ကျွန်တော့်အမှာ

ကျွန်တော့်အမှာ
 Photo : pieterzandvliet
Photo : pieterzandvliet
Published 16 November 2019
နေမျိုး

ကျွန်တော်၏ဖခင်သည် တေးရေးဆရာတစ်ဦး ဖြစ်ပါသည်။ ကျွန်တော်၏ဖခင်သည် နေမျိုးဗလကျော်သူဘွဲ့ရ အဘရွာစားကြီး စိန်ဗေဒါ၏ဆိုင်းကို ဆက်ခံခေါင်းဆောင် တီးမှုတ်နေသူလည်း ဖြစ်သည်။ ဖခင်သည် ဒုတိယမြောက် ဆက်ခံတီးမှုတ်သူ ဖြစ်ပါသည်။ ထိုစဉ်က အဘရွာစားကြီး စိန်ဗေဒါ၏ဆိုင်းကို ဆက်ခံခေါင်းဆောင် တီးမှုတ်နိုင်မည့်သူကို မန္တလေးရှိ ဆိုင်းဆရာများထဲမှ ရွေးချယ်စိစစ်ခဲ့ရာ ကျွန်တော်၏ဖခင် ရွာစားစိန်တင်ဟန်က ဦးဆောင်တီးမှုတ်ခွင့် ရရှိခဲ့ခြင်းပင် ဖြစ်ပါသည်။ အဓိကအချက်မှာ လူပျိုလူလွတ်တစ်ယောက် ဖြစ်ခြင်းနှင့် သီချင်းကြီးသီချင်းခံများကို ကျေညက်စွာ တီးမှုတ်နိုင်ခြင်းကြောင့် ဖြစ်သည်ဟု သိရပါသည်။ လူပျိုလူလွတ်တစ်ယောက် ဖြစ်၍ အဘရွာစားကြီး စိန်ဗေဒါ၏ဇနီး အမေ ဒေါ်စိန်မေကို ကောင်းစွာ လုပ်ကျွေးနိုင်မည် ဖြစ်သလို  သီချင်းကြီးသီချင်းခံများ ကျေညက်စွာ ရထားခြင်းကြောင့် ဆိုင်းပွဲရောက်ရှိရာ မြို့ရွာကျေးလက်ဒေသများက အဘစိန်ဗေဒါ အရှိန်ဖြင့် ‘ဘုံပျံနေနန်း’ တီးပြပါ။ ‘ရစိန် ဒေါင်းယာဉ်ပျံ’ တီးပြပါ။ ‘အထူးထူး’ တီးပြပါ။ ‘ချစ်သမျှ’ကို တီးပြပါ အစရှိသဖြင့် တောင်းဆိုလာပါက ကောက်ကာငင်ကာ တီးနိုင်မည် ဖြစ်သဖြင့် အဘစိန်ဗေဒါ၏ဂုဏ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဟု ပညာရှင်လူကြီးများက တွက်ဆခဲ့ကြပါသည်။ ယခု ပြောလိုရင်းကို ဖော်ပြရလျှင် ကျွန်တော့်ဖခင်ကြီးသည် မန္တလေးမြို့ရှိ အငြိမ့်မင်းသမီး၊ ဇာတ်မင်းသမီးများ၊ ဇာတ်မင်းသားများအတွက် တေးသီချင်းများ ရေးစပ်သီကုံးပေးခဲ့ရာတွင် အထူးပင်အောင်မြင်မှုများ ရရှိခဲ့ပါသည်။ အဖေ၏ သီချင်းများ အောင်မြင်မှုရနေသည်ကို ကြားသိရသော အဖေ့အစ်ကို ဦးစိန်မောင်လွင် မန်းပန်တျာဆိုင်းနည်းပြက “ငါ့ညီ သူများရွှေအိုး လုပ်ပေးတာလည်းလုပ် ကိုယ်ရွှေအိုးလည်း ကိုယ်လုပ်ဦးဟု ဆုံးမစကားဆိုခဲ့သည်။ ကောင်းပါပြီ။ ၎င်းအချက်မှာ ယခုဆောင်းပါးတွင် ကျွန်တော် ပြောလိုရင်းပင်။

