ကိုပါအမေရိကရှုံးကြွေးကို ပြန်ဆပ်ခဲ့တဲ့ အာဂျင်တီးနား

ကိုပါအမေရိကရှုံးကြွေးကို ပြန်ဆပ်ခဲ့တဲ့ အာဂျင်တီးနား
Photos: Selección Argentina Twiiter, Reuters & Getty Images
Photos: Selección Argentina Twiiter, Reuters & Getty Images
Published 16 November 2019

■ ဘရာဇီးလ် ၀-၁ အာဂျင်တီးနား

ဆော်ဒီအရေဗျနိုင်ငံမှာ ကစားခဲ့တဲ့ တောင်အမေရိကမဟာပြိုင်ဘက်နှစ်သင်းရဲ့ ခြေစမ်းပွဲမှာတော့ အာဂျင်တီးနားအသင်းက မက်ဆီရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ 

ခြေစမ်းပွဲဖြစ်ပေမယ့် နှစ်သင်းစလုံး လူစုံပွဲထုတ်ခဲ့တာ တွေ့ရပါတယ်။ ဘရာဇီးလ်အသင်းဟာ ၄-၃-၃ ပုံစံမှာ ဝီလီယံ၊ ဂျေးဇူး၊ ဖေမီနိုတို့ကို တိုက်စစ်မှာ ပွဲထုတ်ခဲ့ပြီး အာသာ၊ ကက်စမဲရိုး၊ သီယာဂိုဆေးလ်ဗား၊ အယ်လစ်ဆန်တို့နဲ့ လူစုံခဲ့ပါတယ်။

အာဂျင်တီးနားအသင်းကတော့ ၄-၄-၂ ပုံစံနဲ့ ပွဲထွက်လာပြီး တိုက်စစ်မှာ ပွဲပယ်ပြစ်ဒဏ်စေ့သွားတဲ့ ပြန်ပါလာတဲ့ မက်ဆီကို လော်တာရိုမာတီနက်ဇ်နဲ့ တွဲဖက်ပေးခဲ့ကာ ဆယ်လ်ဆို၊ ဒီပေါလ်၊ အိုကမ်ပို့စ်၊ ပါရေဒက်စ်တို့ ပွဲထွက်ကစားခဲ့စေခဲ့ပါတယ်။

ဘရာဇီးလ်အသင်းက ဘောလုံးပိုင်ဆိုင်မှုအသာစီးရခဲ့ပေမယ့် ဂိုးသွင်းခွင့်တွေ ပိုရခဲ့တာကတော့ အာဂျင်တီးနားအသင်း ဖြစ်ပါတယ်။ ဒီပွဲမှာ ထူးခြားတာက ပွဲချိန် (၁၃)မိနစ်အတွင်းမှာ နှစ်သင်းစလုံး ပယ်နယ်တီရခဲ့ကြတာပါ။

ပွဲချိန် (၁၀)မိနစ်မှာ ဘရာဇီးလ်အသင်းရတဲ့ ပယ်နယ်တီကို ဂျေးဇူး ကန်သွင်းရာမှာ ဂိုးပေါက်မတည့်ခဲ့လို့ ဘရာဇီးလ်တို့ ဦးဆောင်ဂိုးရမယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့ပါတယ်။ နောက် (၃) မိနစ်အကြာဖြစ်တဲ့ ပွဲချိန် (၁၃)မိနစ်မှာ မက်ဆီကြောင့် အာဂျင်တီးနားအသင်း ပယ်နယ်တီရခဲ့ပါတယ်။ 

အဲဒီပယ်နယ်တီကို မက်ဆီ ကန်သွင်းရာမှာ အယ်လစ်ဆန် ပုတ်ထုတ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့ ဘောလုံးကို မက်ဆီကပဲ ပိတ်သွင်းခဲ့လို့ အာဂျင်တီးနားတို့ ဦးဆောင်ဂိုးရခဲ့ပါတယ်။ ဘရာဇီးလ်ဟာ ဘောလုံးပိုင်ဆိုင်မှုအသာ ဖိကစားခဲ့ပေမယ့် ပထမပိုင်းမှာတော့ အာဂျင်တီးနား (၁-၀)ဂိုးနဲ့ နိုင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဘရာဇီးလ်အသင်းဟာ ချေပဂိုးရဖို့အတွက် ကော်တင်ဟို၊ ရိုဒရီဂို၊ ရစ်ချာလီဆန် စတဲ့ ကစားသမားတွေကို ထည့်သွင်းကစားခဲ့ပါတယ်။ သူတို့ ဝင်လာပြီးနောက်မှာလည်း ဘရာဇီးလ်အသင်းဟာ အာဂျင်တီးနားအသင်းရဲ့ ခံစစ်ကို ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ပါဘူး။

ဒါအပြင် အာဂျင်တီးနားအသင်းရဲ့ တိုက်စစ်ပိုင်းက မက်ဆီနဲ့ လော်တာရိုမာတီနက်ဇ်တို့ဟာ ဘရာဇီးလ်နောက်တန်းကို ဒုက္ခပေးနိုင်ခဲ့တာ တွေ့ရပါတယ်။ အထူးသဖြင့် မက်ဆီက အကောင်းဆုံးကြိုးစားသွားခဲ့ပြီး ဘရာဇီးလ် ခံစစ်ကို ထိုးဖောက်နိုင်ခဲ့ပါတယ်။ ဘရာဇီးလ်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု (၆၀) ရာခိုင်နှုန်းကျော် ရှိခဲ့ပေမယ့် ဂိုးပေါက်တည့်ကန်ချက်ကတော့ (၁)ကြိမ်ပဲ ရှိပါတယ်။

အာဂျင်တီးနားအသင်းက ဂိုးပေါက်တည့်ကန်ချက် (၈)ကြိမ်အထိ ရှိခဲ့ပေမယ့် တစ်ဂိုးပဲရခဲ့ပြီး အဲဒီဂိုးက ဘရာဇီးလ်အသင်းကို ၂၀၁၉ ကိုပါအမေရိက ဆီမီးဖိုင်နယ်ရှုံးကြွေးကို ဆပ်ဖို့ လုံလောက်ခဲ့တာပါ။ 

နိုင်ငံတကာ ခြေစမ်းပွဲတစ်ပွဲဖြစ်ပေမယ့် ဒီပွဲကို Superclásico အဖြစ် အနိုင်ရခဲ့တဲ့ အာဂျင်တီးနားအသင်းကို ဆုဖလားချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။