အခြေခံအဆောက်အအုံ လိုအပ်ချက်များနေသည့် ပညာရေးကဏ္ဍနှင့် ပြန်အပ်နေရသည့် ဘတ်ဂျက်

အခြေခံအဆောက်အအုံ လိုအပ်ချက်များနေသည့် ပညာရေးကဏ္ဍနှင့် ပြန်အပ်နေရသည့် ဘတ်ဂျက်
 စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စာသင်ကျောင်းတစ်ကျောင်းကို ကျောင်းသားငယ်များနှင့်အတူ တွေ့ရစဉ်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စာသင်ကျောင်းတစ်ကျောင်းကို ကျောင်းသားငယ်များနှင့်အတူ တွေ့ရစဉ်
Published 17 November 2019
ဇော်မင်းနိုင်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတက်လာချိန်မှစ၍ ပညာရေးကဏ္ဍအတွက် တစ်နှစ်ထက်တစ်နှစ် ဘတ်ဂျက်သုံးစွဲမှု တိုးမြှင့်လာခဲ့သည်။

ဘတ်ဂျက်ကို တိုးမြှင့်ချထားပေးသည့် ပညာရေးကဏ္ဍအတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အဆောက်အအုံ ဆောက်လုပ်ခြင်းများအတွက် တစ်နှစ်ထက်တစ်နှစ် ပိုမိုတည်ဆောက်ပေးခဲ့သည်ကိုလည်း တွေ့ရှိရသည်။

စက်တင်ဘာ ၁၇ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သည့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေတွင် ပါဝင်သော တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်နိုင်မှု အခြေအနေနှင့်လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာတွင် ဖော်ပြထားချက်အရ ၂၀၁၅ -၂၀၁၆ ခုနှစ် ဘဏ္ဍာနှစ်တွင်  ခွင့်ပြုငွေကျပ် သန်းလေးထောင်ကျော်ဖြင့် အဆောက်အအုံ ၁၂၇၄ လုံး တည်ဆောက်ခဲ့ပြီး ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ခွင့်ပြုငွေကျပ်နှစ်ဘီလျံဖြင့် အဆောက်အအုံ ၅၁၃၈ လုံး တည်ဆောက်ခွင့်ပြုခဲ့သည်။ (နှစ်အလိုက် တည်ဆောက်ခွင့်ပြုရာတွင်သုံးစွဲခဲ့သည့် တန်ဖိုးနှင့် အဆောက်အအုံများကို ဇယားဖြင့် ပူးတွဲဖော်ပြထားပါသည်)။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ခွင့်ပြုခဲ့သည့် အဆောက်အအုံ ၅၁၃၈ လုံးတွင် အများဆုံး တည်ဆောက်ခွင့်ရရှိသည့် တိုင်းဒေသကြီးမှာ ဧရာဝတီတိုင်းဒေသကြီးဖြစ်ပြီး အဆောက်အအုံ ၆၈၃ လုံး တည်ဆောက်ခွင့်ရရှိခဲ့သည်။ အဆောက်အအုံအနည်းဆုံး တည်ဆောက်ခွင့် ရရှိသည့်ဒေသမှာ ရှမ်း(အရှေ့)ဖြစ်ပြီး ၅၁ လုံး တည်ဆောက်ခွင့်သာရရှိခဲ့သည်။

 

ပို၍ပြန်အပ်ခဲ့ရသည့် အခြေခံပညာရေးဘတ်ဂျက်များ

ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သည့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ထူးခြားချက်တစ်ခုပါရှိသည်ကို တွေ့ရှိရသည်။

ယင်းအချက်မှာ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၏ ဘတ်ဂျက်မှာ ပိုလျှံသဖြင့် ပြန်အပ်ခဲ့ရသည့် ဖြစ်စဉ်ဖြစ်သည်။

