တီမောနှင့်ပွဲတွင်လည်း အနိုင်(၃)မှတ် ရယူနိုင်မည်ဟု ယုံကြည်ကြောင်း မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပြောကြား

တီမောနှင့်ပွဲတွင်လည်း အနိုင်(၃)မှတ် ရယူနိုင်မည်ဟု ယုံကြည်ကြောင်း မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပြောကြား
Photo: Nyi Nyi Soe Nyunt
Photo: Nyi Nyi Soe Nyunt
Published 29 November 2019

 

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်က  ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ အုပ်စုတတိယပွဲအဖြစ် ယှဉ်ပြိုင်ကစားရမည့် တီမောအသင်းနှင့်ပွဲတွင် အနိုင် (၃)မှတ်ရယူနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

မြန်မာ ယူ-၂၂ အသင်းသည် (၂)ပွဲကစား (၄)မှတ်ရထားသော်လည်း ဆီမီးဖိုင်နယ်တက်ရောက်နိုင်ရန် လက်ကျန်(၂)ပွဲစလုံး အရေးပါနေပြီး အနိုင်ရရန် လိုအပ်နေသည်။

ပိုပေါ့ဗ်က "ဖိလစ်ပိုင်အသင်းကို အနိုင်ရပြီးတဲ့အချိန်မှာ တီမောနဲ့ပွဲအတွက် ဆက်လက်ပြင်ဆင်ခဲ့ပါတယ်။ တီမောနဲ့ ကမ္ဘောဒီးယားအသင်းပွဲကို ကြည့်ခဲ့သလို ကျွန်တော်တို့အသင်းရဲ့ အားနည်းချက်ကိုလည်း ပြန်လည်ပြင်ဆင်ရမှာပါ။ ဖိလစ်ပိုင်ကို အနိုင်ရခဲ့ပေမယ့် ကျွန်တော့်အသင်းမှာ အားနည်းချက်တွေ ရှိနေပါသေးတယ်။ ခံစစ်ရော တိုက်စစ်မှာပါ လိုအပ်ချက်တွေ ရှိနေပါတယ်။ ဒါတွေကို ပြန်ပြင်ဆင်ထားပြီး တဖြည်းဖြည်းနဲ့ အားနည်းချက်တွေ မရှိအောင် လုပ်ဆောင်သွားရမှာပါ။ ကျွန်တော်တို့အသင်းက ဆီမီးဖိုင်နယ်တက်ရောက်ဖို့အတွက် အဆုံးအဖြတ်ကာလကို ရောက်လာပြီဖြစ်ပြီး အမှားလုပ်လို့လည်း မရတော့ပါဘူး။ တီမောအသင်းရဲ့ ခြေစွမ်းကလည်း လျှော့တွက်လို့ မရပါဘူး။ ကျွန်တော်တို့အနေနဲ့ အနိုင် (၃)မှတ်အပြင် ဂိုးများများသွင်းယူနိုင်ဖို့လည်း ကြိုးစားရမှာပါ။ အကောင်းဆုံးစွမ်းဆောင်ရည်ရှိနေတဲ့သူနဲ့ ကစားကွက်အံဝင်တဲ့သူတွေကိုပဲ ပွဲထွက်လူစာရင်းမှာ အသုံးပြုမှာပါ။ အနိုင်(၃) မှတ်ရယူနိုင်မယ်လို့လည်း ယုံကြည်ပါတယ်"ဟု ပြောကြားခဲ့သည်။

မြန်မာ ယူ-၂၂ အသင်းသည် နည်းပြပိုပေါ့ဗ် လက်ထက်တွင် တီမောအသင်းနှင့် တစ်ကြိမ်တွေ့ဆုံထားပြီး မတ်လက မြန်မာနိုင်ငံ၌ ကျင်းပသည့် ၂၀၂၀ အာရှ ယူ-၂၃ ခြေစစ်ပွဲတွင် (၇-၀) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရထားသည်။

ယင်းပွဲတွင် ဂိုးသွင်းနိုင်ခဲ့သည့် ကစားသမားများအနက် ဝင်းနိုင်ထွန်း၊ ရဲမင်းသူ၊ မြတ်ကောင်းခန့်တို့ ပြန်ပါလာပြီး ဟိန်းထက်အောင်နှင့် ဇေယျာနိုင်တို့ (၂)ဦးသာ အပြီးသတ်လူ စာရင်းတွင် ပါဝင်လာခြင်းမရှိပေ။

ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ (၂၅)ရက်မှစ၍ နေ့စဉ်ကျင်းပလျက်ရှိသော်လည်း ဖွင့်ပွဲအခမ်းအနားကျင်းပမည့် နိုဝင်ဘာ (၃၀) ရက်တွင် ပွဲစဉ်ရပ်နားကာ ဒီဇင်ဘာ (၁)ရက်မှ ပြန်လည်ကျင်းပမည်ဖြစ်သည်။

ထို့ကြောင့် မြန်မာအသင်းသည် ကမ္ဘောဒီးယားအသင်းနှင့် နောက်ဆုံးပွဲမတိုင်မီ နားရက် (၂)ရက်ရမည်ဖြစ်ပြီး ကမ္ဘောဒီးယားအသင်းမှာမူ နားရက် (၄) ရက်ရရှိထားသည်။ မြန်မာနှင့် တီမောအသင်းသည် နိုဝင်ဘာ (၂၉)ရက် မြန်မာစံတော်ချိန် မွန်းလွဲ (၂) နာရီခွဲတွင် ရီဇယ်လ်ကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

Most Read

Most Recent