မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့တွင် နှစ်စဉ် ကျင်းပလေ့ရှိသည့် ဆင်အကအလှပြိုင်ပွဲ၌ ပြိုင်ပွဲဝင်စရိတ် ကြီးမြင့်မှုကြောင့် ကျောက်ဆည်ရိုးရာ ဆင်အကပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်သူ နည်းပါးလားကြောင်း ဆင်အက အလှပြိုင်ပွဲဝင်သူ ရွှေစင်မောင် ဆင်ပိုင်ရှင် ဦးစိုးရွှေက ပြောကြားသည်။
မြန်မာနိုင်ငံမှာသာမက ပြည်ပနိုင်ငံများမှ ကမ္ဘာလှည့် ခရီးသွားများပါ စိတ်ဝင်စားကြသည့် မြန်မာ့ရိုးရာ ကျောက်ဆည်ဆင် အလှူပွဲတော်နှင့် ဆင်အကအလှ ပြိုင်ပွဲကို သီတင်းကျွတ်လဆန်း ၁၄ ရက်တွင် ကျောက်ဆည်မြို့ရှိ ရွှေသာလျောင်း တောင်ခြေတွင် ကျင်းပသွားမည်ဖြစ်ရာ လက်ရှိတွင် ပွဲတော်ကာလ ကျရောက်တော့မည် ဖြစ်သဖြင့် ဆင်အက ကပြနိုင်ရေးအတွက် ကြိုတင်စီစဉ်နေကြကြောင်း သိရသည်။
“ဖောင်ရွာသစ်ရပ်ကွက်ကနေ ဆင်ပြိုင်ပွဲကို ၁၉၈၉ ၁၉၉၀ ၁၉၉၁ ၁၉၉၂ လေးနှစ်ဆက်တိုက် ဆုရခဲ့ပါတယ်။ ဒီနောက်ပိုင်းပြိုင်ပွဲ မပြိုင်ဖြစ်ခဲ့တာဆို ၃၁နှစ်ရှိခဲ့ပါပြီ။ ဒီနှစ်ကျ ကျွန်တော်ညီငယ်တွေ မျိူးဆက်သစ်တွေနဲ့ ပြန်လည်ယှဉ်ပြိုင်ခြင်း ဖြစ်ပါတယ်။ ဆုက ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင် သွားမှာပါ။ ဘာကြောင့် နှစ်တွေအများကြီး မပြိုင်ဖြစ်တာလဲဆိုတော့ ငွေကြေးက အများကြီး ကုန်ကျစရိတ် ရှိလာပါတယ်။ ခေတ်အခြေအနေက တိုးတက်ပြီး ပြောင်းလဲလာတယ်။ ပြိုင်ပွဲစရိတ်ကို အရမ်းသုံးစွဲကြတယ်။ ကျွန်တော်တို့ အနေနဲ့က ငွေကြေးမသုံးစွဲနိုင်သည့်အတွက် ဆင်ပြိုင်ပွဲကို မယှဉ်ပြိုင်တာလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ပြိုင်တုန်း အဖွဲ့ဝင်တွေ အဝေးရောက်တာတို့၊ လူစုကွဲသလို ဖြစ်တာပေါ့။ အခက်အခဲက အများကြီး ရှိပါတယ်။ ဒါကြောင့်မို့ မယှဉ်ပြိုင်တာဖြစ်ပါတယ်။အကောင်းဆုံး ယှဉ်ပြိုင်သွားမယ်။ ဆုကြီးတော့ မမျှော်လင့်ပါဘူး ကိုယ်ရဲ့ဝါသနာနဲ့ ရိုးရာအမွေကို ထိန်းသိမ်းတဲ့အနေနဲ့ ပြန်လည်ပြိုင်တဲ့ အခါကျ ကိုယ့်ထက်သာပြီး ငွေကြေးအရမ်း သုံးစွဲသူတွေ ရှိတဲ့အတွက် ပရိသတ်အားပေးတဲ့ဆုနဲ့ ဒိုင်တွေ ကျေနပ်အားပေးတဲ့ လက်ခံမှုကို မှန်းထားပါတယ်။ အရင်ကပြိုင်တဲ့အနေအထား နဲ့ အခုအနေအထားက အရမ်းကြီး ကွာခြားသွားပါပြီ။ အရင်တုန်းက ဟွန်းစက်နဲ့ လမ်းလျှောက်ပြီး ပြိုင်ကြရတယ်။ အခုခေတ် ကားပေါ် အသံချဲ့စက်တွေတင်ပြီး ပြိုင်ရတယ်။ အခုပြိုင်မှာက ရိုးရာအကြီးတန်း ဖြစ်ပါတယ်” ဟု ဖောင်ရွာသစ်ရပ်က သမိုင်းအစဉ်အလာ မျိုးချစ်မြန်မာရင်သွေးငယ်များ ရိုးရာဆင်အဖွဲ့ခေါင်းဆောင် ကိုဝေက ပြောကြားခဲ့သည်။
ယခင်က ဆင်အကအလှပြိုင်ပွဲသို့ ကျောက်ဆည်ခရိုင် အတွင်းရှိ ကျေးရွာအများစုမှ ပါဝင်ယှဉ်ပြိုင် ကြသော်လည်း ၂၀၀၄ ခုနှစ်နောက်ပိုင်းတွင် ပုဂ္ဂလိကပိုင်ဆင်များ ပေါ်လာပြီးနောက် ပြိုင်ပွဲဝင်စရိတ် ကြီးမြင့်မှုကြောင့် ကျေးရွာပိုင် ဆင်အများစုမှ ပါဝင်ယှဉ်ပြိုင်လာခြင်း မရှိတော့ကြောင်း၊ ယင်းသို့ ဆင်အကအလှ ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်လာခြင်း မရှိသော်လည်း ဆင်အလှူပွဲတော်နှင့် ဆင်အကအလှပြိုင်ပွဲ ပွဲတော်ဖွင့်ပွဲကိုမူ တက်ရောက်ကြကြောင်း၊ ယခုကဲ့သို့ ကျေးရွာပိုင် ဆင်အများစုမှ ပါဝင်ယှဉ်ပြိုင်လာခြင်း မရှိသည့်အပေါ် ကုန်ကျစရိတ် သက်သာပြီး ပြန်လည်ပါဝင် ယှဉ်ပြိုင်လာစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် နွေရာသီတွင် အခြေခံ ဆင်ချိုးပညာ၊ ဆင်အကပညာ၊ ဒိုးတီး၊ နှဲမှုတ် စသည့် ပညာရပ် သင်တန်းလေးများ ဖွင့်ပေးပါက အဆိုအတီးအက ပညာရပ်များ ကျွမ်းကျွင်မည့် ဒေသခံများ ထွက်ပေါ်လာနိုင်သဖြင့် သင်တန်းများကို ဖွင့်ပေးစေလိုကြောင်း ၎င်းကပြောကြားသည်။
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ ဆင်လှူပွဲတော် ဆင်အကအလှပြိုင်ပွဲကို သီတင်းကျွတ်လဆန်း ၁၄ ရက် (အောက်တိုဘာ ၁၂) တွင် ကျင်းပမည်ဖြစ်ရာ ပါဝင်ယှဉ်ပြိုင်မည့် ဆင်အဖွဲ့များ အနေဖြင့် အောက်တိုဘာ ၉ ရက်တွင် ကျင်းပရေး ကော်မတီသို့ စာရင်းသွင်းကြရမည်ဖြစ်ကြောင်း ဆင်ပြိုင်ပွဲ ကျင်းပရေးကော်မတီထံမှ သိရသည်။
ပြိုင်ပွဲဝင် ဆင်အသင်းများ အနေဖြင့် ဆင်အမျိုးအစား၊ ဆင်အမည်၊ ရပ်ကွက်ကျေးရွာ၊ ဆင်သက်တမ်း၊ ဆင်ပြိုင်ပွဲဝင် အကြိမ်အရေတို့ကို ဖော်ပြ၍ ဆင်အဖွဲ့ဝင် ၂၅ ဦး (ဆင်အက နောက်/ရှေ့နှစ်ဦးမပါ) ဖြင့် စာရင်းတင်သွင်း ကြရမည်ဖြစ်သည်။
ကျောက်ဆည်ရိုးရာ ဆင်အကအလှပြိုင်ပွဲကို ရိုးရာဆင်၊ ဘော်ကြယ်ဆင်၊ ရိုးရာဆင် (အငယ်တန်း)၊ သက်ရှိဆင်နှင့် မခြားရိုးရာဆင် အမျိုးအစား လေးမျိုးခွဲ၍ ပြိုင်ပွဲကျင်းပမည်ဖြစ်ရာ ယခင်နှစ် ၄၁ ကြိမ်မြောက်ပြိုင်ပွဲတွင် ရိုးရာဆင် ကိုးစီး၊ ဘော်ကြယ်ဆင် လေးစီး၊ ရိုးရိုးသဘာဝဆင် သုံးစီး၊ ရိုးရာဆင် (အငယ်တန်း) လေးစီး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ဆုရအသင်းများကို ပြိုင်ပွဲကျင်ပရေးကော်မတီမှ ဆုအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့၌ သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့နှင့် လပြည့်နေ့တို့တွင် နှစ်စဉ်နှစ်တိုင်း ဆင်အလှပြ၊ ဆင်အကပြိုင်ပွဲများ ဆင်လှူပွဲတော်နှင့်အတူ ဆွမ်းတော်ကြီး ကပ်လှူပွဲကို အနော်ရထာမင်းကြီး လက်ထက်မှ ယနေ့တိုင်အောင် ကျင်းပလာခဲ့သည်မှာ နှစ်ပေါင်း ၉၀၀ ကျော် ရှိသွားပြီဖြစ်ကြောင်း ဒေသခံများက ပြောပြသည်။















