ဆမ်စနိဒ်၏ PGA Tour ချန်ပီယံဆုအများဆုံးစံချိန်ကို တိုက်ဂါးဝုဒ် လိုက်မီ

ဆမ်စနိဒ်၏ PGA Tour ချန်ပီယံဆုအများဆုံးစံချိန်ကို တိုက်ဂါးဝုဒ် လိုက်မီ
Published 29 October 2019

 

ဂျပန်နိုင်ငံ၌ ကျင်းပသည့် Zozo Championship ဂေါ့ဖ်ပြိုင်ပွဲတွင် အမေရိကန်ဂန္ထဝင်ကစားသမား တိုက်ဂါးဝုဒ် အနိုင်ရဗိုလ်စွဲပြီး PGA Tour ချန်ပီယံဆုအများဆုံးစံချိန်ကို အမီလိုက်နိုင်ခဲ့ကြောင်း သိရသည်။

Zozo Championship ပြိုင်ပွဲသည် ဂျပန်နိုင်ငံ၌ ပထမဆုံးအကြိမ်ကျင်းပသည့် PGA Tour ပြိုင်ပွဲဖြစ်ပြီး တိုက်ဂါးဝုဒ်က စုစုပေါင်းရိုက်ချက် ၂၆၁ ချက်၊ လျှော့ရိုက်ချက် ၁၉ ချက်ဖြင့် ချန်ပီယံဆုရယူနိုင်ခဲ့ခြင်းဖြစ် သည်။ 

တိုက်ဂါးဝုဒ်သည် ပြိုင်ပွဲတစ်လျှောက်လုံး ရိုက်ချက်ကောင်းမွန်ခဲ့ပြီး ပထမနေ့တွင် သတ်မှတ်ရိုက်ချက်ထက် ခြောက်ချက်လျော့ကာ ၆၄ ချက်၊ ဒုတိယနေ့တွင်လည်း ၆၄ ချက် နှင့် တတိယနေ့တွင် ၆၆ ချက် ရိုက်နိုင်ခဲ့သည်။ 

နောက်ဆုံးနေ့ပွဲစဉ်ကို အောက်တိုဘာ ၂၇ ရက်က ကျင်းပသော်လည်း တိုက်ဂါးဝုဒ် ၁၁ ကျင်းမြောက်ကစားအပြီးတွင် ညမှောင်သွားသဖြင့် အောက်တိုဘာ ၂၈ ရက်မှသာ ဆက်လက်ကျင်းပခဲ့ရသည်။ 

တိုက်ဂါးဝုဒ်သည် လက်ကျန်ခုနစ်ကျင်းတွင်လည်း ပုံစံကောင်းကိုထိန်းထားနိုင်ခဲ့ပြီး လျှော့ရိုက်ချက်စုစုပေါင်း ၁၉ ချက်ဖြင့် အိမ်ရှင်ဂျပန်ကစားသမား မတ်ဆုယာမထက် သုံးချက်အသာရကာ ချန်ပီယံဆု ဆွတ်ခူးရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲမှာ တိုက်ဂါးဝုဒ်အတွက် ယခုနှစ်အတွင်း ဒုတိယမြောက် ချန်ပီယံဆုရယူနိုင် သည့်ပြိုင်ပွဲဖြစ်သလို ကစားသမားဘဝတစ်လျှောက် PGA Tour ပြိုင်ပွဲများတွင် ၈၂ ကြိမ်မြောက် ဗိုလ်စွဲခြင်းဖြစ်ကြောင်း သိရသည်။ 

သို့ဖြစ်ရာ တိုက်ဂါးဝုဒ်သည် သမိုင်းတစ်လျှောက် PGA Tour ချန်ပီယံဆုအများဆုံးရရှိထားသည့် အမေရိကန်ကစားသမား ဆမ်စနိဒ်၏စံချိန်ကို အမီလိုက်နိုင်ခဲ့ပြီဖြစ်သည်။ 

အသက် ၄၃ နှစ်ရှိပြီဖြစ်သည့် တိုက်ဂါးဝုဒ်သည် ဒူးဒဏ်ရာခွဲစိတ်မှုကြောင့် နှစ်လခွဲကြာ အနားယူခဲ့ရပြီးနောက် ပထမဆုံးပြန်ကစားသည့်ပွဲတွင် အောင်မြင်မှုရရှိခြင်းဖြစ်သည်။

PGA Tour ချန်ပီယံဆု အများဆုံးရရှိထားသူများ

အမည်        နိုင်ငံ        ချန်ပီယံဆု

တိုက်ဂါးဝုဒ်    အမေရိကန်    ၈၂ ကြိမ်

ဆမ်စနိဒ်        အမေရိကန်    ၈၂ ကြိမ်

နစ်ကလောက်စ်    အမေရိကန်    ၇၃ ကြိမ်

 

Most Read

Most Recent