လို အပ်တာပေါ့။ လက်ရှိကတော့ တရုတ်ခရီးသွားတွေနဲ့ပတ်သက်ပြီး လုပ်ငန်း လုပ်ကိုင်နေသူတွေအားလုံး အဆင်ပြေကြတယ်။ ဒါပေမဲ့ ခရီးသွားစျေးကွက် စနစ်တကျဖြစ်ဖို့ အများကြီးလိုအပ်နေသေးတယ်။ အနောက် ခရီးသွားကျဆင်းနေတဲ့အတွက် တရုတ်ခရီးသွား ဝင်ရောက်မှုတွေကို စနစ်တကျနဲ့ထိန်း သိမ်းပြီးတော့ နိုင်ငံနဲ့အားလုံးအကျိုးရှိစေဖို့  ဆောင်ရွက်ပေးသင့်တယ်လို့မြင်ပါတယ်” လို့ တရုတ်ခရီးသွားကုမ္ပဏီလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောဆိုခဲ့ပါတယ်။

တရုတ်ခရီးသွားတွေ ဝင်ရောက်လာမှုကြောင့် ထိုက်သင့်တဲ့အကျိုးခံစားခွင့်ရရှိနေသူတွေရှိနေပါတယ်။ တရုတ်ခရီးသွား ကုမ္ပဏီများ၊ တရုတ်ခရီးသွားဧည့်လမ်းညွှန်များ၊ ဟိုတယ်နှင့် စားသောက်ဆိုင်အချို့ အခြေခံလူတန်းစားအချို့တို့ ဖြစ်ပါတယ်။ တရုတ်ခရီးသွားတွေ ဝင်ရောက်လာမှုကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေလည်း အများအပြားရရှိလာတယ်လို့ တရုတ်ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတွေထံက နေသိရပါတယ်။ ဒါပေမဲ့ လက်ရှိခရီးသွား စျေးကွက်အခြေအနေမှာ တရုတ်ခရီးသွားတွေရဲ့ အောက်ကြေးနှိုက်ပြီး စျေးဝယ်တဲ့ပုံစံ အခြေအနေတွေကြောင့် ခရီးသွားစျေးကွက် ဟာ ရေရှည်ရပ်တည်နိုင်ဖို့ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့လည်း စုံစမ်းသိရပါတယ်။ လက်ရှိမှာတော့ Zero Budget Tour တရုတ်ခရီးသွားတွေဆီကနေ နိုင်ငံအတွက် ထိုက်သင့်တဲ့ အကျိုးခံစားခွင့် နည်းပါးနေဆဲ အခြေအနေဖြစ်ပါတယ်။ ဒါကြောင့် တရုတ်ခရီးသွားတွေအပါအဝင် နိုင်ငံရဲ့ခရီးသွား ကဏ္ဍအကျိုးစီးပွားအတွက် ဥပဒေစည်းမျဉ်း စည်းကမ်းတွေနဲ့ စနစ်တကျ ကိုင်တွယ်ဆောင် ရွက်ဖို့လိုအပ်နေပြီလို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရပါတယ်။

မြန်မာနိုင်ငံကို နေ့စဉ်ထောင်နဲ့ချီ ဝင်ရောက်နေတဲ့ တရုတ်ခရီးသွားတွေနဲ့ပတ်သက်ပြီး ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးက နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောကြားသွားတဲ့ အ,သူခံ၊ လည်သူစား ဆိုတဲ့ စကားတစ်ခွန်းက ခရီးသွားလုပ်ငန်းလောကအတွင်း ဂယက်ရိုက်ခဲ့ပါသေးတယ်။

“တရုတ်တွေက ကျွန်တော်တို့ထက်လည်လို့၊ ကျွန်တော်တို့ထက် ပိုက်ဆံရှိလို့ ဒီ ဟိုတယ်ကို ငှားတယ်၊ ဝယ်မယ်။ ဒီစားသောက်ဆိုင်ကို ငှားလိုက်တယ်။ ဒီ Guide ကို ငှားလိုက်တယ်။ ဒီကားတွေကို ငှားတယ်။ ငှားတယ်၊ ငှားတယ်၊ ငှားတယ်ဆိုကတည်း က။ ဝယ်တယ်၊ ဝယ်တယ်၊ ဝယ်တယ် ဆိုက တည်းကိုက မြန်မာနိုင်ငံသားတွေအတွက် ပိုက်ဆံမရဘူးလား။ ဘယ်လိုလုပ်ပြီးတော့ Zero Budget ဖြစ်မှာတုံး။ ပိုက်ဆံနဲ့မငှားရင် ဘာနဲ့ရမှာတုံး။ ဝယ်တယ်လေ။ ပိုက်ဆံမပေးရင် ဘယ်လိုရောင်းမလဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေက ‘အ’ပြီးတော့ ရောင်း ရင်၊ ငှားရင် ‘အ’တဲ့သူ ခံကြပေါ့။ လည်တဲ့သူ စားကြပေါ့။ ဒါပေမဲ့ တစ်ခါမှားမယ်၊ နှစ်ခါ မှားမယ်၊ သုံးခါဆိုရင်တော့ ကျွန်တော်တို့ မမှားတော့ဘူး။ ကျွန်တော်တို့လူမျိုးက မအဘူး။ အချိန်တန်ရင် နွားပိန်ကန်လာလိမ့်မယ်။ စောင့်ကြည့်ပါ’’လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က မေလကပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တရုတ်ခရီးသွားတွေနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေအပေါ် တု့ံ ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်။

 

တရုတ်ခရီးသွားတွေကို ဘယ်လိုစနစ်တကျ ထိန်းချုပ်သွားမှာလဲ

မြန်မာ့ခရီးသွားစျေးကွက်အတွင်းမှာ ဝေဖန်မှုတွေနဲ့ကြုံတွေနေရတဲ့ တရုတ်ခရီးသွားတွေနဲ့ပတ်သက်ပြီး အစိုးရက စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ဖွဲ့ကို ပြီးခဲ့တဲ့ဇွန်လအတွင်းမှာ ဖွဲ့စည်းခဲ့ပါတယ်။ မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားများ ဝင်ရောက်လည်ပတ်မှုကို စောင့်ကြည့်လေ့လာ သုံးသပ်ရေးအဖွဲ့ကို  အစိုးရကဖွဲ့စည်းခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့မှာ တရုတ်ခရီးသွားတွေ ဝင်ရောက်နေမှုကို လေ့လာစောင့်ကြည့်ပြီး ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနထံကို တင်ပြပေးသွားရမှာဖြစ်ပါ တယ်။

တရုတ်ခရီးသွား လေ့လာစောင့်ကြည့် သုံးသပ်တင်ပြရေးအဖွဲ့ကို ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ စတင်ဖွဲ့စည်းခဲ့တာ ယခု ဒီဇင်ဘာဆိုရင် ခြောက်လကျော်ခန့်ကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရကဖွဲ့ စည်းပေးထားတဲ့ တရုတ်ခရီးသွားတွေ လေ့လာစောင့်ကြည့်ရေးအဖွဲ့ဟာ ထိရောက်မှု မရှိဘူးလို့ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

‘‘တရုတ်ခရီးသွား စောင့်ကြည့်ရေးအဖွဲ့ကတော့ အခုလောလောဆယ် ကျွန်တော့်အမြင်မှာ ဘာအလုပ်မှ လုပ်တာမတွေ့ရဘူး။ တရုတ်ခရီးသွားနဲ့ပတ်သက်ပြီး ပြဿနာတွေ ကတော့ အများကြီးတွေ့ရတာပေါ့။ ကောင်းတာတွေကတော့ တရုတ်ခရီးသွားဝင်လာလို့ အလုပ်ရကြသူတွေရှိတယ်။ Guide လူငယ်လေးတွေ အလုပ်ရကြတယ်။ လမ်းဘေးစျေးသည်လေးတွေ အသီးအနှံရောင်းရတယ်။ Tour ကားသမားတွေ ကားမောင်းရတယ်။ မြင်းလှည်းဆရာတွေ အလုပ်ဖြစ်ကြတယ်။ အနောက်ခရီးသွား လျော့နည်းနေတဲ့အချိန်မှာ တရုတ်ခရီးသွားတွေ များလာတာကတော့ ကောင်းတဲ့သဘောရှိတယ်။ အနောက်ခရီးသွားတွေကျဆင်းနေတဲ့အချိန်မှာ ကုစားထားတဲ့သဘောပေါ့။ သူတို့လည်း ကျွန်တော် တို့နိုင်ငံကို ပိတ်ဆို့မှုတွေလုပ်လို့မထူးခြားဘူး ဆိုတာ သဘောပေါက်သွားရင် ခရီးသွားက လာမှာပဲ။ စျေးကွက်နှစ်ခုရလာနိုင်တာပေါ့။ အနောက်ခရီးသွားရော တရုတ်ခရီးသွား ရောရတော့ ပိုပြီးတော့ အလုပ်ဖြစ်ကြမှာပေါ့’’ လို့ မန္တလေးဧည့်လမ်းညွှန်များအသင်းဥက္ကဋ္ဌ ဦးဝင်းဇော်ဦးက ပြောပါတယ်။

‘‘အခုဖြစ်နေတဲ့ ဆိုးကျိုးကတော့ပြုပြင် ဖို့လိုနေတာက သူတို့ရဲ့ Culture က ကျွန်တော်တို့နဲ့မတူဘူးပေါ့။ ကျွန်တော်တို့နိုင်ငံက ယဉ်ကျေးမှုကိုအခြေခံတဲ့ ခရီးသွားလုပ်ငန်း (Cultural Tourism)ကို ဖော်ဆောင်နေ တဲ့ တိုင်းပြည်ဖြစ်ပါတယ်။ သူတို့ကတော့ အပျော်လာတဲ့ခရီးသွားတွေပေါ့။ ပျော်ကြမယ်၊ အော်ကြဟစ်ကြမယ်၊ စားကြသောက် ကြမယ်၊ ဓာတ်ပုံတွေရိုက်ကြမယ်ပေါ့။ Cultural Shock တွေ ဖြစ်လာတာပေါ့။ သူတို့ကတော့သေချာလုပ်ပြီး မုန်းလို့ အော်ဟစ်ပြီးတော့ လုပ်နေကြတာတော့မဟုတ်ဘူး။ သူတို့ရဲ့ အပြုအမူတွေကိုက အဲဒီလိုဓလေ့ဖြစ်နေတာ။ ကျွန်တော်တို့ကတော့ အဲဒီလိုဟာ တွေကို ကာကွယ်ဖို့လုပ်ရမှာပေါ့။ ဒါတွေကို ကာကွယ်ဖို့အတွက် အခုဖွဲ့စည်းထားတဲ့ တရုတ်ခရီးသွား လေ့လာစောင့်ကြည့်ရေးအဖွဲ့က အလုပ်လုပ်ရမယ်။ အခုလက်ရှိကတော့ သူတို့လုပ်နေတာ ကျွန်တော်ကတော့ ဘာမှ မမြင်ရသေးဘူး။ နောက်တစ်ခုက ၂၀၁၈ ခု နှစ် ခရီးသွားလုပ်ငန်း ဥပဒေအသစ်ထွက်လာတယ်။ အဲဒီဥပဒေက အရမ်းကောင်း တယ်။ အရင်ထက် အများကြီးကောင်းလာ တယ်။ ဘာကြောင့်လဲဆိုတော့ ခရီးသွားလုပ်ငန်းတွေကို ဗဟိုအစိုးရကနေ ထိန်းချုပ်ထားတာမဟုတ်ဘဲနဲ့ သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ပြည်သူရော အစိုးရရော ပူးပေါင်းပါဝင်တဲ့အဖွဲ့အစည်းဖွဲ့ပေးတဲ့ သဘောဖြစ်တယ်။ အဲဒီအဖွဲ့ကို လုပ်ပိုင်ခွင့်ပေးထားတယ်။ အဲဒီအဖွဲ့ နေ့စဉ်အလုပ် လုပ်ဖို့လိုတယ််’’လို့ ဦးဝင်းဇော်ဦးက ဆက်လက်ပြောကြားခဲ့ပါတယ်။

တရုတ်ခရီးသည်များကို စောင့်ကြည့် လေ့လာသုံးသပ်တင်ပြရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီးမှာပါဝင်တဲ့ အဖွဲ့ဝင်တစ်ဦး ကတော့ လက်ရှိအချိန်မှာ စောင့်ကြည့်လေ့လာရေးအဖွဲ့ဟာ လုပ်ပိုင်ခွင့်မရှိတဲ့အတွက် စောင့်ကြည့်နေတာကလွဲလို့ ထူးခြားမှုမရှိ ဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

