ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာအုပ်စု မလတ်တောင် ပြိုကျခဲ့သဖြင့် နေရာရွှေ့ပြောင်းခြင်း ခံရသူအချို့က မိမိတို့မူလနေရာ ပြန်လိုချင်သည်ဟုဆိုကာ မွန်ပြည်နယ်လွှတ်တော်သို့ လာရောက်အသနားခံ တင်ပြ

ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာအုပ်စု မလတ်တောင် ပြိုကျခဲ့သဖြင့် နေရာရွှေ့ပြောင်းခြင်း ခံရသူအချို့က မိမိတို့မူလနေရာ ပြန်လိုချင်သည်ဟုဆိုကာ မွန်ပြည်နယ်လွှတ်တော်သို့ လာရောက်အသနားခံ တင်ပြ
ပေါင်မြို့နယ် မလတ်တောင် ပြိုကျ၍ ထိခိုက်နစ်နာခဲ့သည့် ဒေသခံများကို ပြန်လည်နေရာချထားမည့်နေရာကို တွေ့ရစဉ်
ပေါင်မြို့နယ် မလတ်တောင် ပြိုကျ၍ ထိခိုက်နစ်နာခဲ့သည့် ဒေသခံများကို ပြန်လည်နေရာချထားမည့်နေရာကို တွေ့ရစဉ်
Published 15 November 2019
မောင်မောင်ရွှေမြိုင်

ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာအုပ်စု ရဲပြားကုန်း မလတ်တောင်ပြိုခဲ့သဖြင့် နေရာရွှေ့ပြောင်းခြင်း ခံရသူများအနက် လူရှစ်ဦးက မိမိတို့ မူလနေရာများတွင် နေရာပြန်လည်ချထားပေးရန် မွန်ပြည်နယ်လွှတ်တော်သို့ နိုဝင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းတွင် လာရောက်တင်ပြခဲ့ကြောင်း သိရသည်။

“ ကျွန်တော်တို့ ဒီနေ့လွှတ်တော်ကို လာရတဲ့အကြောင်းရင်းက ကျွန်တော်တို့ရဲ မူလမြေနေရာ ပြန်လိုချင်လို့  အသနားလာခံတာပါ။ သူတို့နေရာချထားမယ့်နေရာက ရှင်းရှင်းပြောရရင် မိုးရွာတာနဲ့ ရေမြုပ်တဲ့နေရာ ဖြစ်နေတယ်။ အဲဒီနေရာနဲ့ ကျွန်တော်တို့က လမ်းမတန်းမှာ နေတယ်၊ လမ်းမတန်းရဲ့တန်ကြေးနဲ့ စားကျက် မြေနေရာဆိုရင် အများကြီးကွာဟမှုတွေ ဖြစ်သွားပါတယ်။ သူတို့နေရာချထားတဲ့နေရာက ရဲပြားကုန်းမဟုတ်ဘဲ သဲဖြူကုန်းရွာမှာဆိုတော့ တကူးတကန့် သွားနေရပါတယ်” ဟု ကိုထွန်းဝင်းအောင် (ခ) အီဇက်က ပြောကြားသည်။

