ဘင်္ဂါလီအဖွဲ့အစည်းများက အာဆီယံ ဆွေးနွေးပွဲတွင် ရခိုင်အရေးနှင့်ပတ်သက်၍ မြန်မာအပေါ် ဖိအားပေးရန် တောင်းဆိုမှုရှိနေပြီး ဒေသတွင်းခေါင်းဆောင်များ၏ ၃၅ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးပွဲများတွင် ရခိုင်အရေးကိစ္စအပေါ် ဆွေးနွေးမှုများပါဝင်မည်

ဘင်္ဂါလီအဖွဲ့အစည်းများက အာဆီယံ ဆွေးနွေးပွဲတွင် ရခိုင်အရေးနှင့်ပတ်သက်၍ မြန်မာအပေါ် ဖိအားပေးရန် တောင်းဆိုမှုရှိနေပြီး ဒေသတွင်းခေါင်းဆောင်များ၏ ၃၅ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးပွဲများတွင် ရခိုင်အရေးကိစ္စအပေါ် ဆွေးနွေးမှုများပါဝင်မည်
Published 1 November 2019
ကျော်ဇောလင်း၊ ကျော်ဇင်ဝင်း

ဘင်္ဂါလီအဖွဲ့အစည်းများကအာဆီယံ ဆွေးနွေးပွဲတွင် ရခိုင်အရေးနှင့်ပတ်သက်၍မြန်မာအပေါ် ဖိအားပေးရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံအား တောင်းဆိုမှု ရှိနေပြီး ၃၅ ကြိမ်မြောက် ဒေသတွင်းခေါင်း ဆောင်များ၏ အာဆီယံထိပ်သီးအစည်းအဝေးပွဲများတွင် ရခိုင်အရေးကိစ္စအပေါ် ဆွေးနွေးမှုများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

၃၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးအ စည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အောက်တိုဘာ ၃၁ ရက်မှစတင်ကာ ပြုလုပ်လျက်ရှိပြီး ဒေသတွင်းခေါင်းဆောင်များ၏ အဓိက ဆွေးနွေးပွဲများကို နိုဝင်ဘာ ၂ ရက်မှ ၄ ရက် အထိ ပြုလုပ်မည်ဖြစ်သည်။

ဘင်္ဂါလီလူနည်းစုအပေါ် ဆက်ဆံမှုနှင့် ပတ်သက်၍ အာဆီယံအနေဖြင့် ထိပ်သီးအ စည်းအဝေးပွဲကာလအတွင်း ပြန်လည်သုံးသပ်ပေးရန် ဘင်္ဂါလီလူ့အခွင့်အရေးအဖွဲ့ တစ်ခုက တိုက်တွန်းတောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

လူမျိုးတုံးသတ်ဖြတ်မှုများရှိနေသည့် နိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု များလုပ်ဆောင်ရန် သင့် မသင့်နှင့် ဒေသတွင်း ရေရှည်တည်တံ့သော ပတ်ဝန်းကျင်ကောင်း ဖြစ်စေရန် အာဆီယံကို မလေးရှားရှိ ဘင်္ဂါလီလူ့အခွင့်အရေးအဖွဲ့က မေးခွန်းထုတ်ခဲ့သည်။

၃၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးပွဲ၏ ဆောင်ပုဒ်ဖြစ်သော ‘ရေ ရှည်တည်တံ့ခိုင်မြဲရေးအတွက် မိတ်ဖက်တိုး မြှင့်ခြင်း’ဆိုသည်နှင့် လက်ရှိဖြစ်ပေါ်နေသော အခြေအနေသည် (ရခိုင်အရေး) ကွဲလွဲနေ ကြောင်း ဘင်္ဂါလီလူ့အခွင့်အရေးအဖွဲ့ဥက္ကဋ္ဌ က ဝေဖန်ပြောဆိုခဲ့သည်။

၎င်းက ‘‘အာဆီယံဒေသတွင်းမှာ အခုလိုလူမျိုးတုံးသတ်ဖြတ်မှုတွေ ဆက်ရှိနေ မယ်ဆိုရင် အခြားသော ကမ္ဘာ့နိုင်ငံအသီးသီး အပေါ် သက်ရောက်မှာဖြစ်လို့ ရေရှည်တည် တံ့ခိုင်မြဲရေးအတွက် ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုကို ဘယ်လိုတိုးမြှင့်နိုင်မလဲ။ ပဋိပက္ခအတွင်းမှ လွတ်မြောက်လာသူတွေ ရဲ့ မှတ်တမ်းတွေ ဒုက္ခသည်စခန်းတွေက များစွာသောအစီရင်ခံစာတွေ ထွက်လာခဲ့ပေမဲ့ မိမိတို့အနေနဲ့ ဖိနှိပ်ခံနေရဆဲပဲရှိနေပါတယ်’‘ဟု မေးခွန်းထုတ်ပြောဆိုခဲ့သည်။

