ပင်လယ်ကျွီးသံ

ပင်လယ်ကျွီးသံ
Photo: dhakatribune
Photo: dhakatribune
Published 22 November 2019
ဌေးဝင်း

ပင်လယ်ပြင်၌ အလွန်တရာဆိုးရွားသည့် ရာသီဥတုအခြေအနေတစ်ခု ဖြစ်ပေါ်တော့မည် သို့မဟုတ် ဖြစ်ပေါ်နေပြီဆိုသည်ကို ပင်လယ်ကမ်းစပ်တွင် မွေးဖွားလာသူများ အတတ်သိနိုင်သော အကြောင်းတစ်ခု ရှိသည်။ ယင်းမှာ ပင်လယ်ကြီးသည် လူသားတစ်ယောက် ရင်ကွဲပက်လက် ဟစ်အော်ငိုကြွေးသကဲ့သို့ အသံပေးလာပါက ပင်လယ်ထဲတွင် တစ်စုံတစ်ရာ ထူးခြားဖြစ်စဉ်တစ်ခု ကျိန်းသေဖြစ်တော့မည်ဟု ပင်လယ်နားတွင် နေသူများ အလိုအလျောက် နားလည်ကြခြင်းဖြစ်၏။ ထိုအသံကို ကြားသောအခါပင် လယ်နားတွင်နေသော ရခိုင်များက ‘ပင်လယ် ကျွီး’ သည်ဟု ပြောလေ့ရှိကြသည်။ ‘ကျွီး’ ဟူသော ရခိုင်စကားလုံး၏ အဓိပ္ပာယ်မှာ နာကျင်ခံခက်လွန်းသည့် ဝေဒနာကြောင့် ဝမ်းခေါင်းသံနှင့် ညှစ်ကာ ဟစ်အော်ငိုကြွေးခြင်းကို ဆိုလိုသည်။

ရှေးရိုးအစဉ်အလာ ယုံကြည်လာသည်ကတော့ ပင်လယ်သည် လူသားစားပြီးသည့်အတွက် ကျွီးသည်ဟု အချို့က ပြောတတ်ကြသလို တချို့ကလည်း လူသားစားတော့မည် ဖြစ်သောကြောင့် ကျွီးသည်ဟု ပြောတတ်ကြ၏။ ယခုအခါ လူသားစားခြင်း၊ မစားခြင်းထက် ပို၍လေးနက်သော ‘ ပင်လယ်ကျွီးသံ’ ကို နေ့စဉ် ကြားနေရသည်။ ခေတ်အခြေအနေကို ကျိုးကြောင်းဆက်စပ် ဆင်ခြင်ရာမှရသော အသိကြောင့် နားမဆံ့အောင်ကြားနေရသည့် ကျွီးသံများပင်။

ပထဝီအနေအထားအရ ကုန်းတွင်းပိတ် နိုင်ငံများထက် ပင်လယ်ထွက်ပေါက်ရှိသော နိုင်ငံများက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ပိုမိုအခွင့်အလမ်းသာသည်ဟု သတ်မှတ်ကြသည်။ ထို့ကြောင့် ပင်လယ်ပြင်နှစ်ခုကို ထွက်ပေါက်အဖြစ် ပိုင်ဆိုင်ခွင့်ရကာ တည်ရှိနေသော မြန်မာနိုင်ငံသည် ပထဝီနိုင်ငံရေး သဘောတရားအရ ဖွံ့ဖြိုးတိုးတက်ကြီးပွားရန် အလွန်ကောင်းသည့် အခွင့်အလမ်းကို ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်မည်ထင်ပါသည်။ ထိုအဆိုသည် ပထဝီနိုင်ငံရေးသဘောတရားအရ ကွက်တိမှန်နိုင်သော်လည်း မြန်မာနိုင်ငံအတွက်တော့ ယခုလက်ရှိအချိန်မှာ မှန်ကန်ရန် ခက်ခဲလွန်းသည့် အခြေအနေတွင် ရှိနေသည်။ ပကတိအမြင်အတိုင်း ပြောရလျှင် ပင်လယ်ထွက်ပေါက်ကို ပိုင်ဆိုင်ခဲ့သောကြောင့်ပင် ပြဿနာပေါင်းစုံကို ခေါင်းပေါ်ပုံ ကျလာနေခြင်းဖြစ်သည်ဟု မြင်မိသည်။

စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေးပါ၀ါအပြင် လူဦးရေအင်အားပါ မြန်မာနိုင်ငံထက် အစစအရာရာတွင် အဆပေါင်းများစွာ သာလွန်သော အိန္ဒိယနှင့် တရုတ်နိုင်ငံတို့၏အကြားတွင် တည်ရှိနေသလို နိုင်ငံပထဝီအကျယ်အဝန်းက မြန်မာနိုင်ငံမှ ရှမ်းပြည်နယ်ဧရိယာ အကျယ်အဝန်းမျှသာရှိသော်လည်း လူဦးရေ မွေးဖွားမှုနှုန်း များပြားမြန်ဆန်လွန်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နိုင်ငံနယ်နိမိတ်ချင်း ထိစပ်နေခြင်းသည် ခက်ခဲရှုပ်ထွေးသော နိုင်ငံရေးအခင်းအကျင်းဆီသို့ တွန်းပို့ခံရသည့် အကြောင်းတရားတစ်ခုပင် ဖြစ်သည်။

၂၀ ရာစုတွင် အမေရိကန်သည် ဆိုဗီယက်ရုရှားနှင့် အဓိကယှဉ်ဘက် ဖြစ်ခဲ့သော်လည်း ၂၁ ရာစုသို့ ရောက်လာသောအခါ အမေရိကန်ကို ပခုံးချင်းယှဉ်ကာ ပြိုင်ဘက်နေရာကို ဝင်ရောက်လာသူမှာ တရုတ်နိုင်ငံ ဖြစ်လာသည်။ တရုတ်သည် စီးပွားရေးအင်အား လျင်မြန်စွာ တိုးတက်လာသည်နှင့်အမျှ ထိုအင်ဂျင်ကို လည်ပတ်နေဖို့ လောင်စာဆီ ဖူလုံနေဖို့ အရေးတကြီးလိုအပ်လာသည်။ ယင်းလို အပ်ချက်ကို ဖြည့်တင်းဖို့ အာဖရိကတိုက်အထိ လက်တံကို ဆန့်ထုတ်ကာ ရှာဖွေလေ၏။ ရလာသည့် လောင်စာဆီများကို တရုတ်နိုင်ငံအထိ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်အောင် ပို့ဆောင်ပေးမည့်လမ်းကြောင်းက လိုအပ်လာပြန်သည်။

ထိုအခါ အာဖရိကတိုက်မှ လောင်စာဆီများကို အိန္ဒိယသမုဒ္ဒရာ၊ ဘင်္ဂလားပင်လယ်နှင့် မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းကို ဖြတ်သန်းကာ တရုတ်နိုင်ငံထဲသို့ သယ်ယူမည့်ပိုက်လိုင်းတစ်ခုကို တည်ဆောက်ခဲ့ပြီး ဖြစ်သလို ရထားလမ်းတစ်ခုကို တည်ဆောက်ရန်လည်း အလျင်အမြန် စီစဉ်နေခြင်းဖြစ်၏။ တစ်ပြိုင်နက်တည်းတွင် တရုတ်ကြီးသည် ‘ ခါးပတ်တစ်ကွင်း လမ်းတစ်စင်း’ စီမံကိန်းကိုချမှတ်ကာ ကမ္ဘာအနှံ့အပြားကို စီးပွားရေးနိုင်ငံရေးပါ၀ါ တိုးချဲ့ဖို့ အပတ်တကုတ် အားထုတ်နေပြန်၏။

