မြန်မာ့လက်ရွေးစင်အသင်းခေါင်း ဆောင် နောက်ခံလူ ဇော်မင်းထွန်းသည် ထိုင်းလိဂ်-၁ ကလပ် ဆူခိုထိုင်းအသင်းသို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
ဆူခိုထိုင်းအသင်းသည် ဇော်မင်းထွန်း ကို စာချုပ်ခေါ်ယူပြီးဖြစ်ကြောင်း နိုဝင်ဘာ ၂၇ ရက်တွင် တရားဝင်မိတ်ဆက်ခဲ့ပြီး စာချုပ် သက်တမ်းမှာ တစ်နှစ်ဖြစ်ကြောင်း သိရသည်။ ဇော်မင်းထွန်းသည် ပြီးခဲ့သည့်ရာသီတွင် ထိုင်းကလပ် ချောင်ဘူရီအသင်း၌ ကစားခဲ့ သော်လည်း နည်းပြ၏ ကစားကွက်နှင့် အဆင် မပြေသောကြောင့် အသင်းမှ ထွက်ခွာမည် ဖြစ်ကြောင်း အတည်ပြုပြောကြားထားပြီး ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအပြီးတွင် ဆူခို ထိုင်းအသင်းနှင့် နောက်ဆုံးအဆင့်ဆွေးနွေးမှု ပြုလုပ်၍ အပြီးသတ်စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။
ဇော်မင်းထွန်းသည် မြန်မာနေရှင် နယ်လိဂ်ကလပ်အသင်းများဖြစ်သည့် မကွေး၊ ရတနာပုံနှင့် ရန်ကုန်အသင်းတို့တွင် ပါဝင် ကစားခဲ့ဖူးပြီး ၂၀၁၈ ရာသီကုန်တွင် ရန်ကုန် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့သော ကြောင့် ချောင်ဘူရီအသင်းသို့ အပြီးသတ် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ဇော်မင်းထွန်း သည် ချောင်ဘူရီအသင်းတွင် ဒုတိယအကျော့ အထိ ပုံမှန်ပွဲထွက်ခွင့်ရခဲ့သော်လည်း ရာသီ ကုန်ခါနီးတွင် ကစားကွက်အပြောင်းအလဲ ကြောင့် ပုံမှန်ကစားခွင့်ပျောက်ဆုံးကာ အချို့ ပွဲများတွင် အရန်စာရင်း၌ပင် ပါဝင်ခွင့်မရ ခဲ့ပေ။
မြန်မာကစားသမားများအနက် ဇော် မင်းထွန်းသည် လာမည့်ရာသီအတွက် ထိုင်း ကလပ်များနှင့် ပထမဆုံး စာချုပ်ချုပ်ဆိုသူ ဖြစ်လာပြီး တိုက်စစ်မှူး အောင်သူမှာလည်း ထိုင်းလိဂ်တွင် ဆက်လက်ကစားမည်ဖြစ် ကြောင်း အတည်ပြုထားသည်။