ပိုလျှံသဖြင့်ပြန်အပ်ရသည့်ငွေ ကြေးမှာ ကျပ်သန်း ၁၂၈၇၈ ဒသမ ၃၆၈ ဖြစ်သည်။ ယင်းပမာဏမှာ ဘတ်ဂျက်မှ ပိုလျှံငွေဖြစ်ပြီး တင်ဒါမှ ပိုလျှံငွေများလည်းရှိသည်။ တင်ဒါမှ ပိုလျှံငွေများမှာ ကျပ်သန်း ၄၁၀၁ ဒသမ ၃၃၈ ဖြစ်သည်။

တင်ဒါပိုလျှံငွေများအနက် အများဆုံးပြန်အပ်ရသည့်ဒေသမှာ မန္တလေးတိုင်းဒေသကြီးဖြစ်ပြီး ကျပ် သန်း ၇၁၆ ဒသမ ၈၀၄ ဖြစ်သည်။ အနည်းဆုံးပြန်အပ်သည့် ဒေသမှာ ကျပ်သန်း ၃၅ ဒသမ ၇၈၀ ဖြစ်သည်။

တင်ဒါပိုလျှံငွေမရှိသည့် ဒေသမှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် နေပြည်တော်တို့ဖြစ်သည်။

“နိုင်ငံတော်က ခွင့်ပြုငွေ အမြောက်အမြားတွေကို အချိန်နဲ့တစ်ပြေးညီ သုံးစွဲနိုင်မှုမရှိတာဟာ တစ်နည်းအားဖြင့် ဘဏ်တွေမှာ အိပ်နေတာဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု နဲ့ ငွေကြေးလည်ပတ်မှုကို များစွာထိခိုက်ပြီး ပြည်သူတွေရဲ့ အလုပ်အကိုင်နဲ့ ဝင်ငွေရရှိမှု၊ သုံးစွဲနိုင်မှုအပါအဝင် အဘက်ဘက်မှာ ဆုံးရှုံးနစ်နာမှုတွေ ကြီးလွန်းတာတွေ့ရပါတယ်” ဟု သနပ်ပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောကြားသည်။

ပိုလျှံဘတ်ဂျက်ငွေများ ပြန်အပ်ခြင်းကြောင့် နိုင်ငံတော်အတွက် ဆုံးရှုံးနစ်နာမှုများရှိနေပြီး ယင်းအခြေအနေများမှာ မေးခွန်းထုတ်ရမည့် အခြေအနေများဖြစ်ကြောင်း ဦးမြင့်ဦးက ဆက်လက်ပြောကြားသည်။

ထို့ပြင် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုခဲ့သည့်အဆောက်အအုံ ၅၁၃၈ လုံးတွင် နေပြည်တော်ရုံးချုပ်မပါ အဆောက်အအုံ ၄၇၉၇ လုံးအနက် ၂၈၈၁ လုံးသည် စီမံကိန်း စတင်နိုင်ခြင်းမရှိသေးကြောင်း အစီရင်ခံစာအရသိရသည်။ 

img_20190725_142534.jpg

ပန်းတောင်းမြို့နယ် ကြာအင်းရွာစာသင်ကျောင်းအတွင်း စာသင်ကြားနေသည့် ကျောင်းသားကျောင်းသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်း)

 

ပိုလျှံဘတ်ဂျက်များ ထွက်လာသော်လည်း ချေးငွေယူရန် လွှတ်တော်ကို တင်သွင်းခဲ့သည့် ပညာရေး

လုပ်ငန်းများပြီးပြတ်မှုမရှိခြင်း၊ လုပ်ငန်းများ စတင်နိုင်ခြင်းမရှိသဖြင့် ပိုလျှံဘတ်ဂျက် တစ်ထရီလီယံ ကျော်ရှိခဲ့သည့် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံမှ အမေရိကန်ဒေါ်လာသန်း ၁၀၀ ချေးငွေရယူရေး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည်။

အဆိုပါ ဒေါ်လာသန်း ၁၀၀ မှာ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်မှ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်အထိ လေးနှစ်ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က လွှတ်တော်တွင် ပြောကြားခဲ့သည်။

စီမံကိန်းဝင်မြို့နယ်အဖြစ် ရွေးချယ်မှုတွင်ပါဝင်သည့် မြို့နယ်များမှာ IDA ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် လျာထားချက်တင်ပြမှုသာဖြစ်ပြီး စီမံကိန်းအတွက် ရွေးချယ်မှုတွင်မပါဝင်သည့် မြို့နယ်များကိုလည်း ပညာရေးဝန်ကြီးဌာန၏ ဘဏ္ဍာရန်ပုံငွေဖြင့် ဆက်လက်ပံ့ပိုးအားဖြည့်မည်ဖြစ်ကြောင်း၊ လူတိုင်းအကျုံးဝင် အရည်အသွေးမီ ပညာရေးလုပ်ငန်း အစီအစဉ်တွင် အဓိကအားဖြင့် အခြေခံပညာရေးအတွက် Access နှင့် Quality အပိုင်းများကို အဓိကထား ပံ့ပိုးဆောင်ရွက်မည့်အစီအစဉ်၊ ကျောင်းပြင်ပ ပညာရေးအစီအစဉ်နှင့် တိုင်းရင်းသားပညာရေးလုပ်ငန်း အစီအစဉ်၊ ပြည်သူ့ဘဏ္ဍာရေး လုပ်ငန်းများကို စီမံခန့်ခွဲမှုနည်းပညာ ပေးမည့်အစီအစဉ်နှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး စီမံခန့်ခွဲမှုအစီအစဉ်နှင့် လုပ်ငန်းတစ်ခုချင်းအလိုက် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများ(ပစ္စည်းဝယ်ယူရေး၊ ပညာရှင် ငှားရမ်းခေါ်ယူရေးနှင့် နည်းပညာဆိုင်ရာ ကြီးကြပ်အကဲဖြတ်ခြင်း M & E) စသည့်လုပ်ငန်းများ ပါဝင်မည်ဖြစ်သည်။

အဆိုပါ အစီအစဉ်ဆောင်ရွက်ရန်အတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ IDA ထံမှ ဒေါ်လာသန်း ၁၀၀ ချေးငွေရယူရေးကိစ္စနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များထံမှ ဆန္ဒမဲရယူရာတွင် ထောက်ခံဆန္ဒမဲ ၄၂၉ မဲရရှိခဲ့ပြီး ကန့်ကွက်မဲနှင့် ကြားနေမဲမရှိဘဲ ထောက်ခံဆန္ဒမဲများခြင်းကြောင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။

ယင်းသို့အတည်ပြုနိုင်ရန် အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးစဉ်က တပ်မတော်သားကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဗိုလ်မှူးနိုင်မြင့်က ချေးငွေရယူခြင်းကို မူအားဖြင့်သဘောတူကြောင်း၊ သို့သော် တိုင်းပြည်စီးပွားရေးကျဆင်းနေချိန်တွင် မဖြစ်မနေ ချေးယူရသည့် ချေးငွေများကို အကျိုးရှိစွာ သုံးစွဲရန် ထောက်ပြဝေဖန်ခဲ့သည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးနိုင်မြင့်က “ချေးငွေအခွင့်အလမ်းတွေ ဘယ်လောက်ကောင်းလို့၊ နိုင်ငံတည်ဆောက်ဖို့အတွက် ဘယ်လောက်လိုအပ်လို့ဆိုပြီး ချေးယူပေမယ့် ကျွန်တော်တို့ကာလမဟုတ်တဲ့ နောင်လာနောက်သားတွေရဲ့ကာလမှာ အ ကြွေးပင်လယ်မှာ နိုင်ငံတော်ကြီး မနစ်မြုပ်ဖို့ သတိထားကြရပါလိမ့်မယ်။ အကြွေးတင်ရင် ဘုရင်ကဆပ်မဟုတ်ဘဲ ဘုရင်က အကြွေးယူပြီး ပြည်သူပြည်သားက ဆပ်လို့မဆုံးမဖြစ်ဖို့ လိုအပ်ပါတယ်” ဟု ဗိုလ်မှူးနိုင်မြင့်က ပြောကြားသည်။

ယင်းသို့ ပညာရေးဘတ်ဂျက်တွင် ပိုနေသည့်ငွေကြေးများကို ပြန်လည်အပ်နှံရသည့်အချိန်တွင် ချေးငွေရယူခဲ့ခြင်းမှာ မေးခွန်းထုတ်ရမည့် အခြေအနေဖြစ်သည်။

မြန်မာနိုင်ငံ၏ ဆယ်စုနှစ် တစ်ခုအတွင်း လိုငွေဆက်တိုက်ပြနေသည့်အချိန်တွင် ဝန်ကြီးဌာနများ၏ ငွေကြေးစီမံခန့်ခွဲမှုအပိုင်းမှာ များစွာမေးခွန်းထုတ်ရမည့် အခြေအနေလည်းဖြစ်သည်။

ပညာရေးကဏ္ဍတွင် လိုအပ်နေသည့် နေရာများ

မြန်မာနိုင်ငံ၏ ပညာရေးစနစ်မှာ ပညာရှင်များ၏ ထောက်ပြဝေဖန်ချက်များအရ များစွာနောက်ကျနေပြီဟု ဆိုသည်။

ထို့ပြင် ပညာရေးအတွက် အခြေခံအဆောက်အအုံများ၊ သင်ကြားရေးအတွက် ဆရာဆရာမများ လိုအပ်နေခြင်းစသည့် အချက်များမှာ မဖြစ်မနေဖြည့်ဆည်းရမည့် အရာများလည်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ မူလတန်းပြဆရာ ၅၀၈၂၀၊ အလယ်တန်းပြဆရာ ၂၂၃၃၁ ဦး၊ အထက်တန်းပြဆရာ ၁၁၃၅၀ လိုအပ်လျက်ရှိသည်။

ကျောင်းဆောင်များအနေဖြင့် မူလတန်းအတွက် ၂၃၂၃၄ ဆောင်၊ အလယ်တန်းနှင့် အထက်တန်းအတွက် ၂၁၈၉၅ ဆောင်လိုအပ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကျောင်းဆရာလိုအပ်ချက်များကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖြေရှင်းနေရသည့် ဒေသများစွာ မြန်မာနိုင်ငံတွင် ရှိသည်။

နယ်မြို့အချို့တွင် လစဉ်ငွေကြေးကောက်ခံ၍ စာသင်ကြားရေးအတွက် ဆရာဆရာမများကို ကိုယ်ထူကိုယ်ထ ငှားရမ်းလုပ်ကိုင်နေရသည့် ဒေသများမှာ အများအပြားရှိနေသည်။

အထူးသဖြင့် ဝေးလံခေါင်သီသည့် ဒေသများ၊ မြို့ပေါ်မဟုတ်သည့် နယ်ဘက်များတွင် ကျောင်းဆရာ ဆရာမလစ်လပ်မှုများ ပိုများနေပြီး အချို့စာသင်ကျောင်းများ၌ ဆရာတစ်ဦးနှစ်ဦးခန့်ဖြင့်သာ သင်ကြားနေရကြောင်း NLD ပါတီဝင် တနင်္သာရီတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၇)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြော ကြားသည်။

“အချို့နယ်ဘက် စာသင်ကျောင်းတွေမှာ ကျောင်းဆရာ မလုံလောက်လို့ ကျေးရွာတွေမှာ ပြင်ပကျောင်းဆရာတွေခေါ်ယူကာ အရပ်ခန့်ခန့်ဖို့ လစဉ်ပိုက်ဆံကောက်ခံနေရပြီးတော့ ကိုယ်ထူကိုယ်ထနဲ့ ပညာသင်ကြားနေကြရပါတယ်” ဟု ဦး ဇော်ဟိန်းက ပြောကြားသည်။

