ချင်းယူနိုက်တက်၏ လစာကိစ္စ နားလည်မှုလွဲခြင်းသာဖြစ်ပြီး ပြေလည်မှုရရှိသွားပြီဖြစ်ကြောင်း MNLတာဝန်ရှိသူ အတည်ပြု

ချင်းယူနိုက်တက်၏ လစာကိစ္စ နားလည်မှုလွဲခြင်းသာဖြစ်ပြီး ပြေလည်မှုရရှိသွားပြီဖြစ်ကြောင်း MNLတာဝန်ရှိသူ အတည်ပြု
Photos : Chin United
Photos : Chin United
Published 30 November 2019

MNL-2 (ပထမတန်း) မှ တန်းတက်လာသည့် ချင်းယူနိုက်တက်အသင်း၏လစာကိစ္စ မှာ အသင်းပိုင်ရှင်နှင့် တာဝန်ရှိသူအကြား နားလည်မှုလွဲခြင်းသာဖြစ်ပြီး နိုဝင်ဘာ ၂၉ ရက်တွင် မြန်မာနေရှင်လိဂ်(MNL)မှ ပြေလည်အောင် ညှိနှိုင်းပေးခဲ့ပြီဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲမှုဆိုင်ရာ အရာရှိချုပ် ဦးဆူးအောင်က အတည်ပြုပြော ကြားသည်။

ချင်းယူနိုက်တက်အသင်း၏ မီဒီယာ တာဝန်ခံဖြစ်သူသည် နိုဝင်ဘာ ၂၀ ရက် ရက်စွဲဖြင့် သြဂုတ်မှ အောက်တိုဘာအထိ အသင်းထံမှ လစာမရသေးကြောင်း၊လစာမရာတွင် အသင်း officer များအပြင် သြဂုတ်အထိ စာချုပ်ချုပ်ဆိုထားသည့် ချင်းယူနိုက်တက် ယူ-၁၈၊ယူ-၂ဝနှင့် စီနီယာအသင်းတို့ပါဝင်ကြောင်း ရေးသားထားသည့်စာကို မြန်မာနေရှင်နယ်လိဂ်ထံသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ချင်းယူနိုက်တက်အသင်းကလည်း နိုဝင်ဘာ ၂၈ ရက် ညပိုင်းတွင် မီဒီယာတာဝန်ခံဖြစ်သူအား တာဝန်မှရပ်စဲ ထားကြောင်းနှင့် အသင်းပိုင်ကင်မရာနှင့် လက်ပ်တော့တို့ကို အသင်းထံပြန်လည်မအပ်နှံဘဲ အလွဲသုံးစားလုပ်ထားကြောင်း အသင်း၏ Facebookစာမျက်နှာတွင် တုံ့ပြန်ကြေ ညာခဲ့သည်။

ယင်းကြေညာချက်အပေါ် ချင်း ယူနိုက်တက်မီဒီယာတာဝန်ခံဟောင်းဖြစ်သူ ကလည်း ငြင်းဆန်ခဲ့သည်။ ယင်းအခြေအနေ အတွက် မြန်မာနေရှင်နယ်လိဂ်ကော်မတီက နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် ကြားဝင် ဖြေရှင်းမှုပြုလုပ်ပေးရာ ပြေလည်မှုရခဲ့ခြင်း ဖြစ်သည်။

''ဖြစ်သွားတာက အသင်းတာဝန်ရှိသူ တွေကြားမှာ နားလည်မှုလွဲသွားခဲ့တာပါ။အသင်းဘက်ကလည်း မီဒီယာကောင်လေးနဲ့ပတ်သက်ပြီးတင်ထားတဲ့ ပို့စ်တွေကိုဖြုတ်ချပေးသွားမှာဖြစ်သလို၊ မီဒီယာကောင်လေးကလည်း နားလည်မှုလွဲသွားတဲ့ဖြစ်ရပ်ဆိုတာကို လူမှုကွန်ရက်ကနေ ပြန်ဖြေရှင်းပေးမယ်လို့ ဆိုပါတယ်''ဟု ဦးဆူးအောင်က ဆိုသည်။

 

Most Read

Most Recent