မန်ယူအသင်းတွင် အီဘရာဟီမိုဗစ် မကစားခဲ့လျှင် လီဗာပူးလ်အသင်းသို့ ခေါ်ယူရန် စဉ်းစားလိမ့်မည်ဟု ယာဂန်ကလော့ပ် အရွှန်းဖောက်

မန်ယူအသင်းတွင် အီဘရာဟီမိုဗစ် မကစားခဲ့လျှင် လီဗာပူးလ်အသင်းသို့ ခေါ်ယူရန် စဉ်းစားလိမ့်မည်ဟု ယာဂန်ကလော့ပ် အရွှန်းဖောက်
Photo : Youtube
Photo : Youtube
Published 16 November 2019

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က မန်ယူအသင်းတွင် ဇလာတန်အီဘရာဟီမိုဗစ် မကစားခဲ့လျှင် လီဗာပူးလ်အသင်းသို့ ခေါ်ယူရန်စဉ်းစားလိမ့်မည်ဟု အရွှန်းဖောက်ခဲ့သည်။

(၃၈)နှစ်အရွယ်ရှိ အီဘရာဟီမိုဗစ်သည် LAဂလက်ဆီအသင်းမှ ထွက်ခွာတော့မည်ဟု ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က တရားဝင်ကြေညာခဲ့ပြီး ယခုရက်သတ္တပတ်အစောပိုင်းကလည်း အသင်းဟောင်း မန်ယူမှ ပြန်လည်ခေါ်ယူဖွယ်ရှိသည်ဟု သတင်းများလည်းထွက်ပေါ်ခဲ့သည်။

ထို့ပြင် အီဘရာဟီမိုဗစ်၏ဘောလုံးကစားဟန်က လီဗာပူးလ်အသင်းနှင့် အံ့ဝင်ခွင်ကျဖြစ်မည်မဟုတ်ဟုလည်း သုံးသပ်ခဲ့သည်။

'' မန်ယူအသင်းမှာ သူ မကစားခဲ့ဘူးဆိုရင် ကျွန်တော်တို့ စဉ်းစားကောင်းစဉ်းစားပါလိမ့်မယ်။ အမှန်တကယ်က ဒီလိုမဟုတ်ပါဘူး။ လီဗာပူးလ်အသင်းမှာ သူကစားချင်သလားဆိုတာတောင် ကျွန်တော် သေချာမသိပါဘူး။ ကျွန်တော်တို့က ဆွဲဆောင်မှုရှိပြီး စိတ်ဓာတ်ပြင်းထန်တဲ့အသင်းပါ''ဟု ယာဂန်ကလော့ပ်က ဆွီဒင်အားကစားသတင်းစာ Sportbladet သို့ ရယ်သွမ်းသွေးပြီး ပြောကြားခဲ့သည်။

ထို့ပြင် ကလော့ပ်က '' ကျွန်တော့်အနေနဲ့ ဒီလိုပြောလို့ ဇလာတန်ကို မလေးစားတာမဟုတ်ပါဘူး။ သူ့ရဲ့ကစားသမားဘဝတစ်ခုလုံးအပြင် လုံ့လစိုက်ထုတ်မှုနှင့် ယုံကြည်ချက်ပြင်းထန်မှုတို့ကို ကျွန်တော် နှစ်သက်ပါတယ်။ ဒါတွေသာ အမြဲမမှန်ခဲ့ရင်လည်း ဘယ်လိုနည်းနဲ့မဆို ဖျော်ဖြေမှုပေးနိုင်သူပါ။ သူဟာ အံ့အားသင့်စရာကောင်းတဲ့ စရိုက်လက္ခဏာရှိပြီး ဘောလုံးကစားတာကို သူ မရပ်ဖို့ အမှန်တကယ်ပဲ ကျွန်တော် မျှော်လင့်ပါတယ်။ ကမ္ဘာကြီးက သူ့ကို အရမ်းလွမ်းနေပါလိမ့်မယ်''ဟုလည်း မှတ်ချက်ပြုခဲ့သည်။

အီဘရာဟီမိုဗစ်သည် သူ၏ကစားသမားဘဝတွင် ကလပ်အသင်းပေါင်း (၉)သင်း၌ ကစားခဲ့ဖူးကြောင်း သိရသည်။