ကုန်စျေးနှုန်း ကမောက်ကမ ဖြစ်စေသည့် ရွှေစျေးကစားမှုများကို နိုင်ငံတော်အစိုးရနှင့် ပြည်သူများကပါ လိုလားမှုမရှိကြောင်း စီးပွား/ကူးသန်း ဒုတိယဝန်ကြီး ပြောကြား

ကုန်စျေးနှုန်း ကမောက်ကမ ဖြစ်စေသည့် ရွှေစျေးကစားမှုများကို နိုင်ငံတော်အစိုးရနှင့် ပြည်သူများကပါ လိုလားမှုမရှိကြောင်း စီးပွား/ကူးသန်း ဒုတိယဝန်ကြီး ပြောကြား
Published 8 October 2019
သိင်္ဂီဝင်းထွန်း

ကုန်စျေးနှုန်းများကို ကမောက်ကမ ဖြစ်စေသည့် ရွှေစျေးကစားမှုများအား နိုင်ငံတော်အစိုးရနှင့် ပြည်သူများကပါ လိုလားမှု မရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

“လူတိုင်းက ရွှေကို တန်ဖိုးထား စုဆောင်းကြတဲ့အရာ ဖြစ်သလို ဒီသတ္တုပေါ်မှာ အခြေခံပြီး စျေးကစားမှု တွေကိုလည်း ပြုလုပ်လေ့ရှိကြတယ်။ ရွှေတန်ဖိုးတည်ငြိမ်မှုဟာ စီးပွားရေးစနစ်ရဲ့ တည်ငြိမ်မှုကိုလည်း ပြသပါတယ်။ ဒါကြောင့် ရွှေကိုစစ်မှန်တဲ့ ငွေကြေးရဲ့စံချိန်နဲ့ ပံ့ပိုးသိုလှောင်တဲ့ အရာတစ်ခု ဖြစ်ပေါ်စေလိုပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေး တည်ငြိမ်မှုကိုလည်း အထောက်အကူပြုစေ လိုပါတယ်။ ကုန်စျေးနှုန်းတွေကို ကမောက်ကမ ဖြစ်စေတဲ့ ရွှေစျေးကစားမှုတွေကို နိုင်ငံတော်အစိုးရရော ပြည်သူများကပါ လိုလားမှု မရှိကြပါဘူး။ ပြည်သူများနဲ့ နိုင်ငံတော်က လိုလားတဲ့ စီးပွားရေး တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုဖို့အတွက် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းချုပ်ကို ဖွဲ့စည်းခဲ့တာလည်း ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ ရွှေစျေးကွက်ကို ထူထောင်နိုင်ရန်နှင့် လူများ၏ စိတ်ထဲတွင် ဖြစ်ပေါ်နေသော သံသယအတွေးများကို ပပျောက်စေရန်အတွက် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အနေဖြင့် ကြိုးပမ်း ဆောင်ရွက်စေလိုကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

“မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများကလည်း ရွှေလုပ်ငန်းတစ်ရပ် ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာနိုင်ငံ ရွှေစျေးကွက်မှာ ဖြစ်ပေါ်နေတဲ့ စျေးနှုန်းများ တည်ငြိမ်မှု ရှိရေးတို့အတွက် ထိန်းညှိပေးစေ ချင်ပါတယ်။ နိုင်ငံတကာ ရွှေစျေးကွက်ကို ထူထောင်မယ်ဆိုတဲ့ စကားက မကြာခင်က ပြောကြားခဲ့ပေမယ့် မြန်မာနိုင်ငံက နိုင်ငံတကာ ရွှေစျေးကွက်ကို ထူထောင်နိုင်မလားဆိုတဲ့ လူတွေရဲ့စိတ်ထဲမှာ သံသယ ဝင်နေကြတာတွေ ရှိပါတယ်။ ဒီသံသယတွေကို ပယ်ဖျောက်ဖို့ကိုလည်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အနေနဲ့ ကြိုးပမ်းဆောင်ရွက် စေချင်ပါတယ်” ဟု ဦးအောင်ထူးက ပြောကြားသည်။

ရွှေထုတ်ကုန် ပစ္စည်းများ စျေးကွက်ရရှိရေး၊ မြန်မာ့အနုပညာ ရတနာပစ္စည်းများ ပြည်တွင်းပြည်ပ စျေးကွက်များကို တိုးချဲ့လုပ်ကိုင် ဆောင်ရွက်မှုများအား မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက် စေလိုကြောင်း ၎င်းက ပြောကြားသည်။

“မကြာခင်က ပေါ်ပေါက်ခဲ့တဲ့ ကမ္ဘာ့ရွှေစျေးကွက်ရဲ့ လှုပ်ခတ်မှုဟာ မြန်မာနိုင်ငံကို ကြီးစွာရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်။ ဒီအခြေအနေကို မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်အသင်းက ကောင်းကောင်းထိန်းသိမ်း ပေးတာကိုလည်း တွေ့ရပါတယ်။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုး နောက်တစ်ခါ ပေါ်ပေါက်လာရင် ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲ ဆိုတာကလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံရဲ့ ငွေကြေးတည်ငြိမ်မှုနဲ့ ရွှေစျေးကွက် တည်ငြိမ်မှုဟာ ဆက်စပ်နေတဲ့သဘော ရှိပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။

မြန်မာနိုင်ငံ ရွှေစျေးကွက်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အိန္ဒိယနိုင်ငံကြားတွင် ကူးလူးဆက်ဆံနေသည့် သဘောရှိပြီး၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံကြား ရွှေစျေးကွက်အား စနစ်တကျ မချိတ်ဆက်ထားပါက ရွှေထုတ်လုပ်မှု အနည်းအကျဉ်းသာရှိသော မြန်မာနိုင်ငံသည် ရွှေစျေးကမောက်ကမ ဖြစ်မှုများကို ပိုမိုကြုံတွေ့ရနိုင်ကြောင်း  ဦးဖြိုးမင်းသိန်းက ဆိုသည်။

ကမ္ဘာ့ရွှေစျေးသည် အောက်တိုဘာ ၈ ရက်တွင် ဒေါ်လာ ၁၅၀၀ ကျော် ဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး ပြည်တွင်း ရွှေစျေးမှာ ကျပ် ၁၂ သိန်းကျော်ဝန်းကျင် ရှိခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။             

 

Most Read

Most Recent