“ အဲဒီမြေပြိုတဲ့နေရာကို ကန့်သတ်နယ်မြေ လုပ်လိုက်တဲ့ပေါ်မှာ စိတ်မကောင်းဘူး။ အဲဒီမှာ မိသားစုခုနစ်ယောက် သေသွားတယ်။တစ်ယောက်က ဆေးရုံမှာ။ အဲဒီနေရာမှာ တစ်မိုးတွင်းလုံး ကွမ်းသီးရောင်းဝယ်ဖို့ လှောင်ထားတာ သိန်း ၄၀၀၀ ဖိုးလောက် ရှိပါတယ်။ အခုက မြေပြိုတာသုံးလကျော်နေပြီ၊ ကိုယ့်နေရာကိုယ် ပြန်တူးဖော်ခွင့်မရဘူး ဖြစ်နေတယ်။ ဒေါ်မိကွန်ချမ်း (လွှတ်တော်ကိုယ်စားလှယ်) ကို တင်ပြတော့ သူ့တစ်ဦးတည်းသဘောနဲ့ မရဘူး၊ လွှတ်တော်၊ ပြည်နယ်တို့ကို တင်ပြမယ်၊ အခွင့်ပေးတဲ့ခါကျရင် တူးပေါ့၊ ကန့်သတ်နယ်မြေဖြစ်လို့ အဆင့်ဆင့် တင်ပြရမယ်လို့ ပြောပါတယ်။ ကျွန်မမြေနေရာမှာ ဘက်ဖိုးလေးနဲ့ ကိုယ့်ဟာကိုယ် ကလော်ရင်တောင် ကွမ်းသီးအပုတ်အိတ် ၃၀၀ လောက် ပြန်ရမယ်။ အပုတ်စျေးနဲ့ဆို သိန်း ၃၀၀ လောက် ပြန်ရရင် နည်းနည်း အသက်ရှူချောင်တာပေါ့။ အခုတော့ ဘယ်လိုသွားလုပ်မလဲ။ ကိုယ့်နေရာကိုယ် မနေရဘူးလို့ ကန့်သတ်ရင်၊ မနေပါဘူး။ ခြံလေးကာပြီး အပင်လေးဘာလေးစိုက်မယ်။ နေခွင့်ရတဲ့အချိန် ပြန်နေချင်တာပေါ့” ဟု ဒေါ်သန်းမိ (ခ) ဒေါ်သန်းသန်းဝင်းက ပြောကြားသည်။

မွန်ပြည်နယ်လွှတ်တော်တွင် ဒေါက်တာ အောင်နိုင်ဦး (ဒုဥက္ကဋ္ဌ- မွန်ပြည်နယ်လွှတ်တော်)၊ ဦးအောင်ကျော်သူ (ဥက္ကဋ္ဌ-လွှတ်တော်အသနားခံစာ၊ တိုင်စာ၊ အထွေထွေကိစ္စ ကော်မတီ) တို့က လာရောက်တင်ပြသူ ရှစ်ဦး တို့၏ အသနားခံပြောကြားမှုများကို မှတ်တမ်းများရယူ၍ မြေပိုင်ဆိုင်မှု အထောက်ထားများနှင့်တကွ ပြန်လည်တင်ပြရန်လိုအပ်ကာ မွန်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းတွင် ဆက်လက်တင်ပြသွားမည်ဖြစ်ပြီး အစည်းအဝေး၏ ဆုံးဖြတ်ချက်များနှင့်အတူ လွှတ်တော်ဥက္ကဋ္ဌ၏ လက်မှတ်ဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့သို့ လိုအပ်သလိုဆောင်ရွက်နိုင်ရန် အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး က ပြန်လည်ပြောကြားခဲ့သည်ဟု သိရသည်။

မွန်ပြည်နယ်လွှတ်တော်သို့ အသနားခံတင်ပြမှု အဆင်မပြေပါက အထက်ရုံးအဆင့်ဆင့်သို့ ဆက်လက်တင်ပြသွားရန်ရှိကြောင်း လွှတ်တော်သို့ လာရောက်သူများက ပြောကြားသည်။

ယခုနှစ် သြဂုတ်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပေါင်မြို့နယ် မလတ်တောင်ပြိုကျ၍ ထိခိုက်နစ်နာခဲ့သည့် ဒေသခံများကို ပြန်လည်နေရာချထားရန် သဲဖြူကုန်းကျေးရွာအုပ်စုတွင် အကွက်ဖော်လုပ်ဆောင်နေမှုတို့ကို နိုဝင်ဘာ ၁ ရက်တွင် မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးလမ်းညွှန်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

 

Most Read

Most Recent