လူစုံထည့်ကစားလာတဲ့ NLD အစိုးရရဲ့ နိုင်ငံရေးကစားကွက်

လူစုံထည့်ကစားလာတဲ့ NLD အစိုးရရဲ့ နိုင်ငံရေးကစားကွက်
Published 10 November 2019
ဆန်းမိုးထွန်း

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီး NLD ပါတီဦးဆောင်တဲ့ အုပ်ချုပ်ရေးအဖွဲ့ အစိုးရတာဝန်ကို ယူပြီးချိန် အုပ်ချုပ်ရေးပိုင်းမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေကို ပြုလုပ်ခဲ့ပါတယ်။

ဦးသိန်းစိန် အစိုးရဟောင်းဖွဲ့စည်းထားတဲ့ ဝန်ကြီးဌာန ၃၆ ခုကို ၂၁ ခုအထိ လျှော့ချပြီး ပြင်ဆင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီဝန်ကြီးဌာန ၂၁ ခုမှာ ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းက ဝန်ကြီးဌာနလေးခုရဲ့ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူထားတာကြောင့် ပြည်ထောင်စုဝန်ကြီးဦးရေဟာ ၁၈ ဦးသာ ရှိပါတယ်။

NLD အစိုးရလက်ထက်မှာ ဝန်ကြီးဌာနတွေကို လျှော့ချရတဲ့ အကြောင်းရင်းနှစ်ချက်ရှိပြီး နိုင်ငံတော်ရဲ့ အသုံးစရိတ် သက်သာအောင်နဲ့ ကျစ်လျစ်ပြီး စွမ်းဆောင်ရည်ပြည့်ဝအောင်ဆိုတဲ့ အချက်တွေလို့ ဆိုပါတယ်။

NLD အစိုးရအနေနဲ့ ဝန်ကြီးဌာနတွေကို စတင်ဖွဲ့စည်းစဉ်မှာ ပြည်ထောင်စုဝန်ကြီးတွေကို ခန့်အပ်ခဲ့ပြီး ဒုတိယဝန်ကြီးတွေ မပါဝင်ခဲ့တဲ့အတွက် လူမှုကွန်ရက်စာမျက်နှာတွေမှာ ပြည်သူတွေရဲ့ ချီးကျူးထောပနာပြုမှုကိုလည်း ခံခဲ့ရပါတယ်။

ဘာကြောင့်လဲဆိုတော့ အရင်ဦးသိန်းစိန်အစိုးရ လက်ထက်က ဝန်ကြီးဌာန ၃၆ ခု၊ ပြည်ထောင်စုဝန်ကြီး ၃၆ ဦးနဲ့ ဒုတိယဝန်ကြီး ၆၁ ဦးနဲ့ယှဉ်ရင် NLD အစိုးရ လက်ထက်မှာ ဝန်ကြီးဌာန ၂၁ ခုမှာ ပြည်ထောင်စုဝန်ကြီး ၁၈ ဦးသာရှိတဲ့အတွက် နိုင်ငံတော်ဘတ်ဂျက် ဘယ်လောက် သက်သာကြောင်းကို တွက်ချက်ပြီး လူမှုကွန်ရက်စာမျက်နှာမှာ နှိုင်းယှဉ်ပြတာတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ ပုဒ်မ ၅၉(စ)ကြောင့် သမ္မတဖြစ်ခွင့်မရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတော်အကြီးအကဲအဖြစ် တာဝန်ယူနိုင်အောင်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနကို တိုးချဲ့လိုက်တာကြောင့် ဝန်ကြီးဌာနက ၂၂ ခု ဖြစ်လာပါတယ်။

ဝန်ကြီးဌာနလေးခုကို တာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကို တာဝန်ယူပြီးချိန်မှာတော့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနနဲ့ ပညာရေးဝန်ကြီးဌာနကို တခြားပြည်ထောင်စုဝန်ကြီးတွေ ခန့်အပ်ပြီးတာဝန်လွှဲပြောင်းပေးခဲ့ပါတယ်။ ဒါကြောင့် ဝန်ကြီးဌာန ၂၂ ခုမှာ ပြည်ထောင်စုဝန်ကြီး ဦးရေဟာ ၂၁ ဦး ဖြစ်လာပါတယ်။

50976934_1497074053760139_5783292529147379712_o.jpg

 

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ်လွှတ်တော် သုံးနှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား တွေ့ရစဉ်

 

၂၀၁၆ ခုနှစ်အတွင်း ဒုတိယဝန်ကြီး ခန့်အပ်မှု

NLD အစိုးရလက်ထက် ဝန်ကြီးဌာနတွေကို စတင်ဖွဲ့စည်းရာမှာ စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က ဒုတိယဝန်ကြီးတွေ မပါဝင်ခဲ့ဘဲနောက်ပိုင်းမှသာ ဝန်ကြီးဌာနအချို့မှာ စတင်ခန့်အပ်တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတရုံးရဲ့ ထုတ်ပြန်ကြေညာချက်တွေအရ NLD အစိုးရ နိုင်ငံ့တာဝန်ကို စတင်တာဝန် ယူထမ်းဆောင်တဲ့ ၂၀၁၆ ခုနှစ်မှာ ခန့်အပ်ခဲ့တဲ့ ဒုတိယဝန်ကြီးဦးရေဟာ ၁၁ ဦးရှိပါတယ်။ ဒုတိယဝန်ကြီး ၁၁ ဦးဆိုပေမဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှာ ၂၀၁၆ မေ ၂ ရက်က ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့တဲ့ ဒေါက်တာထွန်းဝင်းကို ခြောက်လအကြာ နိုဝင်ဘာ ၁၈ ရက်မှာ တာဝန်ကနေ ရပ်စဲလိုက်ပြီး သူ့နေရာမှာ ဦးလှကျော်ကို ပြန်လည်ခန့်အပ်ခဲ့တဲ့အတွက် ဒုတိယဝန်ကြီးဦးရေဟာ ၁၀ ဦးသာ ရှိပါတယ်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းကို တာဝန်ကနေ ရပ်စဲတာနဲ့ပတ်သက်လို့ ၀ိ၀ါဒ ကွဲပြားမှုတွေလည်း ရှိခဲ့ပါ တယ်။ ဘာကြောင့်လဲဆိုတော့ စိုက်ပျိုးရေးပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာထွန်းဝင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး တာဝန်ပေးချိန် မှာ “လူမှန်၊ နေရာမှန်” ဖြစ်တယ်ဆိုပြီး ပြောဆိုမှုတွေရှိခဲ့လို့ပါ။

ဒါပေမဲ့ သူ့ကို တာဝန်က ရပ်စဲချိန်မှာ အကြောင်းပြချက် နှစ်ခုထွက်ပေါ်ခဲ့ပါတယ်။ ပထမတစ်ခုက ညှိနှိုင်း ဆောင်ရွက်မှုအားနည်းခြင်းလို့ ဆိုပါတယ်။ ဒုတိယတစ်ခုက အုပ်ချုပ်ရေးကိစ္စတွေမှာ ချောမွေ့အောင် ဆောင်ရွက်နိုင်မှုမရှိဘူးလို့ ဆိုခဲ့ပါတယ်။

ဒီနှစ်ချက်ကို ဒေါက်တာထွန်းဝင်းက ရှင်းရှင်းလင်းလင်း ထုချေမှုရှိခဲ့တယ်လို့ သိရပါတယ်။ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်ချောမွေ့အောင် မလုပ်နိုင်မှုဆိုတဲ့ ပြောဆိုမှုမှာ သူနဲ့ အစိုးရဟောင်း ယန္တရားမှာပါဝင်ခဲ့ သူတွေဖြစ်တဲ့ အမြဲတမ်းအတွင်းဝန် ဒေါက်တာတင်ထွဋ်၊ စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်တို့အကြား အဆင်မပြေတာတွေရှိခဲ့တာကိုလည်း ဝန်ခံပြောဆိုမှုရှိခဲ့တယ်လို့ သိရပါတယ်။ ညှိနှိုင်းဆောင်ရွက်မှု အားနည်းတယ်ဆိုတဲ့အပိုင်းမှာလည်း သူ့ဘက်က လုပ်ဆောင်ခဲ့တာတွေကို ဒေါက်တာထွန်းဝင်း တင်ပြခဲ့တာတွေ ရှိပါတယ်။

ဥပမာအနေနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေထံ ငှားရမ်းထားတဲ့ ဝန်ကြီးဌာနပိုင်မြေ၊ အဆောက်အအုံတွေနဲ့ ဆက်စပ်ပြီး ငှားရမ်းထားတဲ့မြေ ၂၅၈၉၆ ဒသမ ၇၈ ဧက၊ အဆောက်အအုံ ၂၇၅၄ ခုကို စာရင်းပြုစုပြီး နိုင်ငံတော်နဲ့ ဝန်ကြီးဌာနအတွက် အကျိုးပြုစေဖို့ ပြန်လည်သုံးသပ်အရေးယူဆောင်ရွက်ဖို့ တင်ပြချက်ကို တာဝန်စတင်ထမ်း ဆောင်ချိန်ကတည်းကတင်ပြမှုရှိခဲ့ တယ်လို့သိရပါတယ်။ ဒါပေမဲ့ဒါတွေကို ဝန်ကြီးဌာနပိုင်းက အရေးယူဆောင်ရွက်မှုမရှိခဲ့ဘဲ နိုင်ငံတော်သမ္မတရုံး အကြောင်းကြားစာရမှ တင်ပြခဲ့တယ်လို့ ဒေါက်တာထွန်းဝင်းရဲ့ ပြောဆိုချက်တွေအရ သိရပါ တယ်။