ကျောင်းဆရာဆရာမလိုအပ်ချက်ကို ပြန်လည်ဖြည့်တင်းမည်ဆိုပါက နောင် ၁၀ နှစ်၊ ၁၅ နှစ်မှသာ ပြည့်မီမည်ဖြစ်ကြောင်း ဦးဇော်ဟိန်းက ခန့်မှန်းသည်။

“၂၀၁၉ ခုနှစ် ပညာရေးမူဝါဒရဲ့ အစီရင်ခံစာအရ နိုင်ငံအတွင်းမှာရှိတဲ့ အခြေခံပညာကျောင်းများမှာ ကျောင်းဆရာ ခန့်ထားတာကတော့ ၃၇၀၀၀၀ ကျော်ရှိပါတယ်။ ကျောင်းဆရာလစ်လပ်မှုက ၁၄၀၀၀၀ ကျော် ရှိပါတယ်။ တစ်နှစ်ကို ဆရာမဖြုန်းတီးအင်အားက ၅၀၀၀ ကျော်ရှိပါတယ်။ နိုင်ငံအတွင်းမှာရှိတဲ့ ပညာရေးကောလိပ် ၂၅ ကျောင်းနဲ့ ပညာရေးတက္ကသိုလ်ကျောင်းနှစ်ကျောင်းက ထွက်တဲ့ ကျောင်းဆရာများဟာ ၁၁၃၅၄၀ ရှိပါတယ်။ နိုင်ငံအတွင်းမှာရှိတဲ့ အရည်အသွေးမီတဲ့ ကျောင်းဆရာလစ်လပ်မှုတွေ ဖြစ်ပေါ်နေတာကို ပြန်လည်ဖြည့်တင်းမယ်ဆိုလို့ရှိရင် နောက် ၁၀ နှစ် ၁၅ နှစ် လောက်ကျမှ ကျောင်းဆရာလုံလောက်မှုကို ဖြည့်ဆည်းနိုင်မယ့် သဘောမျိုးဖြစ်နေပါတယ်” ဟု ၎င်းကပြောကြားသည်။

ဘတ်ဂျက်စီမံခန့်ခွဲမှုလိုအပ်နေသည့် ပညာရေးကဏ္ဍ

ပညာရေးကဏ္ဍမှ စီမံခန့်ခွဲမှုလိုအပ်ချက်များကြောင့် ယင်းသို့ ဘတ်ဂျက်များကို ကုန်အောင်မသုံးစွဲနိုင်ဘဲ ပြန်အပ်နေရခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက တညီတညွတ်တည်း ပြောကြားသည်။

ယခုနှစ်တွင် ဘတ်ဂျက်နှစ်ကို ဧပြီမှ အောက်တိုဘာသို့ ပြောင်းလဲခဲ့သည်။ လုပ်ငန်းများ အဆင်ပြေစေရန်အတွက် ယင်းသို့ ပြောင်းလဲခဲ့သော်လည်း ပညာရေးကဏ္ဍအတွက် တည်ဆောက်ရေးလုပ်ငန်းများမှာ တိုးတက်မလာဘဲ ပိုမိုဆုတ်ယုတ်သွားသည်ဟု လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

