မဲဆွယ်ကာလတိုးမြှင့်ပေးရန် ပြည်ထောင်စ ုရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီအချို့ တင်ပြတောင်းဆို

မဲဆွယ်ကာလတိုးမြှင့်ပေးရန် ပြည်ထောင်စ ုရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီအချို့ တင်ပြတောင်းဆို
Published 22 November 2019
ဉာဏ်လင်းထွန်း



မြို့နယ်ကြီးမားသည့် မဲဆန္ဒနယ်အချို့တွင် မဲဆွယ်ကာလနှစ်လဖြင့် ပါတီ၏မူဝါဒနှင့် ရပ်တည်ချက်များကို ပြည်သူအား ချပြရှင်းလင်းရန် အခက်အခဲရှိသဖြင့် မဲဆွယ်ကာလကို တစ်လ ထပ်မံတိုးမြှင့်ပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံရေးပါတီအချို့က တောင်းဆိုထားကြောင်း သိရသည်။

၂၀၂၀ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ညှိနှိုင်းအစည်းအဝေးတွင် အထက်ပါအချက်ကို တင်ပြတောင်းဆိုခဲ့ကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိထောင်က ပြောကြားသည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် စသည့် လွှတ်တော်သုံးရပ်လုံးအတွက် တောင်းဆိုခြင်းဖြစ်သော်လည်း ပြည်ထောင်စုအဆင့် လွှတ်တော်နှစ်ရပ်က မဲဆွယ်ကာလ ပိုမိုလိုအပ်သည်ဟု ထင်မြင်ကြောင်း ၎င်းကဆိုသည်။

“ပြည်နယ်နဲ့ တိုင်းဒေသကြီး ရွေးကောက်ပွဲကျတော့ မြို့နယ်ကို တစ်ခြမ်းစီဆိုတော့ နှစ်လနဲ့လည်း အဆင်ပြေရင် ပြေလောက်တယ်။ ဒါပေမဲ့ ပြည်သူ့နဲ့ အမျိုးသားနဲ့ဆိုရင်တော့ တော်တော်လေးကို မဲဆန္ဒနယ်က ကျယ်ပြန့်သွားပြီလေ။ အထူးသဖြင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဆိုရင် သုံးမြို့နယ်၊ လေးမြို့နယ် ကျယ်ပြန့်တော့ ရက်ပေါင်း ၆၀ အတွင်းမှာ ဘယ်လိုမှ ပြည်သူလူထုကို ပါတီအသီးသီးရဲ့ မူဝါဒတွေ၊ ရပ်တည်ချက်တွေကို မချပြနိုင်ဘူးပေ့ါ” ဟု ဆလိုင်းကျဲအိုဘိထောင်က ပြောကြားသည်။

မဲဆွယ်မူဝါဒနှင့် ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းကို ဒေသခံပြည်သူများ မသိရှိ၊ မကျေလည်ဘဲ မဲပေးရခြင်းက မှန်ကန်သည့် မဲပေးခြင်း မဖြစ်နိုင်သကဲ့သို့ တိုင်းပြည်အတွက်လည်း နစ်နာမှုရှိကြောင်း ဥပမာပေးကာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြတောင်းဆိုခဲ့သည်ဟု ၎င်းက ဆိုသည်။

ထို့ပြင် ပြည်ထောင်စုလွှတ်တော်နှစ်ရပ်ဖြစ်သည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲနှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲတို့ကို အချိန်သီးခြားစီ ကျင်းပသင့်ကြောင်းလည်း တင်ပြခဲ့ပြီး ယင်းကဖက်ဒရယ်အင်္ဂါရပ်နှင့် လုပ်ရိုးလုပ်စဉ်ဖြစ်ကြောင်း၊ အခြေခံဥပဒေက ကန့်သတ်ထားခြင်း မရှိကြောင်းလည်း ဆွေးနွေးတင်ပြခဲ့သည်ဟု သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ညှိနှိုင်းအစည်းအဝေးတွင် ၎င်းတို့ပါတီအပါအဝင် ပါတီသုံးခုခန့်က မဲဆွယ်ကာလတိုးမြှင့်ပေးရန် တင်ပြတောင်းဆိုမှုရှိခဲ့ကြောင်း ဆလိုင်းကျဲအိုဘိထောင်က ပြောကြားသည်။

မဲဆန္ဒနယ်နှစ်ခု သို့မဟုတ် အချို့သော မဲဆန္ဒနယ်များတွင် နှစ်ခုထက်မနည်း တာဝန်ယူရသော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်ကာလ နှစ်လသည် လုံလောက်ခြင်းမရှိဟု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဒေါ်နှင်းနှင်းမွှေးက ပြောကြားသည်။

ထို့ကြောင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းများ အနေဖြင့် မဲဆွယ်ကာလ နှစ်လထက် ပိုမိုရရှိသင့်ပြီး သတ်မှတ်ထားသည့် မဲဆွယ်အသုံးစရိတ်သိန်း ၁၀၀ ထက်လည်း ပိုမိုသတ်မှတ်ပေးသင့်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံစဉ် တင်ပြဆွေးနွေးခဲ့သည်ဟု ၎င်းကဆိုသည်။

“အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းတွေက မဲဆွယ်ကာလကျရင် မြို့နယ် နှစ်မြို့နယ် သုံးမြို့နယ် အနည်းဆုံး စည်းရုံးရတယ်။ အဲဒီအခါကျတော့ ကျွန်မတို့နိုင်ငံရဲ့ လမ်းပန်းဆက်သွယ် အခက်အခဲအရ တော်တော်သွားရလာရ ခက်ခဲတဲ့နေရာတွေရှိတယ်။  ရှိတော့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်က နှစ်လနဲ့ ဘယ်လိုမှ နေရာအနှံ့  မရောက်နိုင်ဘူး။ ဆိုတော့ ပြည်သူကို တကယ်ကိုယ်စားမပြုတဲ့ အခြေအနေတွေ ဖြစ်သွားနိုင်တယ်” ဟု ဒေါ်နှင်းနှင်းမွှေးက ပြောကြားသည်။

မဲဆန္ဒနယ် တစ်ခုချင်းစီကိုသာ တာဝန်ယူရသည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများနှင့် မဲဆန္ဒနယ်တစ်ခုကို တစ်ဝက်စီ တာဝန်ယူရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများအတွက် လက်ရှိသတ်မှတ်ထားသည့် မဲဆွယ်ကာလနှစ်လနှင့် မဲဆွယ်စရိတ်သိန်း ၁၀၀ သည် သင့်လျော်သည်ဟု ထင်မြင်ကြောင်း ၎င်းက ပြောကြားသည်။

ထိုသို့ ပါတီများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများက အချိန်အခက်အခဲအရဟုဆိုကာ ပြန်လည်ဖြေကြားရှင်းလင်းမှု မရှိခဲ့ကြောင်း သိရသည်။