၃၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ တက်ရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသတွင်းမှခေါင်းဆောင်များ ထိုင်းနိုင်ငံ ဘန်ကောက်သို့ နိုဝင်ဘာ ၁ ရက်တွင် ရောက်ရှိမည်

၃၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ တက်ရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသတွင်းမှခေါင်းဆောင်များ ထိုင်းနိုင်ငံ ဘန်ကောက်သို့ နိုဝင်ဘာ ၁ ရက်တွင် ရောက်ရှိမည်
၃၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားနှင့် အာဆီယံ ထိပ်သီးအစည်းအဝေး (သီးသန့်) သို့ တက်ရောက်လာသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသတွင်း ခေါင်းဆောင်များကို ၂၀၁၉ ခုနှစ် ဇွန် ၂၃ ရက်က တွေ့ရစဉ်
၃၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားနှင့် အာဆီယံ ထိပ်သီးအစည်းအဝေး (သီးသန့်) သို့ တက်ရောက်လာသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသတွင်း ခေါင်းဆောင်များကို ၂၀၁၉ ခုနှစ် ဇွန် ၂၃ ရက်က တွေ့ရစဉ်
Published 31 October 2019
ကျော်ဇောလင်း၊  ကျော်ဇင်ဝင်း

၃၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ တက်ရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသတွင်းမှ ခေါင်းဆောင်များ ထိုင်းနိုင်ငံ ဘန်ကောက်သို့ နိုဝင်ဘာ ၁ ရက်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

၃၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ မြန်မာနိုင်ငံမှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဖြစ်ပြီး အာဆီယံဒေသတွင်းမှ ခေါင်းဆောင်များလည်း  ဆွေးနွေးပွဲ တက်ရောက်ရန် နိုဝင်ဘာ ၁ ရက်တွင် ဘန်ကောက်သို့ ရောက်ရှိလာကြမည် ဖြစ်သည်။

ဆွေးနွေးပွဲများကို အောက်တိုဘာ ၃၁ ရက်တွင် စတင်ကြခြင်း ဖြစ်သော်လည်း နိုင်ငံ့ခေါင်းဆောင်များ၏ ဆွေးနွေးပွဲများမှာမူ နိုဝင်ဘာ ၂ ရက်မှသာ စတင်မည်ဖြစ်သည်။

ယခုကျင်းပမည့် ဆွေးနွေးပွဲသို့ အာဆီယံပြင်ပမှ ခေါင်းဆောင်များလည်း တက်ရောက်ကြမည်ဖြစ်ပြီး တရုတ်၊ ရုရှား၊ ဂျပန်၊ အမေရိကန်၊ တောင်ကိုရီးယား စသော ထိပ်သီးနိုင်ငံများက ကိုယ်စားလှယ်များ ပါဝင်ကြမည် ဖြစ်သည်။

ထို့ပြင် ယခုဆွေးနွေးပွဲတွင် ကမ္ဘာ့ထိပ်သီး အမေရိကန်မှ အရေးကြီး ခေါင်းဆောင်များ တက်ရောက်မည် မဟုတ်ဘဲ စီးပွားရေးဆိုင်ရာ အကြီးတန်းအရာရှိနှင့်အဖွဲ့သာ တက်ရောက်မည့်အပေါ် ဒေသတွင်း ဝေဖန်မှုများ ထွက်ပေါ်လျက် ရှိသည်။

ယင်းအခြေအနေမှာ အင်ဒို-ပစိဖိတ် အရေးအပေါ် အမေရိကန်၏ အလေးအနက်ထားမှု ယုတ်လျော့ လာနေသည်ဟု သုံးသပ်နေကြပြီး အာဆီယံဒေသတွင်း၌ တရုတ်နိုင်ငံ၏ သြဇာနှင့် စီးပွားရေးဆိုင်ရာ သက်ရောက်မှု ပိုမိုအားကောင်းလာမှုအပေါ် အမေရိကန်က မျက်ကွယ်ပြုသည့် အခြေအနေမျိုး ဖြစ်နေကြောင်း နိုင်ငံရေးကျွမ်းကျင်သူများက သုံးသပ်လျက်ရှိသည်။