“ယခင်ဘတ်ဂျက်ဟောင်းတုန်းက ဘဏ္ဍာရေးနှစ်က ဧပြီလမှာ စတင်လို့ မကြာခင်မိုးရာသီရောက်လာတော့ အဆောက်အအုံတွေ ဆောက်တဲ့အခါမှာ အခက်အခဲတွေရှိတယ်။ ဒါကြောင့် ခြောက်သွေ့ရာသီ အောက်တိုဘာလ ၁ ရက်နေ့မှစတဲ့ ဘတ်ဂျက်တွေကို ပြောင်းလိုက်ကာမှ ပိုဆိုးလာတာတွေ့ရပါတယ်။ ၂၀၁၈ -၂၀၁၉ ခုနှစ်မှာ တည်ဆောက်ရေးလုပ်ငန်းများအနက် လုပ်ငန်း ၂၈၈၁ ခုဟာ လုံးဝလုပ်ငန်း စတင်ဆောင်ရွက်နိုင်မှု မရှိသေးဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားတာ တွေ့ရှိရပါတယ်” ဟု NLD ပါတီဝင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိန်ဝင်းက ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဒေသတွင် လိုအပ်ချက်၊ အခက်အခဲများကို အစိုးရအဖွဲ့ကို တင်ပြခဲ့သော်လည်း ယခုနှစ်အစီရင်ခံစာတွင်လည်း ယင်းအားနည်းချက်ကို အစိုးရအဖွဲ့က မပြင်နိုင်သေးကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုး (ဘောဂဗေဒ)က ပြောကြားသည်။

“ပြည်ထောင်စုမှာ ကျွန်တော်တို့ ကိုယ်စားလှယ်တွေဟာ ဒေသမှာ ဖြစ်ပျက်တဲ့အဖြစ်အပျက်တွေ၊ လက်တွေ့ဖြစ်နေတဲ့ဟာတွေကို မကြာခဏ ဆွေးနွေးသော်ငြားလည်း အစီရင်ခံစာနှစ်ခုဟာ နဂိုမူလအတိုင်း ပြန်ပါလာတယ်ဆိုတဲ့အချက်က ဝန်ကြီးဌာနရဲ့ Enforcement အပိုင်း အားနည်းတယ်ဆိုတာကို ဒါကွက်ကွက်ကွင်းကွင်း ဖော်ပြတာဖြစ်ပါတယ်” ဟု ဦးသန်းစိုးက ပြောကြားသည်။

ယင်းကြောင့် ပညာရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုအပိုင်းအား ပြန်လည်သုံးသပ်ရမည်ဖြစ်ပြီး ပိုလျှံဘတ်ဂျက်များကို နှစ်စဉ်ပြန်အပ်နေခြင်းမှာ မဖြစ်သင့်ကြောင်း ကယားပြည်နယ်မဲဆန္ဒနယ် အမှတ် (၉) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်းက ပြောကြားသည်။

ဦးစိုးသိန်းက “ပညာရေးဝန်ကြီးဌာနကို အကြံပြုလိုတာက ယခုဆိုရင် တစ်နိုင်ငံလုံးရဲ့ ဘတ်ဂျက်ရဲ့ ၈ ဒသမ ၈ ရာခိုင်နှုန်းလောက်အထိ လွှတ်တော်က ခွင့်ပြုပေးထားတာ တွေ့နိုင်ပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက အကုန်သုံးစွဲသလား။ စနစ်တကျသုံးစွဲသလား။ အလေးအနက် စီမံခန့်ခွဲသလား။ သုံးသပ်သင့်ပါတယ်။ နှစ်တိုင်း ပြန်လည်အပ်နှံတာတွေ့ရပါတယ်။ ၂၀၁၇-၂၀၁၈ မှာ ၁၁၅၂ ဒသမ ၅၅၆ ဘီလျံ တစ်နည်းအားဖြင့် ပြောရရင် ၁ ဒသမ ၁ ထရီလီယံ ပြန်အပ်ပါတယ်” ဟု ပြောကြားသည်။

