UEFA ဥက္ကဋ္ဌဟောင်း ပလာတီနီ၏ လေးနှစ်ပယ်ပြစ်ဒဏ် ယနေ့ ပြီးဆုံးမည် ဘောလုံးလောကသို့ ပြန်လာမည်ဖြစ်ပြီး အခြေအနေနှင့် အချိန်ကို မဆုံးဖြတ်ရသေးဟုဆို

UEFA ဥက္ကဋ္ဌဟောင်း ပလာတီနီ၏ လေးနှစ်ပယ်ပြစ်ဒဏ် ယနေ့ ပြီးဆုံးမည် ဘောလုံးလောကသို့ ပြန်လာမည်ဖြစ်ပြီး အခြေအနေနှင့် အချိန်ကို မဆုံးဖြတ်ရသေးဟုဆို
ဇွန် ၁၈ ရက်က ပြင်သစ်ခြစားမှုတိုက်ဖျက်ရေးအဖွဲ့၏ စစ်ဆေးမှုခံရခြင်းအတွက် ပလာတီနီနှင့် ရှေ့နေဖြစ်သူကို သတင်းထောက်များက မေးမြန်းနေစဉ် (Photo – AFP)
ဇွန် ၁၈ ရက်က ပြင်သစ်ခြစားမှုတိုက်ဖျက်ရေးအဖွဲ့၏ စစ်ဆေးမှုခံရခြင်းအတွက် ပလာတီနီနှင့် ရှေ့နေဖြစ်သူကို သတင်းထောက်များက မေးမြန်းနေစဉ် (Photo – AFP)
Published 6 October 2019

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ဥက္ကဋ္ဌဟောင်း ပလာတီနီ ၏ ဘောလုံးလောကနှင့် ပတ်သက်ခွင့် လေးနှစ်ပယ်ပြစ်ဒဏ်မှာ အောက်တိုဘာ ၇ ရက် (ယနေ့)တွင် ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။

အသက် ၆၄ နှစ်ရှိပြီဖြစ်သည့် ပလာတီနီသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌဟောင်း ဘလတ္တာထံမှ ယူရိုနှစ်သန်း လက်ခံရယူမှုကြောင့် ၎င်းနှင့်အတူ ပြစ်ဒဏ်ကျခံနေရခြင်း ဖြစ်သည်။ ပြင်သစ် လက်ရွေးစင်ဘောလုံးသမားဟောင်း ပလာတီနီသည် Ballon d`Or (ရွှေဘောလုံးဆု) ကို ၁၉၈၃၊ ၁၉၈၄၊ ၁၉၈၅ သုံးနှစ် ဆက်တိုက်ရရှိခဲ့သူဖြစ်ပြီး ၂၀၀၇ ခုနှစ်တွင် UEFA ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရသည်။ ၎င်းသည် ဘောလုံးသမားဟောင်း ဘဝမှ UEFA ဥက္ကဋ္ဌအဖြစ် ပထမဆုံးရွေးချယ်ခံရသူ ဖြစ်လာပြီး ၂၀၁၆ FIFA ဥက္ကဋ္ဌရွေးကောက်ပွဲတွင် ဘလတ္တာ၏နေရာ အစားထိုးနိုင်မည့်သူအဖြစ် ရေပန်းစားခဲ့သည်။ သို့သော် ရွေးကောက်ပွဲမတိုင်မီ လအနည်းငယ် အလိုမှာပင် ၂၀၁၁ ခုနှစ်အတွင်း ဘလတ္တာထံမှ ယူရိုနှစ်သန်း လက်ခံရယူခဲ့ခြင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးခံခဲ့ရပြီး ခြစားမှုစွဲချက်မှ လွတ်မြောက်ခဲ့သော်လည်း အာဏာအလွဲသုံးမှုအတွက် အပြစ်ရှိသဖြင့် ဘောလုံးလောကနှင့် ပတ်သက်ခွင့် ခြောက်နှစ်၊ ဘလတ္တာက ရှစ်နှစ် ပိတ်ပင်ခံခဲ့ရသည်။ နှစ်ဦးစလုံးက ပြစ်ဒဏ်ကို အယူခံဝင်ရာ ပလာတီနီက လေးနှစ်နှင့် ဘလတ္တာ က ခြောက်နှစ်သို့ လျှော့ချခွင့်ရရှိခဲ့ပြီး ပလာတီနီ၏ပြစ်ဒဏ်မှာ အောက်တိုဘာ ၇ ရက် (ယနေ့) ပြီးဆုံးမည် ဖြစ်ကြောင်း ပြင်သစ်အခြေစိုက် AFP သတင်းဌာနက ဖော်ပြသည်။