‘‘လေ့လာစောင့်ကြည့်ရေးအဖွဲ့က လေ့ လာစောင့်ကြည့်တဲ့အလုပ်ပဲ လုပ်နေရတာ။ တကယ်တမ်းကျတော့ သက်ဆိုင်ရာဝန်ကြီး ဌာနက Visa On Arrival ပေးနေတဲ့ စနစ်တစ်ခုကို ပြောင်းမှရမယ်။ ဒီအတိုင်းသွားလို့ ကတော့ စောင့်ကြည့်တဲ့အဖွဲ့သည် စောင့်ကြည့်နေရုံကလွဲလို့ ဘာမှ လုပ်လို့မရဘူး။ လုပ်ပိုင်ခွင့်လည်း မရှိပါဘူး။ စောင့်ကြည့်နေတဲ့အဆင့်မှာပဲ ရှိနေတာပေါ့။ တကယ်တမ်း လုပ်သင့်တာက သက်ဆိုင်ရာဝန်ကြီးဌာန ပေါ့။ သက်ဆိုင်ရာဝန်ကြီးဌာနကနေ Visa On Arrival ပေးတဲ့စနစ်ပေါ့။ အဲဒီစနစ်တစ်ခုလုံးကို ပြောင်းမှရမယ်။ အခုက သာမန်လေကြောင်းလိုင်းကနေ ဝင်လာတဲ့ခရီးသွားနဲ့ လေယာဉ်စင်းလုံးပြတ်နဲ့ ဝင်လာတဲ့ခရီးသည် က ခွဲခြားစောင့်ကြည့်လို့မရဘူး။ တရုတ်ခရီး သွားတွေဟာ စည်းကမ်းလိုက်နာမှုအားနည်းတဲ့အတွက် အခုဟာက ကြီးကြပ်လို့ မရဘူး ဖြစ်နေတယ်။ VOA (ဆိုက်ရောက်ဗီဇာ)ပေးတဲ့ စနစ်ကိုပြောင်းမှရမယ်။ သာမန်လေကြောင်းနဲ့ ဝင်တဲ့သူတွေကို ပေးလို့ရတယ်။ သူက အုပ်စုလိုက်ဝင်တာမဟုတ်ဘူး။ အနည်းငယ်ပဲ ဝင်လာတာ။ အခုဟာက စင်း လုံးငှားနဲ့လာတဲ့ တရုတ်ခရီးသွားဧည့်သည်တွေက အလုံးလိုက်အရင်းနဲ့ လာပြီးတော့ ဒီမှာ ဘယ်ခရီးသွားကုမ္ပဏီ၊ ဘယ် Guide တွေနဲ့ သုံးနေမှန်းကိုမသိဘူး။ လိုင်စင်ရှိတာလား မရှိတာလား။ ဒါတွေလည်း ကွဲကွဲပြား ပြားမသိရဘူး’’လို့ မန္တလေးတိုင်းဒေသကြီးအတွင်း တရုတ်ခရီးသည်များကို စောင့်ကြည့်လေ့လာ သုံးသပ်တင်ပြရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောဆိုခဲ့ပါတယ်။

 

မြန်မာ့ခရီးသွားကဏ္ဍအကျိုးစီးပွားအတွက် ဘာတွေပြင်ဆင်ထားဖို့ လိုအပ်နေပြီလဲ

 မြန်မာနိုင်ငံဟာ ဒေသတွင်းနိုင်ငံတွေ နဲ့နှိုင်းယှဉ်မယ်ဆိုရင် ခရီးသွားကဏ္ဍဖွံ့ဖြိုး တိုးတက်ဖို့အတွက် ပြင်ဆင်မှုတွေ များစွာ လုပ်ဆောင်ထားဖို့ လိုအပ်နေသေးတယ်လို့ ခရီးသွားစျေးကွက်အတွင်းက သိရပါတယ်။ ပြည်ပနိုင်ငံက ဝင်ရောက်လာမယ့် ခရီးသွား တွေအတွက် စိတ်ဝင်စားမှုရှိစေမယ့် ခရီးစဉ် တွေ ထပ်မံဖော်ဆောင်ပေးဖို့လည်း လိုအပ် နေပါတယ်။ မြန်မာနိုင်ငံအတွင်းရှိ ခရီးသွား ဒေသအများစုမှာ ဟိုတယ်၊ အခန်းခနဲ့ သယ် ယူပို့ဆောင်ရေးစရိတ်တွေက ဒေသတွင်း နိုင်ငံတွေထက် မြင့်မားနေတာ၊ ခရီးသွား ကျွမ်းကျင်လုပ်သားများ ရှားပါးနေမှု၊ အစား အသောက်တွေ သန့်ရှင်းလတ်ဆတ်မှုနဲ့ဘေး ကင်းမှု၊ ခရီးသွားလုပ်ငန်းစဉ်တွေမှာ သက် ဆိုင်ရာဝန်ကြီးဌာနအချင်းချင်း ချိတ်ဆက်မှု အားနည်းမှု၊ အခြေခံအဆောက်အအုံ မလုံ လောက်မှု၊ ခေတ်မီငွေပေးချေမှုစနစ်များကို နေရာဒေသအနှ့ံအသုံးပြုနိုင်မှုမရှိသေးခြင်း၊ ခရီးသွားလုပ်ငန်းတွေနဲ့ ဆက်စပ်ဝန်ဆောင် မှုလုပ်ငန်းတွေမှာ အတွေ့အကြုံအားနည်း ခြင်း၊ အချို့ဒေသခရီးစဉ်တွေမှာ လမ်းပန်း ဆက်သွယ်ရေးခက်ခဲခြင်း၊ ခရီးသည်တွေ အတွက် ဘေးကင်းလုံခြုံမှုမရှိခြင်းတွေ အစ ရှိတဲ့ လိုအပ်ချက်တွေရှိနေသေးတယ်လို့ သုံး သပ်မှုတွေရှိနေပါတယ်။