ဘင်္ဂလားပင်လယ်သည် အဖိုးတန်သဘာဝဓာတ်ငွေ့ သယံဇာတများစွာ ကြွယ်ဝထွက်ရှိသည်။ သို့သော်မြန်မာနိုင်ငံသည် မိမိတို့တိုင်းပြည်မှထွက်သော အဆိုပါအဖိုးတန် သယံဇာတများကို ကိုယ်တိုင်ထုတ်ယူနိုင်သည့်  နည်းပညာမရှိ။ ထို့ကြောင့် တိုင်းတစ်ပါးသား ကုမ္ပဏီများကသာ ရှာဖွေထုတ်လုပ်ပေးရလေရာ ယင်း၏ နောက်ဆက်တွဲဇာတ်လမ်းမှာ သယံဇာတကျိန်စာသင့်ပြီး စစ်ပွဲများကိုဖြစ် လာစေခဲ့လေသည်။ ဒေသခံများအထွက် ခါးသည်းလှသည့် ဆိုးကျိုးများကို ပေးနေလေ၏။

တရုတ်နိုင်ငံ၏ သြဇာသည် မြန်မာနိုင်ငံ၏ အရေးပါသည့် ကဏ္ဍများစွာတွင် နက်ရှိုင်းစွာ ခြေကုပ်မိနေသည်ကို မြင်သော အိန္ဒိယနိုင်ငံကလည်း မျက်စိစပါးမွေးမစူးဘဲနေမည် မဟုတ်ချေ။ ထို့ကြောင့် အိန္ဒိယလည်း ကုလားတန်မြစ်မှ စုန်ဆင်းလာကာ စစ်တွေကိုခြေကုပ်ယူပြီး တာချီလိတ်မှတစ်ဆင့် အရှေ့တောင်အာရှသို့ ကားလမ်းဖြင့် ထွက်ရန် စီမံကိန်းရေးဆွဲလာသည်။

ဘင်္ဂလားဒေ့ရှ်ကတော့ တရုတ်တို့၊ အိန္ဒိယတို့လို စီးပွားရေးစစ်ရေးပါ၀ါကို အခြေခံသော ပထဝီနိုင်ငံရေးကို မသုံးနိုင်။ သူအသုံးပြုသည့်အရာက နယ်စပ်ပြဿနာများ၊ လူ့အခွင့်အရေးပြဿနာများ ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်သည် အဆိုပါကိစ္စများကို ကိုင်တွယ်ရာတွင် သူတစ်နိုင်ငံတည်း မလှုပ်ရှားဘဲ အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းကာ မြန်မာခေါင်းဆောင်များကို နိုင်ငံတကာတရားရုံးသို့ ပို့ဆောင်ရန် စိုင်းပြင်းနေ၏။ မြန်မာနိုင်ငံသည် သူ့ဘာသာသူပင် လူမျိုးစွဲဘာသာစွဲ၊ ပါတီစွဲ၊ ဒေသစွဲ၊ အုပ်စုစွဲ စသည့်အစွဲအလမ်း ကြီးလွန်းမှုများကြောင့် ရှင်းမရအောင် ဖြစ်နေရသည့်အထဲ ဘင်္ဂလားဒေ့ရှ်နှင့် သူ၏ မဟာမိတ်နိုင်ငံများက နိုင်ငံတကာအရေးဖြစ်လာအောင် ဖန်တီးပေးလိုက်ရာ ပိုမိုနက်ရှိုင်းစွာ ရှုပ်ထွေးသွားပါလေတော့သည်။

ပထဝီနိုင်ငံရေးကဲ့သို့ပင် သမိုင်းနောက်ခံ နိုင်ငံရေးကိုအကြောင်းပြပြီး လူမျိုးစုလက်နက်ကိုင် တော်လှန်ရေး တိုက်ပွဲများကလည်း ကမ္ဘာက သြချရလောက်အောင် အဖွဲ့စုံလင်လှသည့် တိုင်းပြည်ဖြစ်မည် ထင်ပါသည်။ အခြားသော နိုင်ငံအတော်များများတွင် လက်နက်ကိုင် တိုက်နေကြသည်မှာ အစိုးရတပ်မတော်နှင့် သူပုန်တပ်ဆိုသည်မှာ ဘက်နှစ်ဘက်သာရှိကြသည်က များသည်။ မြန်မာမှာတော့ ထိုသို့မဟုတ်။ များပြားလှသော လက်နက်ကိုင်တပ်များနှင့် အစိုးရတပ်က စစ်မျက်နှာများစွာဖွင့်ကာ တိုက်နေကြသည့် တိုက်ပွဲပျော် နိုင်ငံတော်ဟုသာ တင်စားချင်မိသည်။ ယနေ့ ပစ္စုပ္ပန်အနေအထားတွင် မြန်မာပြည်၏ တောင်ဘက်ပိုင်းမှ ကေအင်ယူဦးဆောင်သော လက်နက်ကိုင် အတော်များများက အစိုးရနှင့် အပစ်အခတ်ရပ်စဲသည့် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုထားပြီး မြောက်ဘက်မှ ကေအိုင်အေ ဦးဆောင်သည့် လက်နက်ကိုင်အဖွဲ့များနှင့် ရှမ်းပြည်နယ်ထဲမှ အချို့သောတပ်များက အစိုးရနှင့် အပစ်ရပ်ငြိမ်းချမ်းရေး စာချုပ်ကို လက်မှတ်မထိုးနိုင်ဘဲ ရှိနေကြသည်။

အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်ဟူသည့် ဘက်သုံးဘက်စလုံးကို တကယ်သြဇာညောင်းသူမှာ ဘယ်သူလဲဟုဆိုလျှင် တရုတ်အစိုးရပင် ဖြစ်နေပြန်သည်။ တရုတ်သည် ဤအခင်းအကျင်းတွင် အဆုံးအဖြတ်ပေးနိုင်သူနေရာက လူသိရှင်ကြား တရားဝင် မကြေညာသော်လည်း တရုတ်ကို အာခံကာ လုပ်ဝံ့မည့်ပုံတော့ မည်သူ့ဆီမှာမှ မတွေ့ရ။

ယခင်အုပ်ချုပ်ခဲ့ကြသည့် စစ်အစိုးရများဘက်က ဗီတိုအာဏာကိုကိုင်ကာ ခိုင်ခိုင်မာမာ ရပ်တည်ပေးခဲ့သူမှာ တရုတ်ပင် မဟုတ်ပါလား။ အလားတူ အခြားတစ်ဖက်တွင် ထိုစဉ်က အမေရိကန် ဥရောပစသည့် ဒီမိုကရေစီနိုင်ငံများက မြန်မာပြည်၏ဒီမိုကရေစီ တော်လှန်ရေးတိုက်ပွဲအတွက် တိုက်ပွဲဝင်သူများဘက်မှ မားမားမတ်မတ် ရပ်တည်ပေးခဲ့ကြသည်။ ထိုသို့ရပ်တည်ပေးခဲ့ကြသောကြောင့် မြန်မာတို့၏ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီ သူရဲကောင်းအဖြစ် ကမ္ဘာ့အလယ်တွင် ထင်ရှားကျော်ကြား လာခဲ့သည်။

သို့သော်ထိုအရာများကား ယနေ့ကာလတွင် အတိတ်က သမိုင်းဖြစ်ရပ်အဖြစ် ထားရစ်ခဲ့ကြပြီ။ မျက်မှောက်ကာလတွင်ကား ထိုသူများကပင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း စစ်ဗိုလ်ချုပ်ကြီးများနှင့်အတူ အမှုတွဲကာ ခုံရုံးတင်ရန် တရားစွဲဆိုထားကြလေပြီ။ ယင်းအားထုတ်မှုများ၏ရလဒ်ကား တရုတ်၏ ထီးရိပ်အောက်သို့ ပိုမိုခိုဝင်သွားစေရန် တွန်းပေးလိုက်ခြင်းပင် မဟုတ်ပါလား။