ထို့ပြင် ယင်းကဲ့သို့ လူမျိုးတုံးသတ်ဖြတ်မှုများကို ရပ်တန့်ရန်၊ အာဆီယံနှင့် ဒေသတွင်းတည်ငြိမ်မှု၊ ငြိမ်းချမ်းမှုနှင့် ရေရှည်ဖွံ့ဖြိုးတည်တ့ံခိုင်မြဲစေရေးအတွက် မှန်ကန်တည်ကြည်သော ဦးဆောင်မှုကောင်း လိုအပ် နေသည်မှာ ထင်ရှားသည်ဟုလည်း ၎င်းက ဝေဖန်ခဲ့သည်။

ဘင်္ဂါလီများအား နေရပ်ပြန်ပို့ခြင်းသည် အဖြေမဟုတ်ကြောင်းနှင့် သက်ဆိုင်ရာအာဏာပိုင်များ၊ ကုလသမဂ္ဂအနေဖြင့် နေရပ်စွန့်ခွာသွားကြရ သောဘင်္ဂါလီများအား ကာကွယ်ပေးရန် ပျက်ကွက်ခဲ့သည်ဟုလည်း ပြောဆိုခဲ့သည်။

ထို့ပြင် ထိုင်းအစိုးရ၏ ထိန်းသိမ်းရေး စခန်းများနှင့် အကျဉ်းထောင်များတွင် ရှိနေသော ဘင်္ဂါလီဒုက္ခသည်များကို ပြန်လွှတ်ပေးရန်နှင့် ပဋိပက္ခများ မပြီးဆုံးမီအထိ နေထိုင် ခွင့်ပြုရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် ထိုင်းနိုင်ငံကို တိုက်တွန်းတောင်းဆိုခဲ့သည်။

ဘန်ကောက်ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအနေဖြင့် ထွက်ပြေးလာကြသော ဘင်္ဂါလီများ၏ အခွင့်အရေးကို ကာကွယ်ရေးအတွက် ကြားဝင်ဆောင်ရွက်ပေးရန်လည်း တောင်းဆိုခဲ့ပြန်သည်။

‘‘အကြိမ်ကြိမ် ဒုက္ခသည်အဖြစ် ရင်ဆိုင်နေရတာကို အဆုံးသတ်ဖို့ လိုနေပါပြီ။ လေးကြိမ် ကျွန်တော်တို့ ဒုက္ခသည်အဖြစ် ရှိနေခဲ့ ပါတယ်။ ဒါကြောင့် ရေရှည်တိုးတက်ခိုင်မာ တဲ့ ဖြေရှင်းဆောင်ရွက်မှုတွေကို ကျွန်တော် တို့ လိုလားပါတယ်’‘ဟု ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွင် ရောက်ရှိနေသော ဘင်္ဂါလီ တစ်ဦးကလည်း ပြောကြားသည်။

အာဆီယံခေါင်းဆောင်များအနေဖြင့် ဒေသတွင်းဆွေးနွေးပွဲများတွင် ရခိုင်ပဋိပက္ခ အတွင်း ထွက်ပြေးတိမ်းရှောင်သွားသူများ၊  နေရပ်ပြန်လည်ရောက်ရှိရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးဖွယ်ရှိကြောင်းလည်း သိရသည်။

သို့သော်လည်း ၃၃ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲ စင်ကာပူတွင် ပြုလုပ်ခဲ့စဉ်က ဘင်္ဂါလီများ ပြန်လည်အခြေချရေး နှင့်ပတ်သက်၍ အာဆီယံတွင် အားစိုက်လုပ်ဆောင်မှုများရှိခဲ့သော်လည်း ယခု ထိုင်းနိုင်ငံ တွင် ပြုလုပ်သောဆွေးနွေးပွဲများ၌ ဘင်္ဂါလီများ ပြန်လည်နေရာချထားရေး ဆောင်ရွက် ချက်များနှင့်ပတ်သက်၍ အာဆီယံအနေဖြင့် မျှော်မှန်းသကဲ့သို့ လုပ်ဆောင်နိုင်ခြင်း မရှိဟုဆိုကာ ဘင်္ဂါလီအဖွဲ့အစည်းများက  ဖိအားပေးဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံအတွင်း ရေးမှူးချုပ်ရုံးနှင့် AHA Centre အဖွဲ့တို့ နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံမှ ပူးပေါင်း ဆောင်ရွက်နိုင်သည့် နယ်ပယ်များကို လေ့လာသည့် ကနဦးဆန်းစစ်လေ့လာရေးအဖွဲ့ သည် ၎င်းတို့၏ ပဏာမလေ့လာအကဲဖြတ်ချက်အစီရင်ခံစာကို ၂၀၁၉ ခုနှစ် မေလတွင် ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါအစီရင်ခံစာတွင် ပူးပေါင်းဆောင်ရွက်နိုင်သည့် နယ်ပယ် သုံးခုကို အကြုံပြုတင်ပြထားကြောင်း၊ အဆိုပါအကြံပြုချက်များကို အကောင်အထည် ဖော်ရန်အတွက် နည်းပညာလုပ်ငန်းအဖွဲ့တစ်ခုကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က စက်တင်ဘာ ၂၈ ရက်က ကုလသမဂ္ဂ ဌာနချုပ်၌ ကျင်းပခဲ့သည့် အာဆီယံ-ကုလ သမဂ္ဂဝန်ကြီးအဆင့်အစည်းအဝေးတွင် ပြောကြားထားခဲဲ့သည်။

