ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ် (YMBA)အနေဖြင့် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာကို တစိုက်မတ်မတ် လုပ်ဆောင်ရန် အသင်း၏ ရာသက်ပန်နာယက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မှာကြား

ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ် (YMBA)အနေဖြင့် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာကို တစိုက်မတ်မတ် လုပ်ဆောင်ရန် အသင်း၏ ရာသက်ပန်နာယက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မှာကြား
Published 23 October 2019
နေဝန်းထက်

ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ် (YMBA)အနေဖြင့် အသင်း၏ ဆောင်ပုဒ်ဖြစ်သည့် အမျိုး၊ ဘာသာ၊ သာသနာနှင့် ပညာကို တစိုက်မတ်မတ် လုပ်ဆောင်ရန် အဆိုပါအသင်း၏ ရာသက်ပန်နာယက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားခဲ့ကြောင်း YMBA အသင်းဥက္ကဋ္ဌ ဦးရဲထွန်းက ပြောကြားသည်။

ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းချုပ် (YMBA) ၏ ရာသက်ပန်နာယက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာ ၂၂ ရက်က ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ  YMBA အသင်းချုပ်ရှိရာသို့ လာရောက်ခဲ့ပြီး ယင်းသို့လာရောက်ရာတွင် YMBA အသင်းအနေဖြင့် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာကို တစိုက်မတ်မတ်လုပ်ဆောင်ရန်အတွက် အသင်းသားများအား မှာကြားခဲ့သည် ဟု YMBA အသင်းဥက္ကဋ္ဌ ဦးရဲထွန်းက မီဒီယာများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

“သြဝါဒခံယူပွဲရယ်လို့တော့ မဟုတ်ပါဘူး။ မြို့ပတ်ရင်းနဲ့ ဒီတပ်ချုပ်ကြီးက YMBA အသင်းမှာ နာယကကြီးဖြစ်နေတဲ့အတွက်ကြောင့် လာပြီးတော့ လေ့လာကြည့်ရှုသွားတဲ့ သဘောပါပဲ။ မှာကြားထားတာရှိလဲဆိုတော့ သူကတော့ တို့ YMBA အသင်းရဲ့ဆောင် ပုဒ်ဖြစ်တဲ့ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ ပေါ့။ အဲဒါတွေအားလုံးကို တစိုက်မတ်မတ် လုပ်ရမယ်။ လေးခုစလုံးကိုတော့ အန်ကယ် တို့က အရင်တုန်းက မလုပ်ခဲ့တာတွေရှိတယ်။ မလုပ်ခဲ့တာတွေကို အခုလုပ်ရမယ်။ အဲဒီတော့ အဓိကက ဘာသာရေးလုပ်နေတာကိုး ဘာသာရေးရယ်၊ ပညာရေးရယ်ပေါ့နော်။ အဲဒါမျိုးတွေရှိနေတော့ အဲဒါမျိုးတွေထက် ပိုပြီးတော့ လုပ်ရမယ့်ဟာလေးတွေလည်း  ပါတာပေါ့” ဟု YMBA အသင်းဥက္ကဋ္ဌ ဦးရဲ ထွန်းက ပြောကြားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းချုပ် (YMBA) က မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော် ချီးမြှင့် ခြင်းနှင့် အသင်းချုပ်၏ ရာသက်ပန်ဂုဏ်ထူးဆောင် နာယကကြီးအဖြစ် အခမ်းအနားပြု လုပ်၍ ခန့်အပ်ခဲ့သည်။

ယင်းအခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ သမိုင်းအစဉ်အလာကြီးမားပြီး မြန်မာ့လွတ်လပ်ရေး ဦးဆောင်အဖွဲ့ကြီးဖြစ်သည့် နှစ်ပေါင်း ၁၁၃ နှစ်သက်တမ်းရှိပြီဖြစ်သော YMBA အသင်းကြီး၏ ဂုဏ်ထူးဆောင် နာယကကြီးအဖြစ် ချီးမြှင့်ခန့်အပ်ခြင်းခံရသည့်အတွက် များစွာဂုဏ်ယူမိကြောင်း၊ အမျိုး၊ ဘာသာ၊ သာသနာနှင့် ပညာကို စောင့်ရှောက်ခြင်း၊ နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းများကို တစိုက်မတ်မတ်ဆောင်ရွက်ခြင်း၊ သာသနာရေးကိစ္စများ စွမ်းစွမ်းတမံ ဆောင်ရွက်ခြင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားအောင် တပ်မတော်အား ခေတ်မီတပ်မတော်ဖြစ်အောင် ဆောင်ရွက်ခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ခြင်း၊ ဘာသာလူမျိုးမခွဲခြားဘဲ လူသားချင်းစာနာသော ခေါင်းဆောင်ကောင်း စိတ်ဓာတ်ရှိခြင်း စသည့်အချက် ခြောက်ချက်ဖြင့် ခန့်အပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း ကြားသိရ၍ ထပ်ဆင့် ဂုဏ်ယူဝမ်း မြောက်မိကြောင်း ပြောကြားခဲ့သည်။

ယင်းအခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဟာမင်္ဂလဓမ္မဇောတိကဓဇ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တော်ဖြစ် သည့် စလွယ်တော်၊ လည်ဆွဲတံဆိပ်တော်၊ ရင်ထိုးတံဆိပ်တော်နှင့် ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်တော်တို့အား ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ် (YMBA) ဥက္ကဋ္ဌ ဦးရဲထွန်း က ချီးမြှင့်အပ်နှင်းပေးပြီး အသင်းချုပ်ကြီး၏ ရာသက်ပန်ဂုဏ်ထူးဆောင်နာယကကြီးအဖြစ် ဂုဏ်ပြုခန့်အပ်မှုကိုလည်း  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လက်ခံရယူခဲ့သည်။