မျက်မှောက်ကာလ သတင်းမျက်နှာစာတွင် မပါမဖြစ်ပါနေရသည့် သတင်းများမှာ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ယင်းတိုက်ပွဲများကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ပဋိပက္ခများပင်ဖြစ်၏။  စစ်မီးတောက်များ လောင်ကျွမ်းခံရသည့် ဒေသနှင့် ယင်းဒေသမှ ပြည်သူများမှာလည်း အသက်ဘေးမှ လွတ်အောင် ပြေးရှောင်ရင်း ချက်ချင်းလက်ငင်း အိုးမဲ့အိမ်မဲ့ ဒုက္ခသည်များ ဖြစ်ကြရလေ၏။ ထောင်ပေါင်းများစွာသော စစ်ဘေးရှောင် ပြည်သူများသည် သူတို့၏အနာဂတ်မှုန်ဝါးကာ ပျောက်ဆုံးနေကြသည်။

သူတို့၏အကျိုးစီးပွားများအတွက် အကြံကြီးကြီးနှင့် ကစားနေကြသည့် တရုတ် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အပါအဝင် အနောက်နိုင်ငံများ၏ ကိုယ်စားလှယ်များဖြစ်ကြသော အန်ဂျီအို၊ အိုင်အန်ဂျီအိုတည်းဟူသော ခေါင်းစဉ်အမျိုးမျိုး၊ နာမည်မျိုးစုံ ဆိုင်းဘုတ်တပ်ထားသူများကလည်း အာဏာရှင်စနစ်မှ ဒီမိုကရေစီခေတ်စနစ်သို့ ကူးပြောင်းရန် အားယူကာစ မြန်မာနိုင်ငံ၏ အားနည်းချက်များကို အခွင့်ကောင်းယူကာ အပီအပြင် တက်နင်းလျက်ရှိကြချေ၏။ ကျွဲနှစ်ကောင်ခတ်သည့်ကြားက မြေဇာမြက်ဖြစ်ရသည့် ဥပမာလောက်နှင့်ပင် မလုံလောက်တော့။

ရခိုင်ရိုးမနှင့် ဘင်္ဂလားပင်လယ်ကြားက နေ့စဉ်ပေါ်ထွက်နေသည့် ငိုရှိုက်သံများ၊ တက်ခေါက်သံများ၊ နာကျည်းမှုများ၊ မုန်းတီးမှုများ၊ ဝမ်းနည်းကြေကွဲမှုများနှင့် ရန်ငြိုးရန်စများသည် တော်ရုံနှင့်ငြိမ်းအေးသွားမည့် လက္ခဏာကိုကား လောလောဆယ်အချိန်၌ အရိပ်အယောင်မျှပင် မမြင်ရသေး။ မြင်နေရသည် ကနောင်မျိုးဆက်များစွာအထိ သမိုင်းအမွေဆိုးအဖြစ် သယ်ဆောင်သွားကြမည့် ဒဏ်ရာဒဏ်ချက်များ။ ထိုဒဏ်ရာများကြောင့် ထွက်ပေါ်လာသည့် ဘင်္ဂလားပင်လယ်၏ ဟစ်ကြွေးငိုရှိုက်သံ သို့မဟုတ် ဘင်္ဂလားပင်လယ်၏ ‘ကျွီးသံ’ သည် မြန်မာနိုင်ငံ၏အနာဂတ်အတွက် ရင်လေးဖွယ်ရာ အလွန်ကောင်းသည့် နိမိတ်ဆိုးတစ်ခုများလေလားဟုသာ တွေးနေမိတော့သည်။

 

Most Read

Most Recent