၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၁၂ လဆက်တိုက် ခြောက်ရာခိုင်နှုန်းကျော်မှ ရှစ်ရာခိုင်နှုန်းကျော်အထိ ဖြစ်နေပြီး ခန့်မှန်းနှုန်းထား ၄ ဒသမ ၈၁ ရာခိုင်နှုန်းထက် ၁ ဒသမ ၅၃ ရာ ခိုင်နှုန်းမှ ၃ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။
၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၈၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသော်လည်း ဘဏ္ဍာနှစ်အစပိုင်းလများဖြစ်သော အောက်တိုဘာတွင် ၆ ဒသမ ၃၄ ရာခိုင်နှုန်း၊ နိုဝင်ဘာတွင် ၆ ဒသမ ၆၆ ရာခိုင်နှုန်း၊ ဒီဇင်ဘာတွင် ၆ ဒသမ ၈၆ ရာခိုင်နှုန်း၊ ဇန်နဝါရီတွင် ၆ ဒသမ ၉၄ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီတွင် ၇ ဒသမ ၀၇ ရာခိုင်နှုန်း၊ မတ်တွင် ၇ ဒသမ ၂၈ ရာခိုင်နှုန်း၊ ဧပြီတွင် ၇ ဒသမ ၅၁ ရာခိုင်နှုန်း၊ မေတွင် ၇ ဒသမ ၈၂ ရာခိုင်နှုန်း၊ ဇွန်တွင် ၈ ဒသမ ၀၈ ရာခိုင်နှုန်း၊ ဇူလိုင်တွင် ၈ ဒသမ ၃၅ ရာခိုင်နှုန်း၊ သြဂုတ်တွင် ၈ ဒသမ ၅၃ ရာခိုင်နှုန်း၊ စက်တင်ဘာတွင် ၈ ဒသမ ၆၁ ရာခိုင်နှုန်းအထိရှိနေကာ ၂၀၁၈ ခုနှစ် ဧပြီမှ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ၁၈ လဆက်တိုက် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်နေခြင်းဖြစ်သည်။
၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၁၀ ရာခိုင်နှုန်းနှင့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၈၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်အတွင်း ဧပြီမှစ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ငွေကြေးဖောင်းပွမှုနှုန်း ၁၈ လဆက်တိုက် မြင့်တက်ခဲ့ရာ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် မျှော်မှန်းထားသည့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၈၁ ရာခိုင်နှုန်းနှင့် ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း နှိုင်းယှဉ်ပါက လေးရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် စက်တင်ဘာ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၈ ဒသမ ၆၁ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၁၉ ခုနှစ် သြဂုတ်ရှိ ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၅၃ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ငွေကြေးဖောင်းပွမှုနှုန်း ဆက်လက်မြင့်တက်လာခြင်းဖြစ်ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။
တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ တစ်နှစ်ပျမ်းမျှ ၈ ဒသမ ၆၁ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း Year on Year Inflation မှာ ၉ ဒသမ ၅၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း မကွေးတိုင်းဒေသကြီးတွင် ၁၂ ဒသမ ၆၂ ရာခိုင်နှုန်းဖြင့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၁ ဒသမ ၂၆ ရာခိုင်နှုန်းဖြင့် ဒုတိယအမြင့်ဆုံးဖြစ်ခဲ့ကာ မန္တလေးမြို့တွင် ၁၀ ဒသမ ၁၄ ရာခိုင်နှုန်းဖြင့် တတိယအမြင့်ဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၄ ဒသမ ၆၆ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုအများဆုံးဖြစ်ပေါ်ခဲ့ပြီး ကချင်ပြည်နယ်တွင် ၂ ဒသမ ၄၉ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုရာခိုင်နှုန်း အနည်းဆုံးဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။
တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။
ယခင်က ၂၀၀၆ ခုနှစ်ကိုအခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်းကို တွက်ချက်ခဲ့သော်လည်း ယခုအခါ ၂၀၁၂ ခုနှစ်စစ်တမ်းအပေါ် အခြေခံ၍ အခြေခံနှစ် Base Year ကို ပြောင်းလဲတွက်ချက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းမှာ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ တစ်နှစ်ပျမ်းမျှ ၈ ဒသမ ၆၁ ရာခိုင်နှုန်းရှိပြီး ၂၀၁၉ ခုနှစ် သြဂုတ်အထိ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၅၃ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၈ ရာခိုင်နှုန်း ပိုမိုလာကြောင်း သိရသည်။
၂၀၁၈ ခုနှစ် မေမှ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းကို လေ့လာပါက ၂၀၁၈ ခုနှစ် မေတွင် ၄ ဒသမ ၂၉ ရာ ခိုင်နှုန်းရှိခဲ့ရာမှ တဖြည်းဖြည်းမြင့်တက်လာခဲ့ရာ ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ၈ ဒသမ ၆၁ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။















