နိုင်ငံတကာတွင် ဖြစ်ပေါ်နေသည့် စီးပွားရေး စိန်ခေါ်မှုများကြောင့် မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်းကို မထိခိုက်နိုင်သော်လည်း အခြေခံအဆောက်အအုံ၊ ဘဏ်စနစ်နှင့် စီးပွားရေးယှဉ်ပြိုင်နိုင်မှု အားကောင်းလာရေး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ဘဏ် ဘောဂဗေဒပညာရှင် အကြီးအကဲ Andrew D. Mason က သုံးသပ်ပြောကြားသည်။
အောက်တိုဘာ ၁၀ ရက်က ရန်ကုန်မြို့ရှိ World Bank Myanmar ရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုကို ယခုကဲ့သို့ သုံးသပ်ပြောကြား ခဲ့ခြင်းဖြစ်သည်။
“ထုတ်ကုန်ပိုင်းမှာ ရင်းနှီးမြှုပ်နှံမှု အားကောင်းဖို့ ဘဏ်စနစ်နဲ့ ရင်းနှီးမြှုပ်နှံမှုမှာ ပြုပြင်ပြောင်းလဲပေးဖို့ လိုပါတယ်။ တရုတ်- အမေရိကန် တင်းမာမှု၊ နိုင်ငံတကာက ဘာတွေပဲဖြစ်နေဖြစ်နေ ကောင်းမွန်တဲ့ အလားအလာရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု အခြေခံ အဆောက်အအုံ အခွင့်အရေး၊ စီးပွားရေး ယှဉ်ပြိုင်နိုင်မှုတွေ ပိုမိုအားကောင်းစေရန်အတွက် ဆောင်ရွက်ရမယ်” ဟု Andrew D. Mason က သုံးသပ်ပြောကြားသည်။
အရှေ့အာရှနှင့် ပစိဖိတ်ဒေသ၏ ဖွံ့ဖြိုးဆဲတိုင်းပြည်များ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ၂၀၁၈ ခုနှစ်တွင် ၆ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ၅ ဒသမ ၈ ရာ ခိုင်နှုန်းသို့ လည်းကောင်း၊ ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တွင် ၅ ဒသမ ၆ ရာခိုင်နှုန်းသို့ လည်းကောင်း အသီးသီး ကျဆင်းသွားသည်ဟု ခန့်မှန်းထားသည်။
ယင်းကဲ့သို့ ကျဆင်းရခြင်းက ပြည်ပပို့ကုန်လုပ်ငန်းနှင့် ကုန်ထုတ်လုပ်ရေး လုပ်ငန်းများ၌ အထွေထွေ ကျဆင်းခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
သို့သော်လည်း မြန်မာနိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် ၆ ဒသမ ၆ ရာခိုင်နှုန်းရှိရာမှ ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တွင် ၆ ဒသမ ၇ ရာခိုင်နှုန်းနှင့် ၆ ဒသမ ၈ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။
ကုန်သွယ်ရေး တင်းမာမှုများ တိုးမြှင့်လာသည့်အတွက် ဒေသတွင်း တိုးတက်မှုနှုန်းကို ရှေရှည်တွင် ခြိမ်းခြောက်မှုများ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း သိရသည်။
တချို့နိုင်ငံများအနေဖြင့် ကမ္ဘာ့ကူးသန်းရောင်းဝယ်ရေး အခင်းအကျင်းအား နေရာပြန်လည်ချထားခြင်းမှ အကျိုးအမြတ်ရရှိစေရန် မျှော်လင့်နေသော်လည်း ကမ္ဘာ့စျေးကွက် တန်ဖိုးမြှင့် ကွင်းဆက်များ၏ ပြုလွယ်ပြင်လွယ် မရှိမှုကြောင့် လောလောဆယ်တွင် ဒေသတွင်း နိုင်ငံများအတွက် အကျိုးဖြစ်ထွန်းမှုကို အကန့်အသတ် ဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။
“ကုမ္ပဏီများစွာက သွင်းကုန်စည်းကြပ်ခွန်ကို ရှောင်ရှားဖို့နည်းလမ်း ရှာဖွေနေကြပေမယ့် ကမ္ဘာ့စျေးကွက်ထဲက တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကို အစားထိုးဖို့ ဖွံ့ဖြိုးဆဲ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသတွင်း နိုင်ငံများအတွက် ခဲယဉ်းပါလိမ့်မယ်။ ဒါဟာ အခြေခံ အဆောက်အအုံ မလုံလောက်ခြင်းနဲ့ ထုတ်လုပ်မှုအတိုင်းအတာ သေးငယ်တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်” ဟု အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ဘဏ် ဘောဂဗေဒပညာရှင် အကြီးအကဲ Andrew D. Mason က ပြောကြားသည်။
မြန်မာနိုင်ငံ၌ လက်ရှိအစိုးရလက်ထက် ထုတ်ပြန်ထားသည့် စီမံကိန်းဘဏ် (Project Bank) ရှိကြောင်း၊ ယင်းစီမံကိန်းဘဏ်တွင် မြန်မာနိုင်ငံအတွင်း ဆောင်ရွက်မည့် စီမံကိန်းများ၊ ဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော်မည့် စီမံကိန်းများ ပါဝင်ကြောင်း၊ ယင်းစီမံကိန်းများ၊ အခြေခံအဆောက်အအုံနှင့် ပတ်သက်သည့် လုပ်ငန်းကြီးများကို လာမည့်နှစ်တွင် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
“အခြေခံအဆောက်အအုံနဲ့ ပတ်သက်တဲ့လုပ်ငန်းကြီးတွေ လာမယ့်နှစ်မှာ ဖိတ်ခေါ်ဖို့ရှိတယ်။ အဲဒီတော့ အခြေခံ အဆောက်အအုံနဲ့ ပတ်သက်တဲ့ လုပ်ငန်းကြီးတွေက ဘာပဲပြောပြော ရင်းနှီးမြှုပ်နှံမှု အကြီးကြီးဝင်တဲ့ လုပ်ငန်းမျိုးပေါ့နော်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားသည်။
ထို့ပြင် ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများ တင်ဒါခေါ်မည် ဆိုပါက သန်းပေါင်းများစွာသော စီမံကိန်းများ ဝင်လာနိုင်ကြောင်း သိရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၌ သီလဝါ အထူးစီးပွားရေးဇုန် အပါအဝင် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၄ ဒသမ ၅၂ ဘီလျံကျော်နှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ် ၁၆၉၀ ဘီလျံကျော် ဝင်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။
“၂၀၁၈-၂၀၁၉ အတွင်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက ကာလတူထက် တော်တော်များများ ပိုပေမဲ့ လျာထားချက်ကိုတော့ မီခဲ့ခြင်း မရှိပါဘူး” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးသန့်စင်လွင်က ပြောကြားသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၌ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅ ဒသမ ၈ ဘီလျံ ဝင်ရောက်ရန် မျှော်မှန်းထားကြောင်း သိရသည်။