ဒါ့အပြင် ဆည်ရေကို ယခင်အတိုင်း နွေစပါးဧက နှစ်သန်းအတွက်သာ မိုးတွင်းမှာ သိုလှောင်ခြင်းမပြုစေဘဲ မိုးစပါးဧက ၁၅ သန်းအတွက် အချိန်မရွေးပေးနိုင်အောင် အဆိုပြုချက်၊ ဆည်များအတွင်း ငါးမျိုးစုံထည့်သွင်းမွေးမြူစေပြီး မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်လက်မဲ့ လေးသန်းအတွက် စုပေါင်းမွေးမြူစနစ်နဲ့ အလုပ်အကိုင်၊ ဝင်ငွေဖန်တီးပေးဖို့ အဆိုပြုချက်၊ ဧရာဝတီတိုင်းမြစ်ဝကျွန်းပေါ်ဒေသမှာ နွေရာသီမြစ်ရေတင် စီမံကိန်းတွေလုပ်ပြီး မိုးရာသီကာလ သီးနှံတစ်သီးသာ စိုက်ပျိုးခြင်းထက် အထွက်နှုန်းသုံးဆတိုးစေခြင်း အဆိုပြုချက် ဒီသုံးချက်ကို ဒေါက်တာထွန်းဝင်းက တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီသုံးချက်ပယ်ချခံခဲ့ရာက အစပြုပြီး ဒါကိုပြန်လည်စောဒက ပြုရာကတစ်ဆင့် နောက်ဆုံးတာဝန်က ရပ်စဲခံရတဲ့ အခြေအနေအထိ ဆိုက်ရောက်ခဲ့တာပါ။

NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်အတွင်း ဒုတိယဝန်ကြီးခန့်အပ်ခဲ့တဲ့ ဝန်ကြီးဌာနတွေကတော့ ဧပြီ ၅ ရက်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ဦးကျော်တင်၊  မေ ၂ ရက်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ဒေါက်တာထွန်းဝင်း၊ မေ ၃ ရက်မှာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ဗိုလ်ချုပ်အောင်စိုး၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ဗိုလ်ချုပ်မြင့်နွယ်၊ နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ဗိုလ်ချုပ်သန်းထွဋ်၊ မေ ၁၂ ရက်မှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ဦးကျော်မျိုး၊ မေ ၂၆ ရက်မှာ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့  ဒုတိယဝန်ကြီးအဖြစ် ဦးမောင်မောင်ဝင်း၊ စက်တင်ဘာ ၁၂ ရက်မှာ လျှပ်စစ်နှင့် စွမ်းအင်ဝန် ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ဒေါက်တာထွန်းနိုင်၊ ပညာရေးဝန် ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ဦးဝင်းမော်ထွန်း၊ ဒီဇင်ဘာ ၁၂ ရက် မှာ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ဦးမင်းသူနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ဦးလှကျော်တို့ကို အသီးသီးခန့်အပ်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်အတွင်း NLD အစိုးရ ခန့်အပ်ခဲ့တဲ့ ဒုတိယဝန်ကြီးစာရင်းကို ကြည့်မယ်ဆိုရင် ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနက တပ်မတော်အရာရှိ ဒုတိယဝန်ကြီးသုံးဦးကလွဲရင် အရပ်သား ဒုတိယဝန်ကြီး ရှစ်ဦးကို ခန့်အပ်ခဲ့တာတွေ့ရပါ တယ်။ အဲဒီဒုတိယဝန်ကြီး ရှစ်ဦးအနက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းကို နိုဝင်ဘာ ၁၈ ရက်မှာ တာဝန်ကနေရပ်စဲလိုက်တာကြောင့် အရပ်သား ဒုတိယဝန်ကြီး ခုနစ်ဦးအထိ ခန့်အပ်တာဝန်ပေးခဲ့တာကို တွေ့ရမှာပါ။

ဒါကြောင့် NLD အစိုးရရဲ့ ၂၀၁၆ ခုနှစ်အတွင်းမှာ ဝန်ကြီးဌာန ၂၂ ခုရှိခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ၂၁ ဦးနဲ့ ဒုတိယဝန်ကြီး ၁၀ ဦးရှိခဲ့ ပါတယ်။

1.jpg

၂၀၁၈ ခုနှစ် ဝန်ကြီးဌာနအသီးသီးတွင် ဒုတိယဝန်ကြီးများအား ခန့်အပ်တာဝန်ပေးခဲ့သည့် ထုတ်ပြန်ကြေညာချက်များကို တွေ့ရစဉ်

၂၀၁၇ ခုနှစ်အတွင်း ဒုတိယဝန်ကြီးခန့်အပ်မှု

NLD အစိုးရအနေနဲ့ ဝန်ကြီးဌာနတွေမှာ ဒုတိယဝန်ကြီးခန့်အပ် တာဝန်ပေးမှုတွေက ၂၀၁၇ ခုနှစ်မှာလည်း ရပ်တန့်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ၂၀၁၇ ခုနှစ်အတွင်းမှာ ဝန်ကြီးဌာနသုံးခုမှာ လိုအပ်ချက်အရ ဒုတိယဝန်ကြီး သုံးဦးကို ခန့်အပ်ခဲ့တာ တွေ့ရပါတယ်။

ဒုတိယဝန်ကြီးခန့်အပ်ခဲ့တဲ့ ဝန်ကြီးဌာနတွေကတော့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ဖြစ်ကြပါတယ်။