မကြာမီကပင် အိမ်ဖြူတော်က သမ္မတထရန့်အနေဖြင့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်မည် မဟုတ်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။

အမေရိကန်သမ္မတ ဖြစ်လာပြီးနောက်တွင် ထရန့်အနေဖြင့် ဖိလစ်ပိုင်နိုင်ငံ မနီလာ၌ ကျင်းပသော အာဆီယံ ထိပ်သီးဆွေးနွေးပွဲ တစ်ကြိမ်သာ တက်ရောက်ပြီး ၂၀၁၈ ခုနှစ်က စင်ကာပူတွင် ပြုလုပ်သော အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ယခု ဘန်ကောက်၌ ပြုလုပ်သော ထိပ်သီးဆွေးနွေးပွဲများကိုမူ တက်ရောက်ခြင်း မရှိတော့ပေ။

စင်ကာပူဆွေးနွေးပွဲ၌ အမေရိကန် ဒုတိယသမ္မတ မိုက်ပင့်စ် တက်ရောက်ခဲ့သော်လည်း လက်ရှိ ဘန်ကောက် ဆွေးနွေးပွဲတွင်မူ အမေရိကန် ထိပ်တန်းခေါင်းဆောင်များ တက်ရောက်ခြင်း မရှိကြောင်း သိရသည်။

လက်ရှိတွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ရယူထားသည့် ထိုင်းနိုင်ငံအနေဖြင့် ထိုင်းငါးဖမ်း လုပ်ငန်းများတွင် ရေလုပ်သားများ၏ ရပိုင်ခွင့် တိုးတက်အောင်ကြိုးစားရန် ပျက်ကွက်ခဲ့သည်ဟုဆိုကာ ထိုင်းပင်လယ်စာ လုပ်ငန်းအတွက် ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးများအား အမေရိကန်နိုင်ငံက အောက်တိုဘာ ၂၇ ရက်တွင် ဆိုင်းငံ့ခဲ့သည်။

ထိုင်းနိုင်ငံသို့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေး ဆိုင်းငံ့မှုသည်  အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ တန်ကြေးရှိပြီး ဆိုင်းငံ့မှုသည် ၂၀၂၀ ခုနှစ် ဧပြီတွင် စတင် သက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

ထိုင်းပင်လယ်စာ ထုတ်လုပ်တင်ပို့မှုသည် ကမ္ဘာတွင် တတိယအကြီးဆုံး ဖြစ်သော်လည်း အဆိုပါလုပ်ငန်းတွင် အများဆုံး လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သားများအပေါ် ကျွန်ပြုခိုင်းစေမှုနှင့် လူကုန်ကူးမှုများ ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

GSP အစီအစဉ်ဟုခေါ်သည့် အမေရိကန်ပြည်ထောင်စု၏ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးကို ခံစားခွင့်ရှိသော နိုင်ငံများအတွက် သတ်မှတ်ကုန်ပစ္စည်းများအပေါ် အမေရိကန်က အခွန်ကင်းလွတ်ခွင့် ပေးထားခြင်း ဖြစ်သည်။

ယခုကဲ့သို့ GSP ဆိုင်းငံ့ခံရခြင်းအပေါ် အာဆီယံ ထိပ်သီးအစည်းအဝေး အပါအဝင် အခြားနိုင်ငံတကာ တွေ့ဆုံ ဆွေးနွေးပွဲများတွင်လည်း နှစ်ဦးနှစ်ဖက် ပြေလည်မည့် ရလဒ်များအား ညှိနှိုင်းသွားရန် ထိုင်းနိုင်ငံမှ စီးပွားရေးဆိုင်ရာ တာဝန်ရှိသူများက ပြောကြားထားသည်။

ယခု ကျင်းပလျက်ရှိသည့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ် အစည်းအဝေးပွဲများကို အောက်တိုဘာ ၃၁ ရက်မှ စတင် ကျင်းပလျက်ရှိပြီး နိုင်ငံခေါင်းဆောင်များ၏ ဆွေးနွေးပွဲများကိုမူ နိုဝင်ဘာ ၂ ရက်မှ ၄ ရက် အထိ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent