အန်ဆူဖာတီကို ယခုနှစ်အတွင်း စပိန်အသင်း၌ တွေ့မြင်ရဖွယ်ရှိ

အန်ဆူဖာတီကို ယခုနှစ်အတွင်း စပိန်အသင်း၌ တွေ့မြင်ရဖွယ်ရှိ
Photos : Getty Images
Photos : Getty Images
Published 12 October 2019

ဘာစီလိုနာအသင်း၏ အသက် (၁၆)နှစ်အရွယ် လူငယ်ကစားသမား အန်ဆူဖာတီအား ယခုနှစ်အတွင်း စပိန်လက်ရွေးစင်အသင်း၌ တွေ့မြင်ရဖွယ်ရှိသည်ဟု စပိန်မီဒီယာများက ဖော်ပြခဲ့သည်။

၂၀၀၂ ခုနှစ်အောက်တိုဘာလ (၃၁)ရက်နေ့တွင်မွေးဖွားခဲ့သော အန်ဆူဖာတီအား သူ၏မွေးရပ်ဇာတိမြေဖြစ်သည့် ဂီနီဘစ်ဆောနိုင်ငံမှ ဘောလုံးတာဝန်ရှိသူများက ဂီနီဘစ်ဆောလက်ရွေးစင်အသင်းတွင် ပါဝင်ကစားရန် ကမ်းလှမ်းသော်လည်း

၄င်းကငြင်းဆန်ခဲ့ကြောင်း သိရှိရသည်။

သူ၏မိဘမျိုးရိုးမှတ်တမ်းအရ အန်ဆူဖာတီမှာ ပေါ်တူဂီလက်ရွေးစင်အသင်းတွင်လည်း ကစားခွင့်ရှိနေကြောင်း သိရှိရသည်။

အန်ဆူဖာတီသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက စပိန်နိုင်ငံသားခံယူခွင့်ရရှိခဲ့ပြီး စပိန်ဘောလုံးတာဝန်ရှိသူများ၏ ပြောစကားအရ ၄င်းကိုလက်ရွေးစင်အသင်းတွင် ရွေးချယ်ရန်နီးစပ်နေပြီဖြစ်ကြောင်း သိရှိရသည်။

ယခုလကုန်ပိုင်းတွင် စတင်ကျင်းပရန်ရှိသည့် ဖီဖာယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် စပိန်ယူ-၁၇ အသင်း၌ အန်ဆူဖာတီအား ထည့်သွင်းရွေးချယ်ခြင်းမပြုခဲ့ဘဲ ချန်လှပ်ခဲ့ပြီး၊ ယင်းကဲ့သို့ချန်လှပ်ခဲ့ခြင်းမှာ လက်ရွေးစင်အသင်းကြီးအတွက် ဖြစ်သည်ဟု စပိန်လူငယ်အသင်းအားကစားဒါရိုက်တာ ဖရစ္စကိုဟာနန်ဒက်ဇ်က ပြောကြားခဲ့သည်။

" သူ့ကို ယူ-၁၇ အသင်းလူစာရင်းမှာ မရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့အနေနဲ့ ဒီထက်ပိုကောင်းတဲ့ နေရာတစ်ခုမှာ ကစားခွင့်ရသင့်တယ်လို့ ကျွန်တော်တို့ ယူဆခဲ့တာကြောင့် မရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။ စပိန်လက်ရွေးစင်အသင်းကြီးမှာ သူအမြန်ဆုံး အောင်မြင်လာစေဖို့ ကျွန်တော်တို့အလိုရှိပါတယ်" ဟုပြောကြားခဲ့သည်။

အန်ဆူဖာတီသည် ယခုရာသီ လာလီဂါပွဲစဉ် အိုဆာဆူနာ (၂-၂) ဘာစီလိုနာပွဲတွင် အသင်းအတွက် သူ၏ပွဲဦးထွက်ဂိုးကို သွင်းယူပေးခဲ့ပြီး ဘာစီလိုနာအသင်း၏ အသက်အငယ်ဆုံး လာလီဂါဂိုးသွင်းသူအဖြစ် (၁၆ နှစ်၊ ၃၀၄ ရက်ဖြင့်) စံချိန်တင်နိုင်ခဲ့သည်။

 

Most Read

Most Recent