လက်ရှိအချိန်မှာ အနောက်ခရီးသွား ဝင်ရောက်မှုကျဆင်းနေပေမဲ့ တရုတ်ခရီး သွားတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာနေ တာကြောင့် ခရီးသွားဝင်ရောက်မှုအရေအ တွက်စာရင်းကတော့ တိုးတက်မှုတွေရှိနေပါ တယ်။ ဒါပေမဲ့ အရေအတွက်သာ တိုးတက် လာပြီး ခရီးသွားဝင်ငွေဘက်မှာမူ ယခင် အနောက်ခရီးသည်တွေ သုံးစွဲခဲ့တဲ့ ခရီးသွား ဝင်ငွေကို ပြည့်မီမှုမရှိသေးတာကို အစိုးရရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။ ခရီး ကဏ္ဍဟာ နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေရှာ ဖွေပေးနေတဲ့ လုပ်ငန်းတစ်ခုဖြစ်တာကြောင့်  နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့် အလမ်းများ တိုးတက်ရရှိရေး၊ ဒေသတွင်းဖွံ့ ဖြိုးတိုးတက်ရေးတို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ တည်ရှိနေတဲ့ မီးခိုးမထွက် တဲ့ စက်ရုံတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် ခရီး သွားကဏ္ဍကနေ နိုင်ငံရဲ့စီးပွားရေးထုတ် ကုန်တွေကို မိတ်ဆက်ပေးနိုင်သလို နိုင်ငံရဲ့ ပုံရိပ်ကိုပါ မြှင့်တင်ပေးနိုင်တဲ့ အခြေအနေ တစ်ရပ်မှာတည်ရှိနေပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးကို သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးနဲ့ ဒေသတွင်းလူထုနဲ့ လက်တွဲချိတ်ဆက်ပြီး ခရီးသွားကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ဖို့ လို အပ်နေပြီဖြစ်ပါတယ်။ ခရီးသွားအရေအ တွက်တိုးလာခြင်းထက် ခရီးသွားဝင်ငွေတိုးတက်မြင့်မားလာရေးက ပိုမိုပဓာနကျပါ တယ်။

မြန်မာ့ခရီးသွားစျေးကွက်မှာ အနောက်ခရီးသွားစျေးကွက်ကျဆင်းနေချိန် အရှေ့ခရီးသွားစျေးကွက်ကို အားပြုနေရတဲ့အချိန် ဖြစ်နေပါတယ်။ အ,တဲ့သူခံ၊ လည်တဲ့သူစားဆိုတဲ့ အရှေ့ခရီးသွားစျေးကွက်ကနေ မြန်မာ့ခရီးသွားကဏ္ဍအတွက် ထိုက်သင့်တဲ့ အကျိုးခံစားမှုတွေ အမှန်တကယ်ရနေပြီ လား၊ နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေ ဘယ်လောက်အထိ ရှာဖွေပေးထားပြီလဲ နှိုင်းယှဉ် သုံးသပ်ကြည့်ဖို့ လိုအပ်နေပါပြီ။ လက်ရှိမှာတော့ မြန်မာ့ခရီးသွားကဏ္ဍအတွက် တရုတ်ခရီးသွားတွေဆီကနေ ထိုက်သင့်တဲ့အကျိုးအမြတ်ရရှိမှုကတော့ အားနည်းနေတဲ့အခြေအနေမှာပဲ ရှိနေပါတယ်။ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ပြောသလို အ,တဲ့သူတွေက ခံသွားရမလား၊ လည်တဲ့သူတွေက စားသွားကြရမလား၊ အချိန်တန်ရင် နွားပိန်ကန်သွားမလားဆိုတာ ဆက်လက်စောင့်ကြည့်သွားကြရဦးမှာ ဖြစ်ပါတယ်။

 

 

Most Read

Most Recent