ကျွန်တော့်ကို ရင်းနှီးခင်မင်ကြသော အသိအမှတ်ပြုကြသော ကဗျာဆရာ၊ စာရေး ဆရာများက သူတို့၏ စာအုပ်များအတွက်   ‘အမှာစာ’ မကြာခဏ ရေးခိုင်းလေ့ ရှိကြသည်။ အခြားသူများ၏ စာအုပ်များကို ကောင်းနိုးရာရာ မှတ်ချက်များနှင့် အမှာစာရေးပေးလေ့ရှိသော ကျွန်တော်သည် တစ်ကြိမ်တွင်တော့ မိမိစာအုပ်အတွက် မိမိအမှာရေးဖြစ်ခဲ့ပါသည်။ ၎င်းအမှာကို 10A က ထုတ်ဝေသည့် ‘တိတ်ဆိတ်သော တနင်္ဂနွေ’ စာအုပ်၌ ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ မိမိစာအုပ်အတွက် အမှာရေးသားခြင်းမှာ တစ်မျိုးစိတ်လှုပ်ရှားစရာပင်။ ကျွန်တော် ဖော်ပြပါရစေ။

“ သန်းခေါင်ကျော် ၁၀ မိနစ်မှာ ရေးတဲ့စာ” ။ ကျုပ် ကဗျာမရေးဖြစ်တာ ကြာပြီ။ ကျုပ်လူငယ်ဘဝက စာရွက်လွတ်တစ်ခုကို တွေ့ရင် ဖောင်တိန်ကို အဖုံးဖွင့်ပြီး ရေးတော့တာပဲ။ ယက်ဗ်တူရှင်ကို,ကို ဖတ်ပြီးပြီ။ ရှေးမာ့စ်ဟေနီကို ဖတ်ပြီးပြီ။ မာယာကော့ဗ်စကီးကို ဖတ်ပြီးပြီ။ မြို့ထဲကို လမ်းသလား ကဖေးဆိုင်မှာ ထိုင် ညဉ့်နက်တဲ့အထိ အိမ်မပြန်နိုင်။ မိုးကုပ်စက်ဝိုင်းထက်မှာ ညစောင့်က ကြယ်ပွင့်တွေ ညှိထွန်းတော့မှ လူသူရှင်းလင်းတဲ့ ကတ္တရာလမ်းမပေါ် ဖြတ်လျှောက်ကာ အိမ်ကိုပြန်လာ။ ဓာတ်တိုင်က မီးပွင့်တွေဟာ ငိုထားတဲ့ မိန်းမတစ်ယောက်ရဲ့ မျက်လုံးတွေလိုပဲလို့ ကျော်စွာထက်က ရေးတော့ ဓာတ်တိုင်ကို မော့ကြည့်မိပြန်ပေါ့။ ခွေးတစ်ကောင်ကို တက်နင်းမိတယ်လို့ ပိုင်စိုးဝေက ရေးခဲ့တော့ လမ်းမကို ငုံ့ကြည့်မိပြန်ပေါ့။ အဲဒီတုန်းက ကမ္ဘာကြီးဟာ ကျုပ်လက်ထဲမှာ။ ကျုပ်လူငယ်ဘဝက ရည်းစားလည်း မရှိ။ ဟောဒီလက်က ဟောဒီဖောင်တိန်ကို ကိုင်ပြီး ဟောဒီ အက္ခရာတွေ ရေးချလိုက်ဖို့ဆိုတာ နွေဦးပေါက်တာနဲ့ ကျွန်တော်တို့မြို့ကလေးဟာ နံရိုးပြိုင်းပြိုင်း ထလာတော့တာပဲကိုး။ ခင်ဗျား မကြားဖူးတဲ့ စာရေးဆရာဟာ ကျုပ်ပါပဲ။ ကျုပ် ကဗျာမရေးဖြစ်တာ ကြာပြီ။ လူမသိ သူမသိ လျှို့ဝှက်စွာ ကျော်ကြားတဲ့ စာရေးဆရာဟာ ကျုပ်ပါပဲ။ ကျွန်တော့်ဦးခေါင်းကို လှုပ်ယမ်းလိုက်ရင် စိတ်ကူးတွေ တချွမ်ချွမ် မြည်နေလိမ့်မယ်တဲ့။ အဲဒါမျိုးတွေနဲ့ ကျုပ်အမည်ကို စတင်ခဲ့တာ။ မြို့ရဲ့လမ်းတွေမှာ ဖြတ်မောင်းသွားတဲ့ ဘတ်စ်ကားတွေ၊ ရေခဲ ချောင်းတွန်းလှည်းက ဂလိုင်သံ တညံညံနဲ့ ရေနေ၊ ခွေးလေခွေးလွင့်တွေက အမှိုက်ပုံကို နှုတ်သီးနဲ့ ထိုးဆွလို့။ လူတချို့က ပလက်ဖောင်းပေါ်မှာ မီးသွေးခဲနဲ့ အကွက်ချ ကျားထိုးနေကြရဲ့။ အခု ပူနွေးနေတဲ့ နေရောင်ခြည်ဟာ အဲဒီတုန်းက နေရောင်ခြည်ပါပဲ။ ကလေးတစ်ယောက်က ၁၀ ပြားစေ့ကို မွတ်နေအောင် လှည့်ပြီး လက်ဝါးနဲ့ အုပ်လိုက်တယ်။ မြင်တွေ့နေရတာက လူတွေဟာ တစ်ခုမဟုတ်တစ်ခု  ရှာဖွေနေကြပုံပါပဲ။ မိန်းကလေးတစ်ယောက်က အိမ်ထဲက ထွက်လာပြီး လက်ထဲက ကြွက်လှောင်အိမ်ကို လမ်းမအစပ်မှာ ဖွင့်လိုက်တယ်။ ကြွက်ဟာ လမ်းမအတိုင်း ဝရုန်းသုန်းကား ပြေးနေရင်း ဖြတ်မောင်းသွားတဲ့ ကားတစ်စီးက နင်းကြိတ်မိသွားတော့ စောစောကလိုပါပဲ။ လူတွေဟာ တစ်ခုမဟုတ်တစ်ခု ရှာဖွေနေကြ။ ဗားတော့ဗရက်က လမ်းမပေါ်မှာ ညင်သာအေးဆေး လမ်းလျှောက်နေနိုင်သူဟာ ဒုက္ခရောက်နေတဲ့ မိတ်ဆွေတွေနဲ့ ကင်းကွာနေတဲ့သူပဲလို့ ရေးခဲ့တော့ ကျုပ်လည်း မိတ်ဆွေတစ်ယောက်ဆီကို ဦးတည်မိချေပေါ့။ မြို့ဟာ တဖြည်းဖြည်းနဲ့ စေးပျစ်လာသလို ကျုပ်ရဲ့ လူငယ်ဘဝဟာ နေမင်းကို ဦးထုပ်လုပ်ပြီး စောင်းခဲ့။ ကုန်တိုက်မှာ လူတွေ တန်းစီနေ ကြ။ ပက်ဆိုးဒင့်၊ ဘာလီ၊ ဓာတ်ခဲ ဘာပဲဖြစ်ဖြစ် တန်းစီပြီးရင် ထပ်တန်းစီ ကုန်တိုက် မပိတ်မီအထိပေါ့။ လမ်းဟောင်းပေါ်မှာ ကျောက်တုံးချွန်ချွန်တွေ၊ လမ်းဘေးမှာ ကတ္တရာစေးပုံးတွေ၊ လမ်းကြိတ်စက်က အဲဒီနှစ်ခုအကြားမှာ မိန့်မိန့်ကြီး ရပ်လို့။ ကလေးတွေဟာ ကတ္တရားစေးကို တုတ်နဲ့ကော်ပြီး ဆော့နေကြ။ သမကုန်စုံဆိုင်မှာ ဆန်ပေးနေပြီဆိုတော့ ပျော်ကြပြီပေါ့။ ထမင်းစားရဖို့ဆိုတာ ပျော်စရာမှ မဟုတ်တာ။ ဒါပေမဲ့ ပျော်ကြပြီလေ။ မောင်သာနိုးပြန်တဲ့ ဖပ်ဇီဝပ်ဇီထဲက ခုန်ပျံမဲမဲ သူတောင်းစားကြီးရေလို့ ခေါ်လိုက်ပုံကို ကြားလိုက်ရ။ အခြေအနေမဲ့ ကလေးတွေ အမှိုက်ပုံမှာ ပလတ်စတစ်ရှာကြ။ ခုန်ပျံမဲမဲ သူတောင်းစားကြီးဟာ ကျုပ်ပါပဲ။ နေ့ရက်တစ်ရက်ဟာ ရှည်လျားလှ။ နေရောင်ပြင်းပြင်းအောက်မှာ ကတ္တရာလမ်းမဟာ ပျော့ခွေနေပေါ့။ နေမင်းဟာ အရှေ့အရပ်က တရိပ်ရိပ် တက်လာပြီး မြို့ရဲ့ခေါင်မိုးထက်မှာ ရပ်တန့်၊ အချိန်တွေက ကုန်ခဲလိုက်တာ။ မြို့ရဲ့လမ်းပေါ်မှာ လူတွေ နေပူကျဲကျဲထဲ ရွေ့နေကြ။ လူငယ်လေးတစ်ယောက်ဟာ ၁၄ ရက်အတွင်း အရပ်ရှည်နည်း စာအုပ်ကို ဖတ်နေ။ လူငယ်တစ်ယောက်ဟာ မိန်းမစိတ်ကျမ်းကို ဖတ်နေ။ လူငယ်လေးတစ်ယောက်ဟာ စစ်တုရင်ကစားနည်းကို ဖတ်နေ။ အချိန်တွေ ကုန်ခဲလိုက်တာ။ ညနေစောင်းမှပဲ နေမင်းဟာ အနောက်ဘက်ကို တဖြည်းဖြည်း ရောက်လာတော့တယ်။ ကျုပ်အမေဟာ အဝတ်တွေ လျှော်လို့။ လျှော်ပြီးတဲ့ အဝတ်တွေက စုတ်ပြဲနေတဲ့အရာတွေကို ချုပ်လို့။ ကျုပ်အဖေက ရေဒီယိုဖွင့်ပြီး ဘောလုံးပွဲကို နားထောင်စဉ် ဖိုခွင်ပေါ်မှာ ထမင်းအိုးက တပွက်ပွက်မြည်လို့။ ညီမလေးက လုံခြည်စိမ်း ကလေးနဲ့ သူ့ဘာသာ ကလို့။ သူ ဆိုတဲ့သီချင်းက ဆောင်းလရာသီ....မောင့်တစ်ပါးဆီ....ပျိုလေးမှန်းမျှော်ရည်.....ချမ်းလို့ဖြင့် ခိုက်ခိုက်တုန်.....စောင်ခြုံလို့မနွေးပြီ..... ညီမလေး သီချင်းသံတိတ်တော့ ညက မှောင်လာ။ နှင်းတွေ ကျလာ။ မြို့ဟာ အေးစက်လာ။ ည၊ နီဂရိုးမ၊ အသားမည်းလှချည်လားဆိုတဲ့ အရေးအသားက ဝတ္ထုထဲကနေ ထွက်လာ။ ဆောင်းညဟာ နှင်းတွေနဲ့၊ မှိုင်းမှောင်လို့ အေးစိမ့်နေချေပေါ့။ ကျွန်တော့်ရဲ့ ထက်မြက်တဲ့ အတွေးအခေါ်တွေဟာ ဆောင်းရာသီတစ်ခုလုံး ဦးခေါင်းထဲမှာ အေးခဲနေတော့တာပါပဲတဲ့။ ဘယ်လိုလုပ်ရမလဲ။ စာရေးလို့ မရ။ ချမ်းကလည်း ချမ်း၊ စာတိုက်ပုံးကလေးကို သတိရ။ ကျုပ် နေ့စဉ် စာသွားသွားထည့်တဲ့ စာတိုက်ပုံးနီနီကလေးလေ။ ဘယ်သူက ကျုပ်ကို ကဗျာဆရာဖြစ်မယ်လို့ ထင်မှာလဲ။ မင်း ငယ်ငယ်က ဆံပင်တိုတို၊ မျက်လုံးပြူးပြူး ဒူးခေါင်းကြီးကြီး ခြေတံလက်တံရှည်ရှည်နဲ့တဲ့။ ကျုပ်ထက် အသက်ကြီးတဲ့ မိန်းမတစ်ယောက်က ပြောသည်။ သူငယ်ငယ်က သူ့ အမေက ခိုင်းလို့ အမေကြီးဆီ ပိုက်ဆံသွားတောင်းရတယ်လေ။ နှစ်နာရီလောက် လမ်းလျှောက်ရတဲ့နေရာ။ သူက အတန်းထဲမှာ စာမတော်ပါဘူး။ သူ့မှာ ကျောင်းမုန့်ဖိုးလည်း မှန်မှန်မပါ ဘူး။ သူက ကျောင်းမှာရှိတဲ့ စာအုပ်ဆိုင်ကနေ စာအုပ်တွေ ခိုးခိုးဖတ်တာ။ ကျုပ်အဖေက သူ့ရေဒီယိုနဲ့ ဘောလုံးပွဲကို နားထောင်နေတုန်းပဲ။ ကျုပ်အမေက ဂိုဒေါင်ဟောင်းတွေဘက် ဟင်းသီးဟင်းရွက် သွားခူးဖို့ ပြောတယ်။ သူ အရပ်ရှည်လာတယ်။ သူက လက်ညာသန်၊ ခြေထောက်က ဘယ်သန်၊ သူ စစ်တုရင်ကစားတယ်။ သူ့ထက်အသက်ကြီးတဲ့ မိန်းမကို သူချစ်မိတယ်။ ခဏကလေးနဲ့ သူအသည်းကွဲတယ်။ သူ စာတွေ ရေးတယ်။ သူ ရေးတဲ့စာတွေကို စာတိုက်ပုံးထဲ ထည့်တယ်။ အဲဒီစာတိုက်ပုံးဟာ ဆောင်းညတွေထဲမှာ သတ္တုသံဖျစ်ဖျစ် မြည်တယ်။ နှင်းတွေ ကျဆင်းချိန်ရောက်ပြီဆိုရင် မြို့ကလေးဟာ တစ်စတစ်စ အေးစက်လာတော့တာပဲ။ လမ်းမတစ်လျှောက် နှင်းတွေ တဖွဲဖွဲ ကျဆင်းနေလိုက်တာ ရှေ့တူရှုကိုတောင် ကောင်းကောင်း မမြင်ရတော့ဘူး။ နံနက်စောစော လမ်းထောင့်က ကဖေးဆိုင်ဟာ ထူပိန်းပိန်း နှင်းတွေထဲ နစ်မြုပ်ကာ နံပြားဖိုက မီးအရောင် ရဲရဲကလေးကိုသာ မြင်တွေ့ရပေသာ။ ကျုပ် အဟောင်းဆိုင်က လေဘေးထည်ကုတ် အကျႌမည်းမည်းကြီးကို ဝတ်ပြီး ထူပိန်းပိန်းနှင်းတွေထဲကို လမ်းသလားတယ်။ ကဖေးဆိုင်က နွားမဒမ်းသေးရည်လို ခပ်ကျဲကျဲ ကော်ဖီတစ်ခွက်နဲ့ အုတ်နီခဲပေါင်မုန့်တစ်ချပ် မှာယူတယ်။ (ဂျက်လန်ဒန်ထံမှ ရနိုင်သောအစားအစာမှာ ထိုမျှသာဖြစ်သည်)။ အချိန်တွေ အကုန်မြန်လိုက်တာ။ 10A က ကျုပ်ရေးတဲ့ ကဗျာတွေ ထုတ်ဝေမယ့် သူတို့ဆီမှာ ကျုပ်ကဗျာတချို့ ရှိနေတယ်။ အခု ဒီစာအုပ်ထဲမှာပါတဲ့ ကဗျာတစ်ဝက်ကျော်ဟာ သူတို့ ရွေးပေးတာ။ ကျုပ်ကဗျာ မရေးဖြစ်တာ နည်းနည်းကြာပြီ။ 93 Model ဟာ ကျုပ်ပါပဲ။ ပျော်ရွှင်မှုမပါဘဲ အကြာကြီး မောင်းနှင်လို့ရတယ်။ ပျော်ရွှင်မှုနဲ့ မောင်းနှင်ရင်တော့ ကဗျာစာအုပ်တစ်အုပ် ဖြစ်တာပေါ့လေ။ နှင်းတွေ ကျဆင်းကြပြန်ပြီ မဟုတ်လား။ အပေါစားကုတ်အကျႌကြီးနဲ့ ကျုပ်လမ်းသလားပါရစေ။

 

Most Read

Most Recent