တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် လေလံကြေး ငွေကျပ်သိန်း ၄၆၀၀ ကျော် ရရှိခဲ့သည့်အနက် အသုံးပြုငွေပေါင်း သိန်း ၄၂၀၀ ကျော် ကုန်ကျခဲ့ပြီး ရန်ပုံငွေအဖြစ် သိန်း ၄၀၀ ခန့် ရရှိခဲ့ဟု သိရ

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် လေလံကြေး ငွေကျပ်သိန်း ၄၆၀၀ ကျော် ရရှိခဲ့သည့်အနက် အသုံးပြုငွေပေါင်း သိန်း ၄၂၀၀ ကျော် ကုန်ကျခဲ့ပြီး ရန်ပုံငွေအဖြစ် သိန်း ၄၀၀ ခန့် ရရှိခဲ့ဟု သိရ
Published 14 November 2019
စည်သာ (တောင်ကြီး)

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် လေလံကြေး ငွေကျပ်သိန်း ၄၆၀၀ ကျော် ရရှိပြီး အသုံးပြုငွေပေါင်း သိန်း ၄၂၀၀ ကျော် ကုန်ကျစရိတ်ရှိပြီး ရန်ပုံငွေ သိန်း ၄၀၀ ခန့် ရရှိခဲ့သည်ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံမှ သတင်းရရှိခဲ့သည်။

၂၀၁၉ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် ကျင်းပနိုင်ရန် လေလံကြေး ကျပ်သိန်း ၄၂၆၂ သိန်း ရရှိရာမှ ထပ်တိုးရရှိငွေများအဖြစ် ဆက်သွယ်ရေး တာဝါတိုင်များမှ ရရှိငွေ ကျပ်သိန်းပေါင်း ၄၀၀ ကျော် ထပ်တိုးရရှိခဲ့သဖြင့် လေလံကြေး ငွေကျပ်သိန်းပေါင်း ၄၆၀၀ ကျော် ရရှိခဲ့ပြီး ပွဲတော်ပြီးအချိန်အထိ ငွေကျပ်သိန်းပေါင်း ၄၂၀၈ သိန်းကျော် အသုံးပြုခဲ့ပြီး ကျန်ရှိငွေ ကျပ်သိန်း ၄၀၀ ကျော်ကို ရန်ပုံငွေအဖြစ် ကျန်ရှိခဲ့ကြောင်း တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲ ကျင်းပရေး ကော်မတီထံမှ သိရသည်။

“ အားလုံးရငွေကတော့ သိန်းပေါင်း ၄၆၀၀ ကျော်၊ စာရင်းအရတော့ ၄၂၀၈ သိန်း၊ တချို့တွေက စာရင်းမသိသေးဘူး။ တခြားစရိတ် ကုန်ကျစရိတ်တွေလည်း ရှိတယ်။ ထပ်တိုးတာတွေလည်း ရှိသေးတယ်။ ခြံစည်းရိုး ပျက်တာတို့ ဘာတို့ပေါ့။ ကျန်ငွေကို တန်ဆောင်တိုင် ရန်ပုံငွေအဖြစ် ထပ်ဖြည့်မှာပေ့ါ။ အသေးစိတ် စာရင်းကိုတော့ ခုချိန်မှာတော့ စာရင်းစစ်ခံပြီးမှ အသေးစိတ်ပြပေးလို့ ရပါမယ်” ဟု ရှမ်းပြည်နယ် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။

တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ၊ နေ့လွှတ်၊ ညလွှတ် မီးပုံးပျံများ၊ မီးပဒေသာ လှည့်လည်ပြိုင်ပွဲ၊ မီးပဒေသာ၊ မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲ၊ ဖွင့်ပွဲပိတ်ပွဲ သီချင်းပြိုင်ပွဲ၊ စာပေဆိုင်ရာပြိုင်ပွဲ ငါးမျိုး၊ ဓာတ်ပုံပြိုင်ပွဲတို့ကို အမျိုးအစားအလိုက် ဆုများအားလုံးအတွက် စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၁၀၁၈ သိန်းကျော် ပေးအပ်ချီးမြင့်ခဲ့ခြင်းဖြစ်ကြောင်း ပွဲကျင်းပရေး ဦးစီးကော်မတီထံမှ သိရသည်။

