ICJ တွင် ဂမ်ဘီယာနိုင်ငံကတောင်းဆိုထားသည့် ကြားဖြတ်ဆောင်ရွက်ရေးတောင်းဆိုချက်များကို မြန်မာအစိုးရအနေဖြင့်ငြင်းပယ်ရန် ပြည်ခိုင်ဖြိုးပါတီ တိုက်တွန်း

ICJ တွင် ဂမ်ဘီယာနိုင်ငံကတောင်းဆိုထားသည့် ကြားဖြတ်ဆောင်ရွက်ရေးတောင်းဆိုချက်များကို မြန်မာအစိုးရအနေဖြင့်ငြင်းပယ်ရန် ပြည်ခိုင်ဖြိုးပါတီ တိုက်တွန်း
Published 7 December 2019
ဉာဏ်လင်းထွန်း

 

ICJ တွင်  မြန်မာနိုင်ငံကို တရားစွဲဆိုသည့် အမှုအတွက် အပြီးသတ်ဆုံးဖြတ်ချက်မချမီ ကြားဖြတ်စီမံဆောင်ရွက်ရန် ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားသော အချက်များကို သွားရောက်တရားရင်ဆိုင်မည့် မြန်မာအစိုးရအဖွဲ့အနေဖြင့် လက်မခံဘဲ ငြင်းပယ်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တိုက်တွန်းသည်။

ဂမ်ဘီယာနိုင်ငံ၏ တောင်းဆိုချက်များသည် အချုပ်အခြာအာဏာပိုင် နိုင်ငံတိုင်း လိုက်လျောရန် မသင့်သည့် တောင်းဆိုချက်များဖြစ်ခြင်းနှင့် တရားရုံးက ဆုံးဖြတ်ချက်မချမီ အပြစ်ရှိသူကဲ့သို့ ကျော်လွန်တောင်း ဆိုချက်များဖြစ်၍ လက်ခံရန် မသင့်ဘဲ ငြင်းပယ်ရမည့်ကိစ္စဖြစ်သည်ဟု ပြည်ခိုင်ဖြိုးပါတီက ဒီဇင်ဘာ ၅ ရက်တွင် ထုတ်ပြန်သည်။

Genocide ကွန်ဗင်းရှင်းကို ချိုးဖောက်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် နိုဝင်ဘာ ၁၁ ရက်က တရားစွဲဆိုခဲ့ပြီး အမှုအတွက် အပြီးသတ်စီရင်ချက်မချမီ ကြားဖြတ်ဆောင်ရွက်ချက်များကို ဆောင်ရွက်ရေး အမိန့်ချမှတ်ပေးရန် ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားသည်။

လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းကို လိုက်နာအကောင်အထည်ဖော်ရန် မြန်မာနိုင်ငံအနေဖြင့် လိုအပ်သည့်ကိစ္စရပ်များအား အမြန်ဆုံးဆောင်ရွက်ရန်၊ မြန်မာနိုင်ငံရှိ တပ်မတော်၊ တပ်မတော် အထောက်အကူပြု လက်နက်ကိုင်အဖွဲ့အစည်းများ အခြားသောအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအနေဖြင့် လူမျိုးသုန်းသတ်ဖြတ်မှုများ ကျူးလွန်ခြင်း၊ ကျူးလွန်ရန် ကြံစည်ခြင်းများ မပြုလုပ်ရန်၊ လျှောက်ထားချက်တွင် ပါဝင်သည့် သက်သေအထောက်အထားများကို ဖျက်ဆီးခြင်းမပြုရန်၊ မြန်မာနှင့် ဂမ်ဘီယာတို့အနေဖြင့် လက်ရှိအငြင်းပွားမှုအား ပိုမိုဆိုးရွားစေသည့် မည်သည့်ဆောင်ရွက်ချက်ကိုမျှ မပြုလုပ်ရန်၊ မြန်မာနှင့် ဂမ်ဘီယာနိုင်ငံတို့၏ အစီရင်ခံစာအသီးသီးအား စတင်ချမှတ်သည့်နေ့မှစ လေးလထက် နောက်မကျဘဲ တရားရုံးသို့ တင်ပြရန် စသည့်အချက်များကို အပြီးသတ် စီရင်ချက်မချမှတ်မီ ကြားဖြတ်စီမံ ဆောင်ရွက်ချက်အဖြစ် အမိန့်ချပေးရန် ဂမ်ဘီယာနိုင်ငံက တောင်းဆိုခြင်းဖြစ်သည်။