၂၀၁၇ ခုနှစ် ဧပြီ ၁၉ ရက်မှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ဦးအောင်ထူး၊  ဇွန် ၅ ရက်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ဦးကျော်လင်း နဲ့ ဇူလိုင် ၃၁ ရက်မှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်တို့ကို ခန့်အပ်တာဝန်ပေးခဲ့တာ တွေ့ရပါတယ်။

၂၀၁၈ ခုနှစ်အတွင်း ဒုတိယဝန်ကြီး ခန့်အပ်မှု

၂၀၁၈ ခုနှစ်မှာလည်း NLD အစိုးရရဲ့ ဒုတိယဝန်ကြီးခန့်အပ်မှုက ဆက်လက်တည်ရှိနေပါတယ်။ နိုင်ငံတော်သမ္မတရုံးရဲ့ ထုတ်ပြန်ကြေညာချက်အရ ၂၀၁၈ ခုနှစ်အတွင်း ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးမှုကို ကြည့်မယ်ဆိုရင် ဒုဝန်ကြီးမရှိသေးတဲ့ ဝန်ကြီးဌာနအချို့မှာ ခန့်အပ်တာဝန်ပေးတာမျိုးရှိသလို ရှိပြီးသား ဝန်ကြီးဌာနမှာ လိုအပ်ချက်အရ ထပ်တိုးခန့်အပ်တာနဲ့ ဒုဝန်ကြီးပြောင်းလဲခန့်အပ်တာတွေကို တွေ့ရပါတယ်။

ဒီလိုခန့်အပ်ရာမှာ ဒုတိယဝန်ကြီး မရှိသေးတဲ့ ပြန်ကြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတွေမှာ ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။

၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ဦးအောင်လှထွန်း၊ ဇန်နဝါရီ ၁၆ ရက်မှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရဲ့ ဒုတိယဝန်ကြီးအဖြစ် ဦးသာဦး၊ မေ ၂၈ ရက်မှာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ဗိုလ်ချုပ်အောင်သူ၊ ဇူလိုင် ၂ ရက်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ဒေါက်တာမြလေးစိန်၊ အောက်တိုဘာ ၁၅ ရက်မှာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး အဖြစ် ဦးကြည်မင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ဒေါက်တာရဲမြင့်ဆွေနဲ့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ဦးလှမော်ဦးတို့ ခန့်အပ်တာဝန် ပေးခဲ့တာ ဖြစ်ပါတယ်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှာ ဒုတိယဝန်ကြီး ဦးကျော်မျိုး ရှိပေမဲ့ လိုအပ်ချက်အရ ဦးသာဦးကို ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခဲ့တာကြောင့် အဲဒီဝန်ကြီး ဌာနမှာ ဒုဝန်ကြီး နှစ်ဦး ဖြစ်သွားပါ တယ်။

နောက်ထပ်ဒုဝန်ကြီး ခန့်အပ် တဲ့ ဝန်ကြီးဌာနကတော့ ပြည်ထဲရေးဝန်ကြီးဌာနဖြစ်ပြီး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနေရာမှာ ဗိုလ်ချုပ်အောင်သူကို ပြောင်းလဲခန့်အပ် တာဝန်ပေးခဲ့ပါတယ်။  ၂၀၁၈ ခုနှစ် သမ္မတရုံးရဲ့ ထုတ်ပြန်တဲ့ ဒုဝန်ကြီး ခန့်အပ်မှုစာရင်းအရ လုပ်ငန်းလိုအပ်ချက်ကြောင့် ခန့်အပ်ခံရသူငါးဦး၊ ထပ်တိုးခန့်အပ်သူ တစ်ဦးနဲ့ ပြောင်းလဲခန့်အပ်သူ တစ်ဦး ဖြစ်တဲ့ အတွက် စုစုပေါင်းခုနစ်ဦးရှိပါတယ်။

 

၂၀၁၉ ခုနှစ်အတွင်း ဒုတိယဝန်ကြီး ခန့်အပ်မှု

NLD အစိုးရအနေနဲ့ ၂၀၁၉ ခုနှစ်မှာလည်း အောက်တိုဘာအထိ ဝန်ကြီးဌာနတွေမှာ ဒုတိယဝန်ကြီး ခန့်အပ်မှုတွေက ရပ်တန့်ခြင်း မရှိသေးပါဘူး။

၂၀၁၉ ခုနှစ် ဇန်နဝါရီကနေ အောက်တိုဘာအထိ ဒုတိယဝန်ကြီးလေးယောက်ကို ထပ်မံခန့်အပ်ခဲ့ပါတယ်။ ဒုတိယဝန်ကြီး ထပ်မံခန့်အပ်ခဲ့တဲ့ ဝန်ကြီးဌာနတွေကတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊  စက်မှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနဲ့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂ ရက်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန် ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ဦးတင်မြင့်၊  သြဂုတ် ၁၅ ရက်မှာ စက် မှုဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ဒေါက်တာမင်းရဲပိုင်ဟိန်း၊ အောက်တိုဘာ ၃၁ ရက်မှာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ဦးခင်မောင်ဝင်းနဲ့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ဦးတင်လတ်တို့ကို ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။