ပလာတီနီ၏ ပြစ်ဒဏ်ပြီးဆုံးခြင်းနှင့်ပတ်သက်၍ AFP သတင်းဌာနက လက်ရှိ FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုထံ ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခြင်းမရှိကြောင်း သိရသည်။ ပလာတီနီကမူ ဘောလုံးလောကသို့ ပြန်လာမည်ဖြစ်သော်လည်း အခြေအနေနှင့် အချိန်ကို မဆုံးဖြတ်ရသေးကြောင်း ပြီးခဲ့သည့် လက ဆွစ်ဇာလန်ရုပ်သံ RTS သို့ ပြောကြားထားသည်။ “ကျွန်တော် ပြန်လာမှာပါ။ ဘယ်တော့ပြန်လာမလဲ၊ ဘယ်လိုပုံစံနဲ့ ပြန်လာမလဲဆိုတာတော့ မသိသေးပါဘူး” ဟု ၎င်းက ဆိုသည်။ ထို့ပြင် ပြင်သစ်နိုင်ငံ ထုတ် Le Monde သတင်းစာနှင့် တွေ့ဆုံစဉ် ပလာတီနီက “ကျွန်တော့်ဆီမှာ ကမ်းလှမ်းမှုတွေ အများကြီးရထားပါတယ်။ ယူရိုနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘောလုံးကျွမ်းကျင်သူအဖြစ် ဆောင်ရွက်ဖို့ တောင်းဆိုမှုတွေရထားပါတယ်” ဟု ပြောကြား ထားသည်။ နာမည်ကြီး ပြင်သစ်သတင်းစာ L`Equipe နှင့် အင်တာဗျူးတွင်မူ ၎င်းက “ကျွန်တော့်ဇနီးကတော့ ဘယ်တော့မှပြန်မလုပ်ဖို့ ပြောပါတယ်။ ကျွန်တော့်ပြစ်ဒဏ်က အောက်တိုဘာမှ ပြီးဆုံးမှာပါ။ နောက်ဆုံး FIFA ဥက္ကဋ္ဌရွေးကောက်ပွဲက မေလမှာ ကျင်းပခဲ့တာဖြစ်လို့ နောက်တစ်ကြိမ်ထပ်လုပ်ဖို့ လေးနှစ်ကြာဦး မှာပါ” ဟု ပြောကြားသည်။

UEFA နှင့်နီးစပ်သည့် သတင်း ရင်းမြစ်တစ်ဦးကမူ လက်ရှိ UEFA ဥက္ကဋ္ဌ ဆယ်ဖယ်ရင်အနေဖြင့် ၂၀၂၃ ခုနှစ် FIFA ဥက္ကဋ္ဌရွေးကောက်ပွဲတွင် ပလာတီနီကို ထောက်ခံအားပေးဖွယ်ရှိကြောင်း ပြောကြားသည်။ ပလာတီနီသည် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကာတာကို မဲပေးခဲ့ခြင်းနှင့် ပတ်သက်၍ ဇွန်လအတွင်း ခြစားမှုတိုက်ဖျက်ရေးအဖွဲ့၏ ခေါ်ယူစစ်ဆေးမှုခံခဲ့ရသေးသည်။

 

Most Read

Most Recent