လေးမျက်နှာမြို့တွင် အနော်ရထာမင်း တည်ထားခဲ့သည်ဟုဆိုသော စတုမုခထူပါရုံ စေတီတော်ကြီးမှာ ငဝန်မြစ်ရေတိုက်စားမှုကြောင့် ဘုရားတန်ဆောင်းများ အုတ်လှေကားများ အကာအရံများ ဆက်တိုက်ပြိုကျနေပြီး စေတီတော်ကြီးပါ ပြိုကျမည့်ဘေးဖြင့် ရင်ဆိုင်လာရသောကြောင့် အမြန်ဆုံး ပြုပြင်ထိန်းသိမ်းပေးပါရန် ဆရာတော်ကြီးများနှင့် ဂေါပကအဖွဲ့က နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ တင်ပြတောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။
ငဝန်မြစ်ရေတိုက်စားမှုကြောင့် စတုမုခထူပါရုံ စေတီတော်ကြီးရှိ ကျောက်ကမ်းပါး လှေကားထစ်များမှာ ၂၀၁၉ ခုနှစ် သြဂုတ် ၂၃ ရက်၌ တစ်ကြိမ်ပြိုကျ ပျက်စီးခဲ့သောကြောင့် ၀ါးတန်းများကာရံခြင်း၊ သစ်ကိုင်းများ ချထားခြင်းများ ပြုလုပ်ခဲ့သော်လည်း ကျောက်စီနံရံများ အနည်းငယ်စီ နေ့စဉ်ထပ်မံပြိုကျနေခဲ့ကြောင်း၊ နိုဝင်ဘာ ၁၀ ရက်တွင်မူ စေတီတော်ကြီး၏ အရှေ့နှင့် အရှေ့တောင်ထောင့်ပန်းတင်ခုံနှင့် ကပ်လျက် အာရုံခံတန်ဆောင်း အဟောင်းနံရံမှာ အက်ကြောင်းများ ထပ်မံထွက်ပေါ်လာပြီး အနည်းစီပြိုကျနေသည့် ကျောက်စီနံရံမှာလည်း အလျားအကျယ်ပေ ရဝခန့်ထိ ပြိုကျပျက်စီးလာသောကြောင့် စေတီတော်ကြီးပါ မြစ်အတွင်းသို့ ပြိုကျမည့်ဘေးနှင့် ရင်ဆိုင်နေရသောကြောင့် သမိုင်းဝင်စေတီတော်ကြီးတစ်ဆူ ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့က မြစ်ကမ်းပါး ဆယ်ယူထိန်းသိမ်းရေးအား စက်ယန္တရားကြီးများဖြင့် အလျင်အမြန် ကူညီဆောင်ရွက်ပေးပါရန် ဆရာတော်ကြီးများနှင့် ဂေါပကအဖွဲ့က နိုဝင်ဘာ ၁၂ ရက်တွင် တင်ပြတောင်းဆိုခဲ့ကြကြောင်း သိရသည်။
“ ၂၃ ရက် ၈လပိုင်းမှာ မိုးတွေသည်းသည်းမဲမဲ ရွာတဲ့အချိန်မှာ စေတီတော်မြတ်ကြီး အရှေ့ဘက်ချောက်ကမ်းပါး ဆယ်ထားတဲ့ လှေကားထစ်တွေ အကုန်လုံး ပြုတ်ထွက်သွားတာပေါ့။ အဲဒီတော့ မြစ်ချောင်းဖြိုးက သစ်ကိုင်းတွေ ချတယ်ပေါ့။ ၀ါးတွေရိုက်တယ်၊ သစ်ကိုင်းတွေ ချတယ်ပေါ့။ ဒါပေမယ့် အဲဒီလိုလုပ်ပေမဲ့ နေ့စဉ်လိုလိုပဲ နည်းနည်းချင်း နည်းနည်းချင်း ပြုတ်ကျတယ်။ ၁၆ ရက် ၁ဝလ ၂၀၁၉ ရက် မှာ နောက်ထပ် မြစ်ချောင်းဖြိုးကပဲ မျောတိုင်တွေ ရိုက်တယ်၊ သဲအိတ်တွေ ချတယ်၊ သဲလှေ ခုနစ်စင်းလောက် ချတယ်။ ၃၀ ရက် ၁ဝလ မှာပဲ စေတီတော်မြတ်ကြီးရဲ့ အရှေ့ဘက်မုခ်ဦးကြီးက ပြုတ်ကျသွားတယ်။ ၁၀ ရက် ၁၁လ ကျတော့ စေတီတော်ကြီး အရှေ့နဲ့ အရှေ့တောင် ထောင့်ပန်းတင်ခုံနဲ့ ကပ်နေတဲ့ အာရုံခံတန်ဆောင်းနံရံတွေ စေတီတော်မြတ်ကြီးနဲ့ အလွန်နီးကပ်ပြီးတော့ ပေ ၇၀ ခန့်အကျယ် အက်ကြောင်းများထပြီးတော့ ပြုတ်ကျတော့မယ့် အခြေအနေ ဖြစ်သွားတာပေါ့။ မနေ့တုန်းကတော့ ၄နာရီခွဲမှာဆိုရင် အရှေ့က မုခ်ဦးတိုင်ကြီးတစ်တိုင်က မြစ်ထဲကို ပြုတ်ကျတယ်။ပြုတ်ကျပြီးတော့ ဒီနေ့ဆိုရင် ကျွန်တော်တို့ ကမ်းနဖူးမှာ ရှိတဲ့ထူပါရုံကျောင်းကြီးကို စပြီး ဖျက်နေရပြီ။ အဲဒါလည်း စိတ်မချရတော့ဘူး။အဓိကတော့ ပန်းတင်ခုံအထိကို အက်ကြောင်းက လိုက်သွားပြီးတော့ ဘုရားကြီးဟာ အင်မတန်ကို အစိုးရိမ်ရဆုံးအချိန်ကို ရောက်ပါပြီ။ အဲဒီအတွက် ကျွန်တော်တို့က နိုင်ငံတော်အတိုင်ပင်ခံရော၊ သမ္မတကြီးထံရော သက်ဆိုင်ရာ ကျွန်တော်တို့ ဧရာဝတီတိုင်းဝန်ကြီးချုပ်ထံရော ကျွန်တော်တို့ စာတွေအားချင်း ပို့ပါတယ်။ အခုလက်ရှိ အခြေအနေပြောရရင် မြစ်ကမ်းအခြေအနေက မြောက်လေပြန်တဲ့အချိန်ဆိုရင် မြစ်ကမ်းပါးတွေက အလုံးလိုက်ပြိုပြို ကျတတ်တယ်။ အခုဆို တစ်ရက်ဆို တစ်ရက်အလျောက် စေတီတော်ကြီးက အရမ်းစိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်နေပြီ။ အလုံးလိုက်သာပြိုကျရင် စေတီတော်ကြီးပါ ပါနိုင်တဲ့အခြေအနေ ရှိတယ်။အဲဒါကြောင့်မို့ ကျွန်တော်တို့ ဟာ နိုင်ငံတော်အတိုင်ပင်ခံနဲ့ သမ္မတကို သာမန် ၀ါးလေးချရုံ မျှောလေးချရုံ သဲလေး မှုတ်ရုံနဲ့ကို လုံးဝမရတော့ဘူး။ နိုင်ငံတော်ကို တင်ပြလိုက်တာက နိုင်ငံတော်အဆင့် ယန္တရားတွေ အင်အားတွေနဲ့ ချက်ချင်းကိုလာရောက် ပြီးတော့လုပ်မှ ဘုရားကြီးကို ကယ်တင်နိုင်မယ့် အခြေအနေကို တင်ပြထားပါတယ်” ဟု စတုမုခထူပါရုံ စေတီတော်ကြီး ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်အေးက ပြောကြားသည်။
စတုမုခထူပါရုံ စေတီတော်ကြီးမှာ လေးမျက်နှာမြို့ဟောင်းနေရာတွင် သက္ကရာဇ် ၄၂၀ ခုနှစ်၌ အနော်ရထာမင်းကြီးက တည်ထားကိုးကွယ်ခဲ့သည့် စေတီတော်တစ်ဆူဖြစ်ကြောင်း စေတီတော်ကြီး၏ ကျောက်စာသမိုင်းများအရ သိရှိရပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကမ်းထိန်းနံရံအချို့ တည်ဆောက်ခဲ့ဖူးသေးကြောင်း သိရသည်။