 

အသစ်ထပ်တိုးလိုက်တဲ့ ဝန်ကြီးဌာန သုံးခု

ထူးခြားမှုအဖြစ် NLD အစိုးရသက်တမ်း နှစ်နှစ်ကျော်နဲ့ သုံးနှစ်ပြည့်ခါနီးအချိန်မှာ ဝန်ကြီးဌာနအသစ်သုံးခုကို တိုးချဲ့ဖွဲ့စည်းလိုက်ပါတယ်။ ထပ်မံတိုးချဲ့လိုက်တဲ့ဝန်ကြီးဌာနသုံးခုကတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနဲ့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန် ကြီးဌာနတို့ ဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာနနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂၀၁၇ နိုဝင်ဘာ ၂၀ ရက်က ပြည်ထောင်စု လွှတ်တော်မှာ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ရှင်းလင်းပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနတိုးချဲ့ဖွဲ့စည်းတဲ့အပေါ် ဦးထွန်းထွန်းဦးက “ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် ပြည်ထောင်စု၏ အုပ်ချုပ်မှုဆိုင်ရာကိစ္စများ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေးဆိုင်ရာကိစ္စရပ်များ၊ ဥပဒေကြမ်းတင်သွင်းခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် တခြားကိစ္စရပ်များအပါအဝင် များပြားသည့်လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပါတယ်။ ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်သမ္မတအား တာဝန်ခံမည့် ပြည်ထောင်စုအစိုးရ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတစ်ဦးကို ခန့်အပ်၍ တာဝန်ယူဆောင်ရွက်စေမည်ဆိုပါက ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်မည်ဖြစ်သဖြင့် ယင်းဝန်ကြီးဌာနကို ထပ်မံဖြည့်ဆည်းဖွဲ့စည်းလိုပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ထပ်မံတိုးချဲ့ဖွဲ့စည်းတာနဲ့ပတ်သက်လို့လည်း သူကလွှတ်တော်မှာ ဆက်လက်ရှင်းလင်းပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံသည် နိုင်ငံတကာ အရေးကိစ္စများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။ ယင်းသို့ဆောင်ရွက်ရာတွင် နိုင်ငံတကာ ဆက်ဆံရေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန်နှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များကို နိုင်ငံရေးရှုထောင့်အပြင် စီးပွားရေးရှုထောင့်မှလည်း ခြုံငုံသုံးသပ်ပြီး နိုင်ငံတော်သမ္မတအား တာဝန်ခံဆောင်ရွက်မည့် ဝန်ကြီးဌာန တစ်ခုလိုအပ်လာသည့်အတွက် ဤပြည်ထောင်စုဝန်ကြီး ဌာနအသစ်ကို ဖွဲ့စည်းရခြင်းဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန သံအမတ်ကြီးဟောင်း ဦးသောင်းထွန်းနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်တို့ကို ခန့်အပ်မယ်လို့ ပြည်ထောင်စု လွှတ်တော်ထံ သမ္မတက သဝဏ်လွှာပေး ပို့ခဲ့ပြီး လွှတ်တော်က သဘောတူခဲ့ပါတယ်။

အသစ်ဖွဲ့စည်းလိုက်တဲ့ ဝန်ကြီးဌာနနှစ်ခုနဲ့ပတ်သက်လို့ အမှန်တကယ်လိုအပ်နေတဲ့ ဝန်ကြီးဌာနတွေ ဟုတ်မဟုတ် အငြင်းပွားမှုတွေ ရှိခဲ့ပါတယ်။ အဓိက အငြင်းပွားတဲ့ အချက်တွေကတော့ သမ္မတရုံးဝန်ကြီးဌာနရှိနေတာကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန တိုးချဲ့ဖွင့်လှစ်ခြင်းနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ရှိနေတာကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန တိုးချဲ့ဖွင့်လှစ်လိုက်တဲ့အတွက် အငြင်းပွားစရာဖြစ်ခဲ့တာပါ။

ဒီကိစ္စအပေါ် ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်က “နိုင်ငံတော်သမ္မတနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးရှိသလို ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဆိုပြီး သီးခြားဖွဲ့စည်းထားတာရှိပါတယ်။ ရုံးနှစ်ခုစလုံးက ညွှန်ကြားရေးမှူးချုပ်တွေ ဦးဆောင်တာဖြစ်ပါတယ်။ သမ္မတဦးဆောင်တဲ့အုုပ်ချုပ်ရေးစနစ်မှာ ဝန်ကြီးချုပ်ဆိုတာ မရှိဘဲနဲ့ ဘာဖြစ်လို့ အစိုးရအဖွဲ့ရုံးဆိုတာ ထပ်ဖွဲ့ထားရတာလဲလို့ မေးစရာရှိပါတယ်” လို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၀ ရက်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မေးခွန်းထုတ်ထားပါတယ်။

နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပြီး စီးပွားရေးနဲ့ ရင်နှီးမြှုပ်နှံမှုများကို အစွမ်းကုန်မြှင့်တင်နိုင်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက် သွယ်ရေးဝန်ကြီးဌာနကို ဖွဲ့စည်းဖို့ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က ပြည်ထောင်စုလွှတ်တော်မှာ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ရှင်းလင်းပြောကြားခဲ့ပါတယ်။