“အမှုမပြီးသေးဘဲနဲ့ ကန့်သတ်ချက်တွေ ချုပ်ချယ်မှုတွေ ဒါတွေကိုလည်း လက်ခံဖို့မသင့်ဘူး။ ငြင်းပယ်ရမယ့်ကိစ္စမျိုး ဖြစ်တယ်လို့ ကျွန်တော်တို့ ပါတီက ရှုမြင်တယ်” ဟု ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောကြားသည်။

ထို့ပြင် ဂမ်ဘီယာက တရားစွဲသော လျှောက်ထားလွှာတွင် မြန်မာနိုင်ငံက တရားဝင်လက်ခံခြင်းမရှိသည့်  ရိုဟင်ဂျာစကားရပ်ကို ထည့်သွင်းစွဲဆိုခြင်း၊ လျှောက်ထားလွှာတွင် ဖော်ပြပါရှိသော စကားရပ်များနှင့် အချက်အလက်အများစုမှာလည်း နိုင်ငံက လက်ခံထားခြင်းမရှိသည့် FFM, HRT, IMM, RAPPORTEUR စသည့် အစီရင်ခံစာများအပေါ်များစွာ မှီခိုအခြေပြုထားသဖြင့် ကန့်ကွက်သည်ဟု ပြည်ခိုင်ဖြိုးပါတီက ထုတ်ပြန်သည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုအပေါ် အစိုးရအဖွဲ့တာ ဝန်အရှိဆုံးပုဂ္ဂိုလ် သွားရောက်ရင်ဆိုင်ဖြေရှင်းမည့်အပေါ်တွင် အမျိုးသားအကျိုးစီးပွားအတွက် အပြုသဘော ပူးပေါင်းကူညီမည်ဟု ထုတ်ပြန်သည်။

“ကျွန်တော်တို့ရဲ့ အမျိုးသားအကျိုးစီးပွားအတွက်ဆိုရင် ဘယ်လိုအခန်းကဏ္ဍမျိုးကပဲဖြစ်ဖြစ် ပူးပေါင်းကူညီ ဆောင်ရွက်သွားမယ်ဆိုတဲ့ဟာကို ပြောထားပြီးသားဖြစ်ပါတယ်။ ကိုယ့်ရဲ့ကျရာကဏ္ဍကနေ ရပ်တည်ပြီး ဥပဒေနဲ့အညီ ပူးပေါင်းဆောင်ရွက်မယ်။ ဒါကိုဆိုလိုတာပါ” ဟု ဦးသိန်းထွန်းဦးက ပြောကြားသည်။

ICJ တွင် မြန်မာနိုင်ငံ တရားစွဲခံရမှုသည် လက်ငင်းဖြစ်ပေါ်လျက်ရှိသည့် အရှိတရားဖြစ်သဖြင့် အကောင်းဆုံးတုံ့ပြန််ရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးတွင် တာဝန်ရှိသည်ဟု ပါတီအနေဖြင့် ခံယူပြီး သွားရောက်တရားရင်ဆိုင်မည့် မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့်လည်း နိုင်ငံတကာ ဥပဒေပြဋ္ဌာန်းချက်များ၊ ကွန်ဗင်းရှင်းများ၊ ICJ ဆိုင်ရာ စည်းမျဉ်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်သည့် ကာကွယ်မှုများ ပြုလုပ်ပေးရန် ပြည်ခိုင်ဖြိုးပါတီက တိုက်တွန်းသည်။

ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် ဦးဆောင်ကာ သွားရောက်ရင်ဆိုင်မည်ဖြစ်ပြီး နိုင်ငံတကာမှ ကျွမ်းကျင်သည့် ရှေ့နေ၊ ဥပဒေအကြံပေးများ ငှားရမ်းပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက နိုဝင်ဘာ ၂၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။         

 

 

Most Read

Most Recent