အင်္ဂလန်နည်းပြရာထူးအတွက် မေးမြန်းမှုကို မိမိအနေဖြင့် မည်သည့်ဆုံးဖြတ်ချက်မျှ မချမှတ်ရသေး၍ ဘာမဆိုဖြစ်နိုင်သည်ဟု ဂွါဒီယိုလာ တုံ့ပြန်

အင်္ဂလန်နည်းပြရာထူးအတွက် မေးမြန်းမှုကို မိမိအနေဖြင့် မည်သည့်ဆုံးဖြတ်ချက်မျှ မချမှတ်ရသေး၍ ဘာမဆိုဖြစ်နိုင်သည်ဟု ဂွါဒီယိုလာ တုံ့ပြန်
Photo: X
Photo: X
Published 14 October 2024

မန်စီးတီးနည်းပြ ဂွါဒီယိုလာက အီတလီရုပ်သံအစီအစဉ်တစ်ခုတွင် အင်္ဂလန်နည်းပြရာထူးအတွက် မေးမြန်းမှုကို မိမိအနေဖြင့် မည်သည့်ဆုံးဖြတ်ချက်မျှ မချမှတ်ရသေး၍ ဘာမဆိုဖြစ်နိုင်သည်ဟု တုံ့ပြန်ခဲ့ကြောင်း သိရသည်။

နာမည်ကျော် အီတလီရုပ်သံအစီအစဉ်တစ်ခုဖြစ်သည့် Che Tempo Che Fa က ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ဂွါဒီယိုလာနှင့် တွေ့ဆုံမေးမြန်းမှုအစီအစဉ်ကို တင်ဆက်ခဲ့ခြင်းဖြစ်ပြီး အင်္ဂလန်နည်းပြရာထူးနှင့် ပတ်သက်သည့်မေးခွန်းလည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။

ယင်းအစီအစဉ်တွင် စီးရီးအေကလပ် ဘရက်စီယာအသင်း၌ နည်းပြ ကာလိုမက်ဇိုနီ၊ နာမည်ကျော်တိုက်စစ်ကစားသမား ရောဘတ်တိုဘက်ဂီယိုတို့နှင့် တွဲဖက်ကစားခဲ့ရသည့် အတွေ့အကြုံများ၊ မန်စီးတီးအသင်းနှင့် အနာဂတ်၊ အင်္ဂလန်အသင်းနှင့် ထွက်ပေါ်နေသည့် သတင်းများကိုလည်း မေးမြန်းခဲ့ခြင်းဖြစ်သည်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်သည် ဆောက်ဂိတ်နှင့် လမ်းခွဲခဲ့ပြီးနောက် အစားထိုးရန် နည်းပြသစ်ရွေးချယ်နေရာ ထိပ်တန်းနည်းပြများစွာကို ပစ်မှတ်ထားနေသည့်အနက် ဂွါဒီယိုလာမှာ နံပါတ်(၁)ဦးစားပေးဖြစ်ကြောင်း သတင်းထွက်နေသည်။

ဂွါဒီယိုလာသည် မန်စီးတီးအသင်းနှင့် လာမည့်နွေရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်းနှင့် အတွဲညီခဲ့သည့် ဘောလုံးဒါရိုက်တာ ဘီဂီရီစတိန်း လမ်းခွဲတော့မည်ဖြစ်၍ ၎င်းလည်း လမ်းခွဲဖွယ်ရှိကြောင်း သတင်းထွက်လာသည်။

ထို့ကြောင့် အင်္ဂလန်နည်းပြ ဖြစ်လာတော့မှာလားဟု မေးမြန်းခဲ့ရာ ဂွါဒီယိုလာက ''ဒါ မမှန်ပါဘူး။ ကျွန်တော် မန်စီးတီးနည်းပြပါ။ ကျွန်တော် ဘာကိုမှ မဆုံးဖြတ်ရသေးပါဘူး။ ကျွန်တော် ဆုံးဖြတ်ချက်တစ်ခု ချထားပြီးပြီဆိုရင် အဲဒါကို ပြောမှာပါ။ အခုတော့ ဘာမဆိုဖြစ်နိုင်ပါတယ်''ဟု ပြောကြားခဲ့သည်။

ဘရက်စီယာတွင် အသင်းဖော်ဖြစ်ခဲ့ဖူးသည့် ဘက်ဂီယိုကို ဂွါဒီယိုလာက ချီးကျူးပြောဆိုမှုများ ပြုလုပ်ခဲ့သလို၊   စီးရီးအေတွင် နည်းပြအဖြစ် ဆောင်ရွက်ဖွယ်ရှိသလားဟု မေးမြန်းခဲ့ရာတွင်လည်း ''ဘက်ဂီယိုက ကျွန်တော့်ရဲ့ လက်ထောက်အဖြစ် ဆောင်ရွက်မယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်''ဟု တုံ့ပြန်ခဲ့သည်။

ယင်းအစီအစဉ်တွင် ဘက်ဂီယိုနှင့် ၎င်းကို တိုက်ရိုက်ချိတ်ဆက်၍ စကားပြောစေခဲ့ကြောင်းလည်း သိရသည်။

ဘောလုံးလောက၏ ထာဝရအကောင်းဆုံးကစားသမား မည်သူဖြစ်သနည်းဟူသည့် မေးခွန်းကို ဂွါဒီယိုလာက မက်ဆီသာဖြစ်ကြောင်း တုံ့ပြန်ဖြေဆိုခဲ့သည်။

''လီယွန်နယ်မက်ဆီက အမြဲတမ်း ထာဝရအကောင်းဆုံးကစားသမားပါ။ ကျွန်တော့်အနေနဲ့ ပီလီနဲ့ ဒီယေဂိုမာရာဒိုနာတို့ကို လေးစားမှုမရှိသလို ဖြစ်နိုင်ပေမဲ့ မက်ဆီလောက် တသမတ်တည်းခြေစွမ်းပြနိုင်တဲ့သူ မရှိပါဘူး။ သူက ပြိုင်ဘက်ကင်းတဲ့သူပါ''ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။

ချန်ပီယံလိဂ်၌ မဆုံတွေ့လိုသည့်အသင်းမှာ ဘာစီလိုနာဟုလည်း ၎င်းက ဆိုခဲ့သည်။

Most Read

Most Recent