 “ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံသူ၊ နိုင်ငံသား တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးရဲ့ စားဝတ်နေရေး ပြည့်စုံဖူလုံနေနိုင်ဖို့အတွက် နိုင်ငံရဲ့ စီးပွားရေးကို မြှင့်တင်နိုင်ဖို့ အထူးပဲအရေးကြီးနေတဲ့ အခြေအနေ ဖြစ်ပါတယ်။နိုင်ငံတကာနဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေမှာ တာဝန်ကျေ၊ တာဝန်သိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ဖို့ လိုသလို၊ ဒီလိုပေါင်းစည်းမှုတွေက နေရရှိလာမယ့် အခွင့်အရေးတွေကိုလည်း ထိထိရောက် ရောက်ရယူနိုင်ဖို့ အထူးပဲအရေးကြီးလှပါတယ်” လို့  ဦးထွန်းထွန်းဦးက ဆိုပါတယ်။

ဒီဝန်ကြီးဌာနနဲ့ပတ်သက်လို့ ၂၀၁၈ နိုဝင်ဘာ ၁၅ ရက်က ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ကိုးဦးက ဆွေးနွေးခဲ့ပြီး အများစုကတော့ ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။

၂၀၁၈ နိုဝင်ဘာ ၁၉ ရက်က ပြည်ထောင်စုလွှတ်တော်မှာတော့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနကို ဖွဲ့စည်းဖို့ လွှတ်တော်က သဘောတူခဲ့ပါတယ်။

လွှတ်တော်နှင့် ပွတ်တိုက်မှု

NLD အစိုးရ သက်တမ်းအတွင်း အစိုးရနဲ့ လွှတ်တော်ကြားမှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မေးခွန်းမေးမြန်းမှုကို အစိုးရတာဝန်ရှိသူတွေက လာရောက်ဖြေကြားတာနဲ့ပတ်သက်လို့ ပွတ်တိုက်မှုတွေ ရှိခဲ့ပါတယ်။

အနီးစပ်ဆုံးအနေနဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်မှာ ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ မေးခွန်းကို တိကျသေချာစွာ ဖြေကြားဖို့လိုပြီး ရေရာသေချာမှုမရှိတဲ့ အဖြေများကို လာရောက်ဖြေကြားခြင်း မပြုသင့်ဘူးလို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့်(လက်ရှိသမ္မတ)က ပြောကြားခဲ့ပါတယ်။

“ဒီလိုသာ ဖြေမယ်ဆိုရင် ကျွန်တော်တို့ ဗန်းစကားပြောသလိုဆို တိုင်ပတ်နေလိမ့်မယ်။ မေးခွန်းတွေ၊ အဖြေတွေဟာ တိုင်ပတ်တဲ့မေးခွန်းနဲ့ အဖြေမျိုးတော့ လွှတ်တော်မှာ ကျွန်တော်တို့အနေနဲ့ မလိုလားပါဘူး။ တိကျတဲ့အဖြေမျိုး လိုချင်တယ်” လို့ ဦးဝင်းမြင့်က ဆိုပါတယ်။

လက်ရှိသမ္မတ ဦးဝင်းမြင့် အနေနဲ့ သမ္မတတာဝန်ကို ရယူခြင်းမရှိခင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ကို ရယူထားချိန်က လွှတ်တော်မှာ လာရောက်ဖြေကြားတဲ့ အစိုးရအဖွဲ့က တာဝန်ရှိသူတွေကို မကြာခဏ သတိပေးပြောကြားမှုတွေ ပြုလုပ်ခဲ့ရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က “ဝန်ကြီးဌာနတွေကို လွှတ်တော်မှာ လာဖြေဖို့ ဖိတ်လိုက်တဲ့အခါ လာဖြေကြတယ်။ လာဖြေတဲ့အခါ ဝန်ကြီးဌာနအများစုက အောက်ကဌာနဆိုင်ရာတွေက ရေးပေးလိုက်တာတွေကို လာဖတ်တာများတယ်။ အဲဒီလို လာဖတ်တာများတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေက နောက်ဆက်တွဲမေးခွန်းတွေမေးတဲ့အခါ အဲဒီဝန်ကြီးတွေ ပြန်ဖြေရတာ တော်တော်အခက်အခဲတွေ့တာကို အရင်လွှတ်တော်တုန်းကလည်း ကြုံခဲ့ရတယ်” လို့  ဆိုပါတယ်။

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေ မေးမြန်းတဲ့မေးခွန်းတွေကို သက်ဆိုင်ရာဌာနက ရေးပေးတဲ့အတိုင်း ဝန်ကြီးတွေက လွှတ်တော်မှာ လာဖတ်တဲ့အတွက် အောက်ခြေက အဖြစ်အပျက်တွေနဲ့ ကွဲလွဲနေတာတွေလည်း ရှိတယ်လို့သူကပြောပါတယ်။