၂၀၁၉ ခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် အိတ်ပိတ်စျေးပြိုင် တင်ဒါတင်သွင်းမှုတွင် စျေးဆိုင်ခန်းများ၊ ပျံကျစျေး၊ အရောင်းပြခန်းများ၊ ချားရဟတ်နှင့် ကလေး ကစားကွင်းလုပ်ငန်းများအတွက် စုစုပေါင်း လေးဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ မွှေးတောင်ကြီးကုမ္ပဏီမှ ငွေကျပ် ၃၈၆၂ သိန်းဖြင့် လုပ်ပိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်ကာ ယာဉ်ရပ်နားစခန်းများအတွက် စခန်း (၁) ဦးဇော်ထွန်းဦးမှ ငွေကျပ်သိန်း ၁၂၀ သိန်း၊ စခန်း(၂) အတွက် ဦးစိုးနိုင်မှ ငွေကျပ် ၁၂၅ သိန်း ၊စခန်း (၃) အတွက် ဦးဝင်းဇော်မှ ၁၅၅ သိန်းဖြင့် လည်းကောင်း ရရှိခဲ့ခြင်းဖြစ်ကာ စုစုပေါင်း ၄၂၆၂ သိန်းဖြင့် လုပ်ပိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပွဲစျေးခင်းပင်မဆိုင်ခန်းများကို မွှေးတောင်ကြီးကုမ္ပဏီမှ ငွေကျပ် ၃၈၆၂ သိန်း ဖြင့် လုပ်ပိုင်ခွင့် ရရှိခဲ့သည်ဟု ဆိုသော်လည်း ကုန်ကျစရိတ် ငွေကျပ်သိန်း လေးထောင်ကျော် ရှိပြီး ယခုနှစ်တွင် ငွေကျပ်သိန်း ၂၀၀ ခန့် ရှုံးခဲ့ရကြောင်း၊ ပျံကျဆိုင်ခန်းများသည် သတ်မှတ်နေရာတွင် အနည်းငယ်ထွက်ခဲ့ပြီး လွှတ်ကွင်း ပတ်ပတ်လည်တွင် ထွက်နေသောဆိုင်ခန်းများသည် စျေးနှုန်းအနည်းငယ်ဖြင့်သာ ကောက်ခံ ရရှိခဲ့ခြင်းဖြစ်ကြောင်း တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် တင်ဒါအောင်မြင်သူတစ်ဦးဖြစ်သည့် ဒေါ်စန်းစန်းမြင့်က ပြောကြားသည်။

ထို့ပြင် ယခုနှစ်တွင် လောင်းကစားဝိုင်းအငယ်များ လာရောက်ဖွင့်လှစ်နေသည်ကို မြင်တွေ့ခဲ့ရပြီး နောက်တစ်နှစ်တွင် ထိုသို့ လာရောက်ဖွင့်လှစ်သည်ကို မဖြစ်သင့်ပါကြောင်း၊ ဒေသခံများက ဆိုသည်။ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် ကျင်းပနိုင်ရေး စည်းကမ်းချက်များတွင် လောင်းကစားဝိုင်းများ ခွင့်မပြုဟု ထုတ်ပြန်ထားသော်လည်း လက်ရှိတွင် ကစားဝိုင်းအငယ်လေးများသည် တစ်ညလျှင် လေးသိန်းကျပ်ဖြင့် ဖွင့်ခဲ့ရပြီး မသိနားမလည်သော ဒေသခံများ လိမ်ခံထိပြီး ဆုံးရှုံးမှုများ ဖြစ်ခဲ့ရကြောင်း သိရသည်။

၂၀၁၉ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်တစ်လျှောက် ပွဲတော်မကျင်းပခင်နှင့် ပွဲတော်ကျင်းပနေချိန် ကာလအတွင်း အန္တရာယ်ထိခိုက်မှု အနည်းဆုံးနှင့် မီးဘေးအန္တရာယ် အနည်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့သဖြင့် ယခုနှစ်သည် ဘေးအကင်းဆုံးနှစ်တစ်နှစ်ဖြစ်ခဲ့ပြီး မီးပုံးပျံအဖွဲ့သားများ၏ စည်းကမ်းလိုက်နာမှုမှာ ပိုမိုကောင်းမွန်လာကြောင်း တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ပြောကြားသည်။

 

 

Most Read

Most Recent