ယင်းအပြင် တည်ဆောက်ရေးတွင်လည်း တင်ဒါခေါ်ယူခြင်းလုပ် ငန်းစဉ်မှာ နှစ်လကျော် သုံးလအထိ ပြီးပြတ်မှုမရှိခြင်း၊ တည်ဆောက်ထားသည့်အဆောက်အအုံများ၏ အရည်အသွေးမှာလည်း မေးခွန်းထုတ်ရမည့် အခြေအနေများရှိခြင်း စသည့်အချက်များကိုလည်း ပြုပြင်ရမည်ဖြစ်ပြီး အဓိကအချက်တစ်ချက်မှာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများ၏ လုပ်ပိုင်ခွင့်ကို ပိုမိုပေးအပ်ရန်ဖြစ်ကြောင်း ကိုယ်စားလှယ်များက ပြောကြားသည်။

“၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်မှာ ပညာရေးဝန်ကြီးဌာနမှ ဘတ်ဂျက်သုံးစွဲတာ မကုန်လို့ ပြန်အပ်နေတာဟာလည်း မဖြစ်သင့်တဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒီလိုနိုင်ငံအတွင်းမှာ ကျောင်းဆရာ လိုအပ်ချက်တွေ၊ စာသင်ဆောင်နဲ့ သင်ကြားရေးအထောက်အကူပစ္စည်းတွေ အများအပြားလိုအပ်နေတာကို ကြည့်ခြင်းအားဖြင့် ဗဟိုချုပ်ကိုင်မှုကို လျှော့ချပြီး ပြည်နယ်နဲ့တိုင်းဒေသကြီးတွေကို ပိုမိုလုပ်ပိုင်ခွင့်ပေးသင့်ပြီး အလျင်အမြန် ဆောင်ရွက်သင့်ကြောင်း တင်ပြလိုပါတယ်” ဟု ဦးဇော်ဟိန်းက ပြောကြားသည်။

အလားတူ ဦးစိုးသိန်းကလည်း “Decentralizing Funding to School Project ဆိုတာကို စာရွက်ပေါ်မှာ ကြားရတဲ့အတွက်ကြောင့် အထူးပဲဝမ်းသာတယ်။ သိပ်ကောင်းပါတယ်။ လက်တွေ့မှာတော့ ပြည်နယ်/ တိုင်း ဒေသအစိုးရတွေမှာ ဘာမှ လုပ်ပိုင်ခွင့်မရှိပါဘူး။ ယုတ်စွအဆုံး ပညာရေးကဏ္ဍ မူလတန်းအဆင့် Level ကိုပင် လုပ်ပိုင်ခွင့် ပေးမထားပါဘူး” ဟု ဦးစိုးသိန်းက ဝေဖန်သည်။

ပညာရေးကဏ္ဍတွင် လိုအပ်ချက်များစွာရှိနေသော်လည်း၊ ပိုနေသဖြင့် ဘတ်ဂျက်များရှိသော်လည်း ချေးငွေဖြင့် လုပ်ဆောင်နေရသည့် ကဏ္ဍများလည်းရှိနေသည်။ ယင်းသို့ အခြေအနေများတွင် ကောင်းမွန်သည့် စီမံခန့်ခွဲမှု ရှိရမည်ဖြစ်ရာ လက်ရှိအခြေအနေများအရဆိုလျှင် စီမံခန့်ခွဲမှုအမှားများကြောင့် ရှေ့မရောက်နိုင်ပေမည် ဖြစ်သည်။

ပညာရေးဆိုသည်မှာ ရေရှည်ရင်းနှီးမြှုပ်နှံမှသာ အောင်မြင်မည်ဖြစ်ပြီး ကောင်းမွန်သောစီမံခန့်ခွဲမှု ရှိမှသာ ရှေ့သို့ရောက်နိုင်မည်ဖြစ်သည်။

တစ်နှစ်ထက်တစ်နှစ် ဘတ်ဂျက်လိုငွေများလာသည့် မြန်မာနိုင်ငံတွင် စီမံခန့်ခွဲမှု ကောင်းမှသာ ပြည်သူ့ဘဏ္ဍာများ မဆုံးရှုံးမည်ဖြစ်သည်။

 

 

Most Read

Most Recent