“လွှတ်တော်ကို လာဖြေတဲ့ ဝန်ကြီးက ကိုယ်ရေးတဲ့စာကို လွှတ်တော်မှာ လာဖြေတာမှမဟုတ်ဘဲ။ လွှတ်တော်က မေးခွန်းမေးလိုက်ရင်မေးခွန်းမှာ ဝန်ကြီးဌာနတစ်ခုမက နှစ်ခုသုံးခုမက ဆက်စပ်ဌာနတွေလည်း ပါလာတယ်။ အဲဒီမေးခွန်းတွေကို အဲဒီဌာနတွေက ဖြေလိုက်တယ်။ ဖြေလိုက်တဲ့ဟာကို စုပေါင်းပြီးတော့လာဖြေမယ့် ဝန်ကြီးဌာနက ရေးလိုက်တယ်။ ဝန်ကြီးရေးတာမဟုတ်ဘူး။ ဌာနမှာ ညွှန်ချုပ်လောက် ရှိမှာပေါ့။ ပြည်နယ်မှာဆိုရင်လည်း ပြည်နယ်မှူးလောက်ရှိမှာပေါ့။ အဲဒီလူတွေက ရေးတယ်။ ရေးတဲ့ဟာကို ဝန်ကြီးက လာဖတ်တာပဲ။ လာဖတ်တဲ့အခါ အောက်ခြေမှာ တကယ်ဖြစ်နေတဲ့ အဖြစ်အပျက်တွေနဲ့ တလွဲတွေ အများကြီးပဲ” လို့ ဦးဘရှိန်က ဆိုပါတယ်။

ဒါကြောင့် လွှတ်တော်မှာ လာရောက်ဖြေဆိုမယ့် ဝန်ကြီးတွေအနေနဲ့ သက်ဆိုင်ရာဌာတွေက ရေးပေးတာတွေကို လာရောက်ဖတ်ပြ တာမျိုးမဟုတ်ဘဲ ကိုယ်တိုင်သိထားတဲ့ အချက်အလက်တွေနဲ့ အောက်ခြေက တင်ထားတဲ့အချက်အလက်တွေကို တိုက်ဆိုင်စစ်ဆေးပြီး အဖြေပေးသင့်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက မှတ်ချက်ပြုပါတယ်။

“ကျွန်တော်တို့က အဲဒီလိုမဖြစ်စေချင်ဘူး။ တချို့ဝန်ကြီးတွေက ပေးထားတဲ့ဟာ တကယ်ဆိုရင် ရှည်ရှည်မျောမျောကြီး ဖြစ်နေတယ်ဆိုရင် ဖြတ်တောက်ပြီးတော့ တိုတိုနဲ့လိုရင်းထိမိအောင်ဖြေရမယ်။ အဲဒါမျိုးမဟုတ်ဘဲနဲ့ ပေးလိုက်တဲ့အတိုင်း အောက်ကရေးပေးလိုက်တဲ့အတိုင်း ၏သည်မလွဲ ဖြေနေကြတာ မြင်နေရတယ်။ ဒါဝန်ကြီးတစ်ဦးရဲ့ အရည်အချင်းမဟုတ်ဘူး။ သူက သူကိုယ်တိုင် သိထားတဲ့ အချက်အလက်တွေနဲ့ အောက်ခြေကတင်ထားတာတွေနဲ့ အချက်အလက်တွေနဲ့ စုပေါင်းပြီးမှ အဖြေကိုချပေးရမှာ။ အဲဒါမျိုးချပေးနိုင်တာ တချို့ပဲရှိတယ်။ တော်တော်များများကတော့ စိတ်ပျက်ဖို့ကောင်းတယ်” လို့ ဦးဦးလှစောက ပြောပါတယ်။

လူစုံထုတ်ကစားတဲ့ NLD

လက်ရှိဝန်ကြီးဌာန ၂၅ ခုမှာ ပြည်ထောင်စုဝန်ကြီး ၂၄ ဦးနဲ့ ဒုတိယဝန်ကြီး ၂၃ ဦးအထိ ရှိလာပါ ပြီ။ ပြောရရင် NLD အစိုးရအနေနဲ့ လက်ကျန်သက်တမ်းမှာ လူစုံထုတ်ကစားတဲ့ သဘောပါ။

NLD အစိုးရအဖွဲ့အနေနဲ့ လက်ရှိအချိန်မှာ ဝန်ကြီး ၂၄ ဦး၊ ဒုတိယဝန်ကြီး ၂၃ ဦးနဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေပြီး ဒီယန္တရားမှာ အဓိကကျနေသူတွေဟာ အမြဲတမ်းအတွင်းဝန်တွေနဲ့ ညွှန်ကြားရေးမှူးချုပ်တွေ ဖြစ်နေပါတယ်။

၂၀၁၅ ခုနှစ် မတ် ၃၀ ရက်က ကျင်းပခဲ့တဲ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အတွင်းဝန်ရာထူးများ ခန့်ထားရေး ကိစ္စကို အရင်ဦးသိန်းစိန်အစိုးရအဖွဲ့က လွှတ်တော်ဆီတင်သွင်းခဲ့ပြီး အမြဲတမ်းအတွင်းဝန်တွေကို ခန့်အပ်မှုတွေပြုလုပ်ခဲ့ပါတယ်။

အမြဲတမ်းအတွင်းဝန် ခန့်အပ်ခွင့်နဲ့ ပတ်သက်လို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေနဲ့ နိုင်ငံ့ဝန်ထမ်းဥပဒေတွေမှာ မပါရှိတာကြောင့် ခန့်အပ်ခွင့်မရှိဘူးလို့ အဲဒီအချိန်တုန်းက ကန့်ကွက်ဆွေးနွေးခဲ့ကြပေမဲ့ သမ္မတဟောင်း ဦးသိန်းစိန်အစိုးရအဖွဲ့က ခန့်အပ်ခဲ့တဲ့အတွက် ဝေဖန်မှုတွေရှိခဲ့ပါတယ်။

အမြဲတမ်းအတွင်းဝန်တွေနဲ့ ညွှန်ကြားရေးမှူးချုပ်တွေက အစိုးရဟောင်းယန္တရားမှာ အဓိကကျတဲ့နေရာမှာ လုပ်ဆောင်ခဲ့သူတွေ ဖြစ်တာကြောင့် အောက်ခြေဗျူရိုကရေစီယန္တရားကြီးမှာ ဘာမှမပြောင်းလဲသေးဘူးလို့ ဝေဖန်မှုတွေရှိနေတာပါ။

ဒီကိစ္စနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီမှ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က အရင်အစိုးရက ခန့်ခဲ့တဲ့ အမြဲတမ်းအတွင်းဝန်တွေအနေနဲ့ NLD အစိုးရသစ်ရဲ့ ဝန်ကြီး၊ ဒုဝန်ကြီးတွေကို ဖြစ်စဉ်အမှန်အတိုင်း မတင်ပြဘဲ ပညာပြမှုတွေရှိနေတယ်လို့ ပြောကြားခဲ့ဖူးပါတယ်။

ဒီလို ပညာပြတဲ့ အမြဲတမ်းအတွင်းဝန်တွေကို ဖြုတ်၊ ထုတ်၊ သတ် မလုပ်ပေမဲ့ နေရာပြောင်းရွှေ့မှုတွေ ရှိနိုင်တယ်လို့ ဦးဝင်းထိန်က ပြောကြားထားပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်အထိတော့ အောက်ခြေက ဗျူရိုကရေစီယန္တရားကို ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်နိုင်သေးပါဘူး။

ဒါပေမဲ့ NLD အစိုးရအနေနဲ့ ပြည်ထဲရေးလက်အောက်မှာရှိနေတဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို  ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဌာနအောက် ပြောင်းရွေ့နိုင်ခဲ့ပါတယ်။ ဒီလို ပြောင်းလဲနိုင်ခဲ့ပေမဲ့လည်း ဘယ်လောက်အထိ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်မယ်ဆိုတာ မသိရသေးပါဘူး။

၂၀၁၅ အထွေထွေရွေးကောက် ပွဲအလွန် NLD အစိုးရတာဝန်ယူချိန်ကစလို့ လက်ရှိအချိန်အထိ အစိုးရရဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာ ပြည်သူတွေနဲ့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေက အားမလိုအားမရ ဝေဖန်မှုတွေ ထွက်ပေါ်နေဆဲ ဖြစ်ပါတယ်။

အဲဒီလို ဝေဖန်မှုတွေထဲမှာ အစိုးရပိုင်းက ဝန်ကြီး၊ ဝန်ကြီးချုပ်တွေရဲ့ စွမ်းဆောင်ရည်နဲ့ အောက်ခြေဗျူရိုကရေစီယန္တရားမှာ ဘာမှမပြောင်းလဲသေးဘူးဆိုတဲ့ ဝေဖန်သံတွေကတော့ အကျယ်လောင် ဆုံးဖြစ်ခဲ့ပါတယ်။

NLD အစိုးရရဲ့ လက်ကျန်သက်တမ်းမှာ ဝန်ကြီးဌာန ၂၅ ခု၊ ဝန်ကြီး ၂၄ ဦးနဲ့ ဒုတိယဝန်ကြီး ၂၃ ဦးအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ NLD ပါတီက ထုတ်ပြန်ကြေညာထားတဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းပါ အချက်တွေကို အပြည့်အဝမဟုတ်ရင်တောင် အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်နိုင်ပြီလို့ ပြည်သူလူထုကို ချပြဖို့ အရေးကြီးတဲ့အချိန်ရောက်ရှိ နေပြီ ဖြစ်ပါတယ်။

ဒါကြောင့် လာမယ့် အစိုးရ လက်ကျန်သက်တမ်းအတွင်း ဝန်ကြီးဌာနတွေအနေနဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းပါအချက်တွေကို ဘယ်လောက်အထိ အကောင်အထည် ဖော်ဆောင်ပေးနိုင်မလဲဆိုတာ လူစုံထုတ်ကစားနေတဲ့ NLD အစိုးရရဲ့ အပြောင်းအလဲကို စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။   

 

 

Most Read

Most Recent