အူနိုင်းအမ်မရီကို အာဆင်နယ်ဘုတ်အဖွဲ့ (၄)ပွဲ အချိန်ပေးထား

အူနိုင်းအမ်မရီကို အာဆင်နယ်ဘုတ်အဖွဲ့ (၄)ပွဲ အချိန်ပေးထား
Published 5 November 2019

အာဆင်နယ်အသင်း၏ ဘုတ်အဖွဲ့သည် ရာထူးမှထုတ်ပယ်ပစ်ရန် တောင်းဆိုခံနေရသည့် နည်းပြ အူနိုင်းအမ်မရီကို (၄)ပွဲအချိန်ပေးထားပြီး ယင်း(၄)ပွဲမှ စွမ်းဆောင်ရည်အပေါ်မူတည်၍ ၎င်း၏အနာဂတ်ကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း Metro သတင်းစာက ဖော်ပြခဲ့သည်။

အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်(၉)ပွဲတွင် (၂)ပွဲသာအနိုင်ရရှိခဲ့ခြင်းကြောင့် အူနိုင်းအမ်မရီအနေဖြင့် ဖိအားတိုးလာခဲ့ခြင်းဖြစ်ပြီး အာဆင်နယ်ပရိသတ်များကလည်း ၎င်းအား ရာထူးမှထုတ်ပယ်ရန် တောင်းဆိုလာကြသည်။

 

ထို့ကြောင့် အာဆင်နယ်အသင်းဘုတ်အဖွဲ့သည် အူနိုင်းအမ်မရီ ကို (၄)ပွဲ အခွင့်အရေးပေးရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ရှေ့လာမည့်(၄)ပွဲတွင် ယူရိုပါလိဂ်(၂)ပွဲ၊ ပရီးမီးယားလိဂ်(၂)ပွဲ ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ပြီး ဂီမာရေ့စ်(အဝေးကွင်း)၊ လက်စတာ(အဝေးကွင်း)၊ ဆောက်သမ်တန်(အိမ်ကွင်း)၊ ဖရန့်ဖတ်(အိမ်ကွင်း) တို့ဖြစ်သည်။

ယင်းပွဲစဉ်အနေအထားအရ အူနိုင်းအမ်မရီအတွက် အဆုံးအဖြတ်မှာ ချန်ပီယံလိဂ်ဝင် ခွင့်အတွက် စိန်ခေါ်သူအသစ် ဖြစ်လာသည့် လက်စ တာအသင်းနှင့်ရင်ဆိုင်ရမည့် အဝေးကွင်းပွဲဖြစ်သည်ဟုလည်း Metro က သုံးသပ်ခဲ့သည်။

အာဆင်နယ်အသင်းသည် အူနိုင်းအမ်မရီကို တစ်နှစ်လစာပေါင် (၆)သန်းဖြင့် ၂၀၂၀-၂၁ ရာသီအထိသာ စာချုပ်ချုပ်ဆိုထားသောကြောင့် ၎င်းကိုထုတ်ပယ်ပါက လျော်ကြေးပေါင်(၁၀)သန်းကျော်သာ ကုန်ကျမည်ဖြစ်ပြီး နည်းပြအဖွဲ့ဝင်များအတွက် ထည့်တွက်လျှင်ပင် ပေါင် (၁၅)သန်းဝန်းကျင်သာ ကုန်ကျမည်ဟုလည်း အချို့က တွက်ပြနေကြသည်။

Most Read

Most Recent