ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းတွင် တိုက်ပွဲများကြောင့် ကျေးရွာ ၁၀ ရွာခန့်မှာ ရွာပျက်သွားပြီး လက်ရှိအချိန်အထိ လွှတ်တော်အမတ် ဦးဝှေ့တင်းနှင့် ပတ်သက်၍ လုံးဝမသိရသေးကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်သာယာ၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးထက်က ပြောကြားသည်။
“၂၀၁၅ ကနေ ၂၀၁၉ အတွင်းမှာ ပလက်ဝမြို့နယ်အတွင်းမှာ ရွာတွေပျက်တာ ၁၀ ရွာလောက် ရှိပါတယ်။ ဒီရွာတွေက တပ်မတော်နဲ့ AA နဲ့ တိုက်ပွဲဖြစ်တယ်။ ရွာနားမှာဖြစ်တယ်။ AA တွေကလည်း ရွာထဲကို ဝင်လိုက်ထွက်လိုက်ဆိုတော့ သူတို့က မနေရဲတော့ဘူး။ တချို့ကျောင်းတွေဆိုရင်လည်း ပျက်သွားပြီ။ ကျောင်းတွေ မရှိတော့ဘူး။ အဓိကတော့ ကင်းတလင်းရွာတို့၊ ခမောင်းဝရွာတို့၊ မော်တလန်ရွာတို့က ပျက်သွားပြီ။ မီးဇာတို့၊ ရှင်းလက်ဝတို့၊ ပလက်ဝတို့၊ လောင်းကဒူး၊ အင်ဝ၊ စိန့်ဆင်း အဲဒီဘက်ကို ဆွေမျိုးသားခြင်း နီးတဲ့ဘက်ကို အခြေချကုန်ပြီ။ ဟိုမှာလည်း ရွာတွေလည်း မရှိတော့ဘူး။ စာသင်ကျောင်းတွေလည်း မရှိတော့ဘူးဆိုတော့ နီးစပ်ရာ ကလေးတွေ စာသင်လို့ရတဲ့နေရာမျိုးတို့ လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့ နေရာမျိုးတို့ကို ပြောင်းရွှေ့ကုန်တာပေါ့။ ထန်တလန်မြို့နယ် သီးကီရ်ရွာမှာ နေထိုင်မယ့်သူတွေလည်း ရောက်ကြပြီ ။ မြေနေရာတွေလည်း ချထားပေးပြီ ။ အိမ်ခြေ ၂၀ ၊ လူဦးရေ ၁၀၀ အဲဒီမှာ တန်ဖိုးနည်းအိမ်ရာ ဆောက်ပြီးသားတွေမှာ ချပေးထားတယ်။ စားဝတ်နေရေးကို အကုန်စီစဉ်ပေးထားပါတယ်။ ဦးဝှေ့တင်းရဲ့ နောက်ဆုံးအခြေအနေလည်း မသိရဘူး” ဟု ချင်းပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် စည်ပင်သာယာ၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးထက်က ပြောကြားသည်။
ပလက်ဝမြို့နယ် မီးဖာဒေသတွင် နေထိုင်သော စစ်ဘေးရှောင် အိမ်ထောင်စု ၂၀ လူဦးရေ ၁၀၀ ခန့်သည် အဆိုပါဒေသမှ ထန်တလန်မြို့နယ် သီးကီရ်ကျေးရွာသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းတွင် စစ်ဘေးရှောင်ဦးရေ ၆၀၀၀ ဝန်းကျင်ခန့်ရှိပြီး ရခိုင်ပြည်နယ်များ အတွင်းတွင် နေထိုင်သည့် စစ်ဘေးရှောင်များကဲ့သို့ Camp ဖြင့် နေထိုင်ခြင်းမဟုတ်ဘဲ မိမိတို့ နီးစပ်ရာ ကျေးရွာများ ဆွေမျိုးများထံတွင် နေထိုင်ကြသည်ဟု သိရသည်။
“ပလက်ဝဘက်မှာ တိုက်ပွဲတွေကြောင့် ပြောင်းကြရွှေ့ကြရင်း ရွာပျက်တာတွေ ရှိပါတယ်။ ဒါပေမဲ့ နာမည်အတိအကျတော့ မသိဘူး။ ၁၀ ရွာလောက်တော့ ရွာပျက်သွားတာ ရှိတယ်။ ဒါပေမဲ့ နေရာအတိအကျတော့ မသိဘူး။ အဲဒီရွာတွေက ပလက်ဝ အနောက်ဘက် ပီချောင်းထဲက ရွာတွေပါတယ်။ ပလက်ဝ အထက်ဘက် ကုလားတန်မြစ်ဖျား၊ အိန္ဒိယနယ်စပ်နားက ရွာတွေဖြစ်မယ်။ ဥပမာ ပီသောင်ဆိုတဲ့ ရွာဆိုရင် ပျက်သွားတာလေ။ ပီသောင်ရွာမှာနေတာက ကျွန်တော်တို့ ချင်းတွေပဲ ပွန်စကားပြောတဲ့ ချင်းတွေ။ အခု ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူရဲ့ရွာ (ထန်တလန်မြို့နယ် သီးကီရ်ရွာ) ဘက်ကို အခုရောက်သွားကြပြီလေ။ သူတို့က အဲဒီမှာ မနေချင်တော့ဘူး။ သီးကီရ်ရွာဘက်ကိုသွားချင်တယ်ဆိုလို့။ သူတို့ရောက်သွားတဲ့ နေရာကလည်း စကားနည်းနည်းဆင်တူပုံရတယ်” ဟု ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းမှုကောင်စီ (KACC) မှဦးစောမြက ပြောကြားသည်။
လွန်ခဲ့သည့် နှစ်နှစ်မှစတင်၍ တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ် မီးဇာကျေးရွာအနီးတွင် စစ်ဘေးရှောင်ရန်အတွက် ရောက်ရှိလာခဲ့ပြီး လက်ရှိတွင် စစ်ဘေးရှောင်သူ ၁၂၀၀ ခန့် ရှိသည်ဟု ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးထက်က Daily Eleven သတင်းစာသို့ ပြောကြားထားသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် လုံချုံရေးအခြေအနေများကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး လက်ရှိတွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်သူ တိုးလာကြောင်း သိရသည်။















