ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးအပြင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တုံ့ပြန်နိုင်စွမ်းအားကောင်းသည့် လူထုဖွံ့ဖြိုးရေးစီမံကိန်း Resilient Community Development Project – RCDP ကို ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်မှ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်အထိ ခုနစ်နှစ် ဆောင်ရွက်ရန် ရည်မှန်းထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
၂၀၁၇ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုနှင့် ဆက်စပ်သည့် ဘေးအန္တရာယ် ဖြစ်နိုင်ခြေညွှန်းကိန်း Global Climate Risk Index အရ မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ် ကျရောက်နိုင်ခြေ အမြင့်မားဆုံး နိုင်ငံစာရင်းတွင် ပါဝင်လျက်ရှိကြောင်း၊ သဘာဝဘေး ကျရောက်တတ်သည့် ဒေသများ၌ နေထိုင်ကြသူများ၊ ရာသီဥတုကြောင့် ထိခိုက်လွယ်သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်ကြသူများနှင့် ဘေးအန္တရာယ်ကာကွယ် ရေးဆိုင်ရာ အသိပညာနည်းပါးသူများသည် သဘာဝဘေးကြောင့် ပိုမိုထိခိုက်ဆုံးရှုံးမှုများနှင့် ကြုံတွေ့နေကြရကြောင်း၊ ယင်းတို့၏ အကျိုးဆက်ကြောင့် ဆင်းရဲနွမ်းပါးမှုများလည်းရှိကြကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြောကြားသည်။
သို့ဖြစ်ရာ ရေရှည်တည်တံ့ခိုင်မြဲသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် သဘာဝဘေးအန္တရာယ် လျှော့ချကာကွယ်ရေးလုပ်ငန်းများကိုပါ တစ်ပါတည်း ထည့်သွင်းဆောင်ရွက်ရန် လိုအပ်လာသည့် အခြေအနေဖြစ်ကြောင်း၊ ယင်းအချက်အပေါ် အခြေခံပြီး တုံ့ပြန်နိုင်စွမ်းအားကောင်းသည့် လူထုဖွံ့ဖြိုးရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါစီမံကိန်း၏ အဓိက ရည်ရွယ်ချက်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လူထုကိုယ်တိုင် ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားစေပြီး လူနေမှုအဆင့်အတန်း မြင့်မားလာစေမှုနှင့်အတူ သဘာဝဘေးအန္တရာယ် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းအား ကောင်းလာစေရန်ဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်နိုင်ရန် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှ ကျွမ်းကျင်ပညာရှင်များ ပဏာမစူးစမ်းလေ့လာမှု လုပ်ငန်းကို ၂၀၁၈ ခုနှစ်၌ တစ်နှစ်ကြာ ဆောင်ရွက်ခဲ့ပြီးနောက် စီမံကိန်းဒီဇိုင်းကိုလည်း ရေးဆွဲပြီးဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းဒီဇိုင်းအရ စီမံကိန်းကုန်ကျစရိတ်သည် ဒေါ်လာ ၂၄၄ ဒသမ ၉၅ သန်းဖြစ်ပြီး စီမံကိန်းကာလကို ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်မှ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်အထိ ဆောင်ရွက်သွားရန် ရည်မှန်းထားကြောင်း သိရသည်။
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနယ်ပယ်တွင် ပုဂ္ဂလိကကဏ္ဍ ပါဝင်လာရန် စည်းရုံးလုပ်ဆောင်ရမည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက နိုဝင်ဘာ ၈ ရက်တွင် နေပြည်တော်၌ ပြုလုပ်သည့် (၁၁) ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက် ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများ၏ ဖွင့်ပွဲအခမ်းအနားတွင် အဖွင့်အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။