နေရပ်ပြန်လာသူများအတွက် မြန်မာအစိုးရ၏ ပြင်ဆင်ထားရှိမှုများကို ကော့ဘဇားရှိ နေရပ်စွန့်ခွာသူများကို သွားရောက် ရှင်းလင်းပြောကြားသည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တွင်လည်း အာဆီယံ၏ကိုယ်စားလှယ်များ ပူးပေါင်းပါဝင်ခဲ့ကြောင်း၊ အာဆီယံ၏ လုပ်ငန်းဆောင်ရွက်ချက်များ သည် UNHCR နှင့် UNDP တို့၏ လက်ရှိ ဆောင်ရွက်ချက်များကို အစားထိုးရန်မဟုတ်ဘဲ ပိုမိုအားဖြည့်ရန်ဖြစ်ကြောင်း၊ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရန် နှစ်နိုင်ငံ သဘောတူထားသော သြဂုတ်၂၂ရက်တွင် ASEAN-ERAT ကိုယ်စားလှယ်အဖွဲ့သည် မြန်မာအဆင့်မြင့်အရာရှိကြီးများနှင့်အတူ ရခိုင်ပြည်နယ်ရှိ ပြန်လည်လက်ခံရေးစခန်းသို့သွားရောက်၍ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရန် စောင့်ဆိုင်းခဲ့ကြောင်း၊ သို့ရာတွင် သဘောတူညီသည့်နေ့ရက်တွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ တစ်ဦးတစ်ယောက်မျှ ပြန်လည်ဝင်ရောက်လာခြင်းမရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းခဲ့သည်။

ထို့ပြင် နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ် အ ဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေးအတွက် စစ်မှန်သည့်နိုင်ငံရေးဆန္ဒ၊ ခိုင်မာသည့် ကြိုးပမ်းအားထုတ်မှုနှင့် နှစ်နိုင်ငံသဘောတူ ညီမှုများကို အပြည့်အဝ လေးစားလိုက်နာမှုတို့ လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံသဘောတူညီချက် များ၊ UNHCR ၊ UNDP တို့နှင့် လက်မှတ်ရေး ထိုးထားသည့် သုံးပွင့်ဆိုင်သဘောတူညီမှုများနှင့်အညီ စိစစ်အတည်ပြုပြီးဖြစ်သည့် နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရန် အပြည့်အဝကတိပြုထားကြောင်းလည်း ပြည်ထောင်စုဝန်ကြီးဦးကျော်တင်က ကုလသမဂ္ဂ အစည်းအဝေးတွင် ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိဒုက္ခသည်စခန်းများတွင် နေထိုင်နေသည့် ဘင်္ဂါလီဒုက္ခသည်များထဲမှ ဘင်္ဂါလီ ၄၆ ဦးသည် မိမိအစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ အောက်တိုဘာ ၃၁ ရက်တွင် ပြန်လည်ဝင်ရောက်လာရာ တောင်ပြို လက်ဝဲရှိ ငါးခူရပြန်လည်လက်ခံရေးစခန်း တွင် ၎င်းတို့အား လက်ခံခဲ့သည်။

နေရပ်စွန့်ခွာသွားသော ဘင်္ဂါလီဒုက္ခသည်များအား မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရေးအတွက် မြန်မာအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရကြား ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီး စိစစ်မှုများပြုလုပ်၍ တရားဝင်ပြန် လည်လက်ခံခဲ့သော်လည်း အစိုးရ၏အစီအစဉ်ဖြင့် ဆောင်ရွက်ချိန်တွင် ပြန်လည်ဝင် ရောက်မည့်သူ မရှိပေ။

ထိုသို့ ဘင်္ဂါလီဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်လည်မဝင်ရောက်ခြင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ARSA အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်မှုများကြောင့်ဖြစ်ကြောင်း သိရှိရသည်ဟု မြန်မာအစိုးရက ထုတ်ပြန်ထားသည်။

သို့ရာတွင် ARSA အဖွဲ့၏ ခြိမ်းခြောက်မှုများကြားမှပင် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁ ရက်အထိ မိမိအစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်လာသည့် ဘင်္ဂါလီဒုက္ခသည် ၃၀၀ ကျော်ရှိကြောင်း သိရသည်။

ကျော်ဇောလင်း၊ ကျော်ဇင်ဝင်း

 

Most Read

Most Recent